မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လက်မထပ်မီ အတူနေခြင်းကို ကျမ်းစာ မည်သို့ဆိုသနည်း

လက်မထပ်မီ အတူနေခြင်းကို ကျမ်းစာ မည်သို့ဆိုသနည်း

သမ္မာကျမ်းစာရှုထောင့်

လက်မထပ်မီ အတူနေခြင်းကို ကျမ်းစာ မည်သို့ဆိုသနည်း

အဝတ်တစ်ထည်ကို အရင်စမ်းဝတ်မကြည့်ဘဲ သင်ဝယ်မည်လော။ ထိုသို့ပြုမည်မဟုတ်။ နောက်ပိုင်းမှ ထိုအဝတ် သင်နှင့်မတော်ကြောင်း သိရလျှင် အချိန်ကုန်၊ ငွေကုန်ဖြစ်ပေမည်။

လူအများစုသည် အိမ်ထောင်ရေးကို ထိုသို့သဘောထားကြသည်။ လင်မယားအဖြစ် ကတိသစ္စာမပြုမီ အတူနေခြင်းသည် ပိုကောင်းမည်ဟု ယူဆကြသည်။ ‘တကယ်လို့ အဆင်မပြေရင် ကွာရှင်းရလို့ ဖြစ်လာမယ့် အရှုပ်အထွေးနဲ့ ငွေကြေးအကုန်အကျတွေမရှိဘဲ လမ်းခွဲနိုင်တယ်’ ဟု သူတို့ဆင်ခြင်ကြသည်။

ထိုသို့ယူဆသူအချို့မှာ မတော်မတရားဆက်ဆံခံနေရသော အိမ်ထောင်သည်မိတ်ဆွေတစ်ဦး၏အဖြစ်ကို တွေ့ဖူး၍ဖြစ်မည်။ သို့မဟုတ် အချစ်မပါသောအိမ်ထောင်ရေး၏ နာကြည်းဝမ်းနည်းဖွယ် အကျိုးဆက်များကို ကိုယ်တွေ့မြင်ဖူး၍ဖြစ်မည်။ သို့ဖြစ်၍ လက်မထပ်မီအတူနေခြင်းကို ပညာရှိလုပ်ရပ်အဖြစ် ရှုမြင်ကြပေမည်။

ဤကိစ္စနှင့်ပတ်သက်၍ သမ္မာကျမ်းစာရှုထောင့်ကား အဘယ်နည်း။ အဖြေရရန် အိမ်ထောင်မင်္ဂလာနှင့်ပတ်သက်၍ ဘုရားသခင်မိန့်တော်မူရာကို ဦးဆုံးသုံးသပ်ကြည့်ဖို့လိုသည်။

“တစ်သားတစ်ကိုယ်တည်း”

အိမ်ထောင်မင်္ဂလာကို မြင့်မြတ်ရာအဖြစ် ရှုမြင်ရန် ကျမ်းစာအားပေးသည်မှာ အဆန်းမဟုတ်ပါ၊ အကြောင်းမှာ ဘုရားသခင်သည် မိမိ၏အခွင့်အာဏာဖြင့် ယင်းကို အစပြုထားသောကြောင့် ဖြစ်သည်။ (ကမ္ဘာဦး ၂:၂၁-၂၄) ယောက်ျားနှင့်မိန်းမတို့သည် အိမ်ထောင်ပြုခြင်းဖြင့် “တစ်သားတစ်ကိုယ်တည်း” ဖြစ်လာရန် အစကတည်းက ယေဟောဝါ ရည်ရွယ်တော်မူသည်။ (ကမ္ဘာဦး ၂:၂၄) ယင်းအကြောင်းဖော်ပြထားသော ထိုကျမ်းချက်ကို ယေရှုကိုးကားပြီးနောက် “ဘုရားသခင်တွဲဖက်ထားသူတို့ကို မည်သူမျှ မခွဲမခွာစေနှင့်” ဟုမိန့်တော်မူ၏။—မဿဲ ၁၉:၆

လက်ထပ်သူအချို့သည် နောက်ပိုင်းတွင် ကွာရှင်းကြသည်မှာ မှန်ပါသည်။ * သို့သော် ထိုသို့ဖြစ်သည့်အခါ အိမ်ထောင်မင်္ဂလာကိုယ်နှိုက်၏ ချို့ယွင်းချက်ကြောင့် မဟုတ်ဘဲ အိမ်ထောင်ဖက်တစ်ဦးက သို့မဟုတ် နှစ်ဦးစလုံးက အိမ်ထောင်ရေးကတိသစ္စာအတိုင်း မနေထိုင်ကြသောကြောင့် ဖြစ်သည်။

