မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လျှို့ဝှက်ချက် ၅– အကျိုးသင့်အကြောင်းသင့်ရှိခြင်း

လျှို့ဝှက်ချက် ၅– အကျိုးသင့်အကြောင်းသင့်ရှိခြင်း

လျှို့ဝှက်ချက် ၅– အကျိုးသင့်အကြောင်းသင့်ရှိခြင်း

“သင်တို့၏အကျိုးသင့်အကြောင်းသင့်သဘောကို . . . ထင်ရှားစေကြလော့။”—ဖိလိပ္ပိ ၄:၅

ဆိုလိုသည့်အရာ။ အောင်မြင်သောအိမ်ထောင်တွင် လင်ယောက်ျားနှင့်ဇနီးသည် အချင်းချင်း၏အမှားများကို ခွင့်လွှတ်ကြသည်။ (ရောမ ၃:၂၃) သူတို့သည် သားသမီးများကို အလွန်စည်းကမ်းတင်းကျပ်ခြင်း မရှိသကဲ့သို့ အလွန်အလိုလိုက်ခြင်းလည်း မရှိပေ။ သူတို့သည် အကျိုးသင့်အကြောင်းသင့်ရှိသော မိသားစုစည်းမျဉ်းများကို ချမှတ်ကြသည်။ ဆုံးမပဲ့ပြင်ဖို့လိုသောအခါတွင်လည်း “အတော်အတန်ဆုံးမ” ကြသည်။—ယေရမိ ၃၀:၁၁

အရေးကြီးရသည့်အကြောင်းရင်း။ “အထက်မှဉာဏ်ပညာမူကား . . . အကျိုးသင့်အကြောင်းသင့်သဘောရှိ၏” ဟုကျမ်းစာကဆိုသည်။ (ယာကုပ် ၃:၁၇) ဘုရားသခင်ကိုယ်တိုင်ပင် မစုံလင်သောလူသားများထံမှ စုံလင်မှုကို မတောင်းဆိုလျှင် အိမ်ထောင်သည်အချင်းချင်းလည်း အဘယ်ကြောင့် တောင်းဆိုရမည်နည်း။ အသေးအဖွဲအမှားများကို အစဉ်ပြစ်တင်ဝေဖန်နေခြင်းသည် စိတ်နာကြည်းခြင်းကိုသာ ဖြစ်ပေါ်စေပြီး အိမ်ထောင်ကို မသာယာစေပါ။ ထို့ကြောင့် “[ကျွန်ုပ်တို့] ရှိသမျှသည် ကြိမ်ဖန်များစွာ မှားတတ်ကြ” ကြောင်းလက်ခံခြင်းက အကောင်းဆုံးဖြစ်သည်။—ယာကုပ် ၃:၂

အောင်မြင်သောမိဘတို့သည် သားသမီးများနှင့်ဆက်ဆံရာတွင် အကျိုးသင့်အကြောင်းသင့်သဘောရှိကြသည်။ သူတို့၏စည်းမျဉ်းစည်းကမ်းများသည် တရားလွန်မဖြစ်သကဲ့သို့ သူတို့သည်လည်း “အလိုမကျနိုင်သော” မိဘများမဟုတ်ကြပါ။ (၁ ပေတရု ၂:၁၈) ယုံကြည်စိတ်ချနိုင်ကြောင်းတင်ပြသော ဆယ်ကျော်သက်သားသမီးများကို လွတ်လပ်ခွင့်ပေးကြသည်။ သူတို့သည် သားသမီးတို့၏ဘဝကိစ္စတိုင်းကို ထိန်းချုပ်ဖို့ မကြိုးစားကြပါ။ ကိုးကားချက်တစ်ခုအရ ဆယ်ကျော်သက်တစ်ဦး၏ဘ၀ကဏ္ဍရပ်တိုင်းကို ထိန်းချုပ်ရန်ကြိုးစားခြင်းသည်အချို့သောဓလေ့များတွင် “မိုးရွာစေရန် အားတက်သရောမောဟိုက်စွာမိုးခေါ်အက ကခြင်း(လွန်ဆွဲခြင်း) နှင့်တူသည်။ မိုးတော့ရွာမည်မဟုတ်ဘဲ နွမ်းလျရုံသာရှိမည်။”

ဤအရာကိုကြိုးစားကြည့်ပါ။ အောက်ပါမေးခွန်းများကိုဖြေဆိုခြင်းဖြင့် သင်၏အကျိုးသင့်အကြောင်းသင့်သဘော အဘယ်အဆင့်တွင်ရှိသည်ကို ဆန်းစစ်ပါ။

သင့်အိမ်ထောင်ဖက်ကို သင် နောက်ဆုံး မည်သည့်အချိန်တွင် ချီးမွမ်းခဲ့သနည်း။

သင့်အိမ်ထောင်ဖက်ကို မည်သည့်အချိန်တွင် သင် နောက်ဆုံးပြစ်တင်ဝေဖန်ခဲ့သနည်း။

သန္နိဋ္ဌာန်ချထားပါ။ သင်သည် ပထမမေးခွန်းကို ဖြေဆိုရခက်နေသော်လည်း ဒုတိယမေးခွန်းကို ဖြေဆိုရလွယ်ကူနေသည်ဆိုလျှင် အခြားသူများနှင့် ပို၍အကျိုးသင့်အကြောင်းသင့်ရှိနိုင်ရန် ပန်းတိုင်တစ်ခုချမှတ်ဖို့ စဉ်းစားကြည့်ပါ။

သင်တို့နှစ်ဦးစလုံးချနိုင်သော သန္နိဋ္ဌာန်များကို သင့်အိမ်ထောင်ဖက်နှင့် ဆွေးနွေးပါလေ။

ယုံကြည်စိတ်ချနိုင်ကြောင်းတင်ပြသော သင့်ဆယ်ကျော်သက်သားသမီးကို သင် ပေးနိုင်သော လွတ်လပ်မှုအချို့ကို စဉ်းစားကြည့်ပါ။

အိမ်ပြန်ချိန်သတ်မှတ်ချက်ကဲ့သို့သောကိစ္စများကို သင့်ဆယ်ကျော်သက်သားသမီးများနှင့် လွတ်လွတ်လပ်လပ်ဆွေးနွေးပါ။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သတိရှိသောယာဉ်မောင်းတစ်ဦးကဲ့သို့ အကျိုးသင့်အကြောင်းသင့်သဘောရှိသော မိသားစုဝင်များသည် အလျှော့ပေး လိုက်လျောရန် အသင့်ရှိကြ