မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကြင်ဖော်မဲ့မိဘတစ်ဦးဖြစ်ငြား အောင်မြင်ပျော်ရွှင်နိုင်

ကြင်ဖော်မဲ့မိဘတစ်ဦးဖြစ်ငြား အောင်မြင်ပျော်ရွှင်နိုင်

ကြင်ဖော်မဲ့မိဘတစ်ဦးဖြစ်ငြား အောင်မြင်ပျော်ရွှင်နိုင်

ကမ္ဘာတစ်ဝန်းတွင် မိစုံဖစုံရှိသောမိသားစုဟူသည် မျိုးသုဉ်းတော့မည့် ရှားပါးတိရစ္ဆာန်ကဲ့သို့ ဖြစ်နေပြီဟုဆိုကြ၏။ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းတွင် ကြင်ဖော်မဲ့မိဘ ၁၃ သန်းကျော်ရှိပြီး အများစုမှာ ကြင်ဖော်မဲ့မိခင်များဖြစ်ကြသည်။ ထိုနိုင်ငံရှိ ကလေးအားလုံး၏ ထက်ဝက်ခန့်သည် ဆယ်ကျော်သက်အရွယ်တွင် ကြင်ဖော်မဲ့မိဘနှင့်သာ နေထိုင်ရလိမ့်မည်ဟု သုတေသနပြုချက်က ဖော်ပြသည်။

သင်သည် ကြင်ဖော်မဲ့မိဘတစ်ဦးဖြစ်လျှင် သင့်မိသားစုဘဝအောင်မြင်နိုင်ကြောင်း စိတ်ချပါလေ။ အောက်ပါအကြံပြုချက်များကို စမ်းကြည့်ပါ။

အပျက်သဘောထားများကို ရှောင်ပါ။ “ဆင်းရဲငြိုငြင်သောသူ၏ နေ့ရက်ရှိသမျှသည် ဆိုး၏။ ရွှင်လန်းသောစိတ်နှလုံးမူကား အစဉ်ခံရသောပွဲဖြစ်၏” ဟုကျမ်းစာက ဆိုသည်။ (သု. ၁၅:၁၅) သင့်ဘဝသည် ပွဲခံသကဲ့သို့ ဖြစ်ချင်မှဖြစ်ပေမည်။ သို့သော် ရွှင်လန်းခြင်းဟူသည် လူတစ်ဦး၏အခြေအနေပေါ်တွင် မမူတည်ဘဲ သူ၏စိတ်သဘောနှင့် ပို၍သက်ဆိုင်သည်ဟု ဤကျမ်းချက်ကဖော်ပြသည်။ (သု. ၁၇:၂၂) သင့်ကလေးများ ဘဝပျက်ပြီ၊ သင့်မိသားစု လုံးလုံးပြိုကွဲနေပြီဟု စဉ်းစားခြင်းသည် အကျိုးမရှိချေ။ ထိုသဘောထားများက သင့်ကိုစိတ်ပျက်စေပြီး သင့်မိဘဝတ္တရားများကို ထမ်းဆောင်ရာတွင် အခက်တွေ့စေမည်။—သု. ၂၄:၁၀

အကြံပြုချက်သင့်အခြေအနေကို ဖော်ပြရာတွင် အသုံးပြုသော အပျက်သဘောဆောင်သည့် အသုံးအနှုန်းများကို စာရင်းပြုစုပြီး တစ်ခုချင်းစီ၏ဘေးတွင် အပြုသဘောဆောင်သော အသုံးအနှုန်းများကို ရေးချပါ။ ဥပမာ၊ “ငါမတတ်နိုင်တော့ဘူး” အစား “ကြင်ဖော်မဲ့မိဘတစ်ဦးအနေနဲ့ ငါ့တာဝန်ကို ငါကျေပွန်နိုင်ပြီး ငါလိုအပ်တဲ့အကူအညီကို ရနိုင်တယ်” ဟုရေးချပါ။ဖိလိပ္ပိ ၄:၁၃