ဥပမာ၊ မောင်နှံတစ်စုံ၌ ကားတစ်စီးရှိသည်။ သို့သော် သူတို့သည် ထုတ်လုပ်သူ၏ ညွှန်ကြားချက်အတိုင်း ယင်းကို ပြုပြင်ထိန်းသိမ်းခြင်း မပြုကြ။ ကားပျက်စီးသွားလျှင် မည်သူ့အပြစ်နည်း။ ထုတ်လုပ်သူလော။ ပြုပြင်ထိန်းသိမ်းမှု မှန်မှန်မလုပ်သော ကားပိုင်ရှင်လော။

အဆိုပါမူသည် အိမ်ထောင်ရေးနှင့်လည်း သက်ဆိုင်သည်။ ယောက်ျားနှင့်မိန်းမတို့သည် မိမိတို့ဆက်ဆံရေးကို ထိန်းသိမ်းပြီး ကျမ်းစာမူများနှင့်အညီ ပြဿနာများကိုဖြေရှင်းပါက ကွာရှင်းဖို့အကြောင်း မရှိသလောက်ပင်။ အိမ်ထောင်သည်တို့သည် တစ်ယောက်နဲ့တစ်ယောက် ကတိသစ္စာပြုထားသောကြောင့် လုံခြုံသည်ဟု ခံစားကြရသည်။ ထိုအခါ အိမ်ထောင်မင်္ဂလာတွင် မေတ္တာပါသောဆက်ဆံရေး ရှိလာသည်။

‘မတရားမေထုန်ပြုခြင်းကို ကြဉ်ရှောင်လော့’

သို့သော် အချို့က ဤသို့တွေးကြမည်– ‘ကတိသစ္စာမပြုခင် အစမ်းသဘောနဲ့ အတူနေကြည့်ရင် မကောင်းဘူးလား၊ ဒီလိုလုပ်မယ်ဆိုရင် အိမ်ထောင်ရဲ့မြင့်မြတ်မှုကို အလေးထားရာရောက်တယ် မဟုတ်လား။’

ကျမ်းစာအဖြေမှာ ရှင်းပါသည်။ ပေါလုက ‘မတရားမေထုန်ပြုခြင်းကို ကြဉ်ရှောင်လော့’ ဟုရေးခဲ့သည်။ (၁ သက်သာလောနိတ် ၄:၃) “မတရားမေထုန်ပြုခြင်း” ဟူသော အသုံးအနှုန်းသည် အိမ်ထောင်ပြင်ပ လိင်ဆက်ဆံမှု မှန်သမျှကို ရည်ညွှန်းသည်။ ၎င်းတွင် လက်ထပ်ဖို့ရည်ရွယ်ထားသည့်တိုင် လက်မထပ်ဘဲ အတူနေသူနှစ်ဦး လိင်ဆက်ဆံခြင်း ပါဝင်သည်။ သို့ဖြစ်၍ မောင်နှံတစ်စုံသည် နောက်မှလက်ထပ်ရန် ရည်ရွယ်ထားလျှင်ပင် လက်မထပ်မီ အတူနေခြင်းသည် သမ္မာကျမ်းစာအရ မှားသည်။

သမ္မာကျမ်းစာရှုထောင့်သည် ခေတ်နောက်ကျသွားပြီလော။ အချို့က ထိုသို့ယူဆကြပေမည်။ အမှန်မှာ၊ လက်ထပ်ရန် ရည်ရွယ်ချက်ရှိရှိ၊ မရှိရှိ လက်မထပ်ဘဲ အတူနေခြင်းသည် နိုင်ငံများစွာတွင် သာမန်ကိစ္စ ဖြစ်နေသည်။ သို့သော် အကျိုးဆက်များကို သုံးသပ်ကြည့်ပါ။ လက်မထပ်ဘဲ အတူနေသူတို့သည် မိသားစုအောင်မြင်မှု၏ လျှို့ဝှက်ချက်ကို တွေ့ရှိကြပြီလော။ လက်ထပ်သည့် မောင်နှံစုံများထက် သူတို့ပို၍ ပျော်ရွှင်ကြသလော။ လက်မထပ်ဘဲ အတူနေသော မောင်နှံစုံများသည် လက်ထပ်ပြီးနောက် သစ္စာတရား ပိုကြီးမားလာကြသလော။ ထိုသို့မဟုတ်ကြောင်း လေ့လာမှုများက ဖော်ပြသည်။ အမှန်အားဖြင့်၊ လက်မထပ်မီ အတူနေခဲ့ကြသော အိမ်ထောင်သည်မောင်နှံစုံများတွင် ပြဿနာပိုများလာကာ ကွာရှင်းခြင်းဖြင့် အဆုံးသတ်ကြသည်။

ပညာရှင်အချို့က ထိုလေ့လာတွေ့ရှိချက်များသည် အမှားမကင်းဟု ဆိုကြ၏။ “အတူမနေဘဲ လက်ထပ်သူများနှင့် အတူနေပြီးမှ လက်ထပ်သူများသည် အစကတည်းက သဘောထားမတူကြ” ဟု စိတ်ပညာရှင်တစ်ဦးက ရေးသားသည်။ လက်မထပ်မီ အတူနေခြင်း၊ မနေခြင်းက အဓိကမဟုတ်၊ “အိမ်ထောင်ကို တန်ဖိုးထားခြင်း” က အဓိကဖြစ်သည်ဟု သူအခိုင်အမာဆိုသည်။