ဘတ်ဂျက်ဆွဲပါ။ ကြင်ဖော်မဲ့မိဘများ၊ အထူးသဖြင့် ကြင်ဖော်မဲ့မိခင်များအတွက် ငွေကြေးပြဿနာသည် အခက်ခဲဆုံးဖြစ်သည်။ သို့တိုင် တစ်ခါတစ်ရံ၊ ဘတ်ဂျက်ကောင်းစွာဆွဲခြင်းက ငွေကြောင့်ခံစားရသည့် စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်သည်။ “စဉ်းစားဉာဏ်ရှိသူတို့သည် မိမိတို့ကြုံတွေ့ရမည့်ဒုက္ခကို ကြိုတင်တွေ့မြင်၍ ရှောင်ရှားတတ်ကြ၏” ဟုကျမ်းစာက ဆိုသည်။ (သု. ၂၂:၃ခမ) ငွေကြေးဆိုင်ရာ “ဒုက္ခ” ကို ရှောင်ရှားနိုင်ရန် ကြိုတင်စဉ်းစားဖို့လိုသည်။

အကြံပြုချက်စာရွက်ပေါ်တွင် ဘတ်ဂျက်ဆွဲပါ။ တစ်လလျှင် ငွေမည်မျှသုံးသည်၊ ဘာအတွက်သုံးသည်၊ မည်သို့သုံးသည်တို့ကို မှတ်တမ်းထားပါ။ အမြဲ အကြွေးယူတတ်သလော။ မိဘမစုံ၍ဟုဆိုကာ သင့်ကလေးများကို ပစ္စည်းများ ဝယ်ပေးလေ့ရှိသလော။ သင့်ကလေးများ သိတတ်သည့်အရွယ်ရောက်ပြီဆိုလျှင် ငွေကို မည်သို့ချွေတာနိုင်ကြောင်း အကြံထုတ်စေပါ။ ထိုသို့ပြုခြင်းက သူတို့ကို လေ့ကျင့်ပေးရာရောက်သည့်အပြင် သူတို့တွင်လည်း လက်တွေ့ကျအကြံဉာဏ်များ ရှိပေမည်။

သင့်အိမ်ထောင်ဖက်ဟောင်းနှင့် ပြေပြေလည်လည် ဆက်ဆံပါ။ သင်သည် ကလေးများကို ပူးတွဲအုပ်ထိန်းခွင့်ရလျှင် သင့်အိမ်ထောင်ဖက်ဟောင်းကို အပုပ်ချခြင်း၊ ကလေးများအား သူ့အကြောင်း ထောက်လှမ်းစေခြင်းတို့သည် မကောင်းသောကြောင့် ယင်းသို့မပြုလုပ်မိရန် သတိထားပါ။ * ဆုံးမသွန်သင်ခြင်း သို့မဟုတ် သင့်ကလေး၏ကောင်းကျိုးကိုဖြစ်စေသော ကိစ္စများနှင့်ပတ်သက်၍ သင့်အိမ်ထောင်ဖက်ဟောင်းနှင့် ပြေပြေလည်လည်ပူးပေါင်းလုပ်ဆောင်ခြင်းက သာ၍ကောင်းပါသည်။ “သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအားလုံးနှင့် သင့်မြတ်စွာနေကြလော့” ဟုကျမ်းစာဆိုရာတွင် သင့်အိမ်ထောင်ဖက်ဟောင်းလည်း ပါဝင်သည်။—ရောမ ၁၂:၁၈

အကြံပြုချက်– နောင်တွင် သဘောထားကွဲလွဲမှုပေါ်ပေါက်လျှင် သင့်အိမ်ထောင်ဖက်ကို သင့်အလုပ်ဖော်တစ်ဦးအဖြစ် ဆက်ဆံပါ။ သင်သည် အလုပ်ခွင်တွင် လူတိုင်းနှင့်၊ သင်သဘောမကျနိုင်သူများနှင့်ပင် သင့်မြတ်ရန် ကြိုးစားပေမည်။ သင့်အိမ်ထောင်ဖက်ဟောင်းကိုလည်း ထိုသို့ဆက်ဆံပါ။ သင်တို့နှစ်ဦးသည် အမြဲ သဘောထားတိုက်ဆိုင်မှတိုက်ဆိုင်မည်ဖြစ်သော်လည်း အသေးအမွှားကိစ္စကို ပုံကြီးမချဲ့ပါနှင့်။—လုကာ ၁၂:၅၈

ပုံသက်သေကောင်းပြပါ။ သင့်ကိုယ်သင် ဤသို့မေးပါ– ‘ငါ့ကလေးတွေကို ဘယ်လိုကျင့်ဝတ်စံနှုန်းနဲ့သဘောထားတွေ မွေးမြူစေချင်သလဲ။ ငါကိုယ်တိုင်ကော အဲဒီကျင့်ဝတ်စံနှုန်းနဲ့သဘောထားတွေ တင်ပြနေသလား။’ ဥပမာ၊ သင်သည် ကြင်ဖော်မဲ့မိဘတစ်ဦးဖြစ်သည့်တိုင် ပျော်ပျော်နေတတ်သလော။ သင့်ဘဝအခြေအနေကြောင့် စိတ်ပျက်မှိုင်တွေနေသလော။ သင့်အိမ်ထောင်ဖက်ဟောင်း၏လုပ်ရပ်ကို နာကြည်းခံပြင်းနေသလော။ သို့မဟုတ် သင်မဖြေရှင်းနိုင်သော မတရားမှုများကြား အလိုက်အထိုက် နေတတ်သလော။ (သု. ၁၅:၁၈) ယင်းတို့ကို အောင်မြင်စွာရင်ဆိုင်နိုင်ရန် မလွယ်ကူသည်မှာ မှန်ပါသည်။ သို့တိုင် သင့်ကလေးများသည် ဘဝအပေါ် သင်ထားရှိသည့်သဘောထားမျိုးကို တုပနိုင်ဖွယ်ရှိသည်။

အကြံပြုချက်– သင့်ကလေးများ ကြီးပြင်းလာသည့်အခါ သူတို့တစ်ဦးစီတွင်ရှိစေလိုသည့် အရည်အသွေးသုံးခုကို စာရွက်ပေါ်တွင် ရေးချပါ။ * အရည်အသွေးတစ်ခုစီ၏ဘေးတွင် ယင်းကို သင့်ကလေးမွေးမြူနိုင်ရန် ယခု သင် အဘယ်ပုံသက်သေပြနိုင်သည်ကို ရေးချပါ။

သင့်ကိုယ်သင် ဂရုစိုက်ပါ။ ဗျာများသည့်ဘဝက သင့်ကာယပိုင်းနှင့်စိတ်ပိုင်း ကျန်းမာရေးကို အလွယ်တကူထိခိုက်စေနိုင်သည်။ ထိုသို့အဖြစ်မခံပါနှင့်။ ‘ဘုရားသခင်ကို မှီခိုခြင်း’ သည် မရှိမဖြစ်လိုအပ်သောအရာဖြစ်၏။ (မဿဲ ၅:၃) ဆီမရှိသောကားသည် ခရီးမရောက်နိုင်သကဲ့သို့ သင်လည်း အချိန်ယူ၍ ‘အားမဖြည့်’ ပါက ဘဝခရီးဆက်နိုင်မည်မဟုတ်ပါ။

“ရယ်ရသောအချိန်” နှင့် “ကခုန်ရသောအချိန်” လည်းရှိ၏။ (ဒေ. ၃:၄) အနားယူအပန်းဖြေခြင်းသည် အချိန်ဖြုန်းနေခြင်းမဟုတ်ပါ။ ယင်းက ကြင်ဖော်မဲ့မိဘတစ်ဦးအနေနှင့် ရှေ့ဆက်နိုင်ရန် သင့်ကို အားသစ်လောင်းပေးသည်။

အကြံပြုချက်– အခြားကြင်ဖော်မဲ့မိဘများ မည်သို့နေထိုင်ကြကြောင်း သိရှိရန် သူတို့နှင့် ပြောဆိုဆွေးနွေးကြည့်ပါ။ “သာ၍အရေးကြီးသောအရာများကို သေချာစွာ သိစေရန်” ကြိုးစားနေစဉ် သင်ကြိုက်နှစ်သက်ရာတစ်ခုခုကို လုပ်ဆောင်ဖို့ ပတ်စဉ် အချိန်အနည်းငယ်ယူနိုင်သလော။ (ဖိလိပ္ပိ ၁:၁၀) သင်လုပ်ဆောင်လိုသည့်အရာ၊ လုပ်ဆောင်ရန် စီစဉ်ထားချိန်တို့ကို ရေးချပါ။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 11 “လေးစားမှု၊” “အကျိုးသင့်အကြောင်းသင့်ရှိမှု၊” နှင့် “ခွင့်လွှတ်မှု” အစရှိသည်တို့ကို ဤမဂ္ဂဇင်း၏ စာမျက်နှာ ၆-၈ တွင် ဆွေးနွေးထားသည်။