ထိုသို့မှန်လျှင်ပင် သူ၏အဆိုသည် အိမ်ထောင်မင်္ဂလာနှင့်ပတ်သက်၍ ဘုရားသခင်၏အမြင်ကို မွေးမြူဖို့ အရေးကြီးကြောင်း ထင်ရှားစေသည်။ သမ္မာကျမ်းစာက “လူအပေါင်းတို့ရှေ့တွင် မင်္ဂလာဆောင်ခြင်းအမှုကို ဂုဏ်အသရေရှိစေလော့” ဟုဆို၏။ (ဟေဗြဲ ၁၃:၄) ယောက်ျားနှင့်မိန်းမသည် တစ်သားတစ်ကိုယ်တည်းအဖြစ် နေထိုင်ရန် ကတိသစ္စာပြုပြီးနောက် အိမ်ထောင်မင်္ဂလာကို ဂုဏ်တင်သောအခါ အလွယ်တကူမပြတ်နိုင်သော နှောင်ကြိုးရှိလာကြသည်။—ဒေ. ၄:၁၂

ထို့ကြောင့် အစတွင်ဖော်ပြသော ဥပမာအရ အဝတ်တစ်ထည် မဝယ်မီ အစမ်းဝတ်ကြည့်ခြင်းက သဘာဝကျပါသည်။ သို့သော် ထိုသဘောတရားသည် လက်မထပ်မီ အတူနေရန် ဆိုလိုခြင်းမဟုတ်ပါ။ ယင်းအစား၊ အိမ်ထောင်ဖက်အဖြစ် ရည်မှန်းထားသူအကြောင်း ကောင်းစွာသိရန် အချိန်ယူရမည်ကို ဆိုလိုသည်။ အရေးကြီးသော်လည်း လျစ်လျူရှုခံရလေ့ရှိသော ဤအချက်သည် အောင်မြင်သော မိသားစုများ၏ လျှို့ဝှက်ချက်တစ်ခုဖြစ်သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 သမ္မာကျမ်းစာအရ အိမ်ထောင်ဖက်တစ်ဦးဦးက အိမ်ထောင်ပြင်ပ လိင်ဆက်ဆံမှုပြုမှသာ ကွာရှင်းနိုင်၊ ပြန်လက်ထပ်နိုင်သည်။—မဿဲ ၁၉:၉

သင်စဉ်းစားဖူးသလော

▪ သမ္မာကျမ်းစာက မိမိအိမ်ထောင်ဖက်နှင့်သာ လိင်ဆက်ဆံရန် အဘယ်ကြောင့် ကန့်သတ်ထားသနည်း။ —ဆာလံ ၈၄:၁၁; ၁ ကောရိန္သု ၆:၁၈

▪ သင့်အိမ်ထောင်ဖက်ထံမှ အဘယ်အရည်အသွေးများကို မျှော်လင့်သင့်သနည်း။—ရုသ ၁:၁၆၊ ၁၇; သု. ၃၁:၁၀-၃၁

[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်]

“မိမိခန္ဓာကိုယ်ကိုပင် ပြစ်မှား၏”

သမ္မာကျမ်းစာက “မတရားမေထုန်ပြုလေ့ရှိသောသူမူကား မိမိခန္ဓာကိုယ်ကိုပင် ပြစ်မှား၏” ဟုဖော်ပြသည်။ (၁ ကောရိန္သု ၆:၁၈) မကြာသေးမီ ဆယ်စုနှစ်များတွင် အေ့ဒ်စ်နှင့် လိင်မှတစ်ဆင့် ကူးစက်သော တခြားရောဂါများကြောင့် လူသန်းပေါင်းများစွာ သေဆုံးနေခြင်းက အဆိုပါစကားများ မှန်ကြောင်း ဖော်ပြသည်။ ထိုမျှမကသေးပါ။ လိင်စိတ်အားကြီးသော လူငယ်များကြားတွင် စိတ်ဓာတ်ကျခြင်းနှင့် မိမိကိုယ်ကိုသတ်သေရန် ကြိုးစားခြင်းတို့ ဖြစ်လေ့ရှိကြောင်း လေ့လာချက်များက ဖော်ပြသည်။ လိင်ရှုပ်ပွေမှုကလည်း မလိုချင်သော ကိုယ်ဝန်ရစေပြီး တစ်ခါတစ်ရံ ကလေးဖျက်ချသည့်အထိ ဖြစ်သွားစေနိုင်သည်။ ဤအချက်များကိုထောက်သော် ကျမ်းစာ၏ကျင့်ဝတ်စည်းမျဉ်းသည် ခေတ်နောက်မကျ ဟုကောက်ချက်ချနိုင်ပါသည်။