မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိမ်ထောင်ရေး ပြိုကွဲမှု—ကွာရှင်းခြင်းက ဆယ်ကျော်သက်များကို ထိခိုက်စေနိုင်ပုံ

အိမ်ထောင်ရေး ပြိုကွဲမှု—ကွာရှင်းခြင်းက ဆယ်ကျော်သက်များကို ထိခိုက်စေနိုင်ပုံ

အိမ်ထောင်ရေး ပြိုကွဲမှု—ကွာရှင်းခြင်းက ဆယ်ကျော်သက်များကို ထိခိုက်စေနိုင်ပုံ

ပညာရှင်များက မည်သို့အကြံပေးရမည်ကို မိမိတို့သိရှိသည်ဟု ယူဆခဲ့ကြသည်။ အကျပ်ရိုက်နေသော အိမ်ထောင်အတွင်းရှိ မိဘများအား ‘သင့်ပျော်ရွှင်မှုကို အာရုံစိုက်ပါ၊ ကလေးများအတွက် စိတ်မပူနှင့်။ သူတို့သည် အလိုက်သင့်နေတတ်သည်။ တစ်ချိန်လုံး တကျက်ကျက်ရန်ဖြစ်နေသော မိဘများနှင့်အတူနေရသည်ထက် မိဘများ ကွာရှင်းလိုက်ခြင်းက သူတို့အတွက် ပို၍လွယ်ကူသည်’ ဟုပညာရှင်များက အကြံပေးခဲ့ကြသည်။

သို့သော် ကွာရှင်းခြင်းက အကောင်းဆုံးဖြေရှင်းနည်းဟု တစ်ချိန်က ယူဆခဲ့ကြသည့် အကြံပေးပုဂ္ဂိုလ်တချို့၏အမြင်မှာ ယခု ပြောင်းလဲသွားပေပြီ။ ‘ကွာရှင်းခြင်းဟာ စစ်ပွဲပဲ။ အိမ်ထောင်ဖက်တွေရော ကလေးတွေပါ ဒဏ်ရာကိုယ်စီရကြတယ်’ ဟုသူတို့ဆိုသည်။

လုပ်ဇာတ်ခင်းထားသော ကွာရှင်းခြင်း

အောက်ပါဇာတ်လမ်းသည် လူကြိုက်များသော တီဗွီဟာသဇာတ်လမ်းတစ်ပုဒ် ဖြစ်နိုင်သည်။ အဖေနှင့်အမေ ကွာရှင်းလိုက်ကြ၏။ အမေသည် ကလေးများကို အုပ်ထိန်းခွင့်ရသွားပြီး ယင်းနောက် ကလေးအဖေ မုဆိုးဖိုတစ်ဦးနှင့် လက်ထပ်လိုက်သည်။ မိနစ် ၃၀ ကြာသော ဇာတ်လမ်းတစ်လျှောက်တွင် တွဲဖက်မညီသော မိသားစုသည် ရယ်စရာကောင်းသော ပြဿနာများ တစ်ခုပြီးတစ်ခုကို အပတ်စဉ် ကြုံတွေ့ရပြီး ထိုပြဿနာများကို ဟာသဖောက်၍ အလွယ်တကူ ဖြေရှင်းသွားကြသည်။

အထက်ပါ တီဗွီဇာတ်လမ်းသည် ရယ်စရာကောင်းပုံပေါက်ပေမည်။ သို့သော် လက်တွေ့တွင်မူ ကွာရှင်းခြင်းသည် ရယ်စရာမဟုတ်ပေ။ ယင်းအစား အဖြစ်အပျက်မှာ ရင်နာစရာကောင်းပေသည်။ အမ်. ဂယ်ရီ နယူးမဲန်း၏စာအုပ် (Emotional Infidelity) တွင် ဤသို့ရေး၏– “ကွာရှင်းခြင်းတွင် တရားရေးကိစ္စများ ပါဝင်၏။ တစ်ဦးကိုတစ်ဦး တရားစွဲကြသည်။ ကွာရှင်းဖို့ သင်ဆုံးဖြတ်လိုက်သည်နှင့် သင့်ကလေးကို အုပ်ထိန်းခွင့်မရှိတော့ချေ။ ထို့ပြင် သင့်ငွေကြေးနှင့် သင်နေထိုင်မည့်နေရာကိုပင် လက်လွှတ်လိုက်ရသည်။ တရားရုံးတွင် ပြဿနာများကို ဖြေရှင်း၍ရနိုင်သည်၊ သို့သော် ရချင်မှလည်းရမည်။ နောက်ဆုံးတွင် သင့်အား ကလေးကို ဘယ်နှစ်ကြိမ် တွေ့ခွင့်ရမည်၊ ငွေမည်မျှ ထောက်ပံ့ရမည်တို့ကို ပြောပြသူမှာ သူစိမ်းဖြစ်သော တရားသူကြီး ဖြစ်နိုင်သည်။ သို့သော် တရားသူကြီးသည် သင်တွေးသကဲ့သို့ ထပ်တူထပ်မျှ မတွေးပါ။”

ကွာရှင်းခြင်းသည် ပြဿနာများကို ဖလှယ်ခြင်းသာဖြစ်သည်။ အမှန်မှာ နေရေးထိုင်ရေးမှအစ ငွေရေးကြေးရေးအထိ အစစအရာရာ ပြောင်းလဲသွားရာ ပိုကောင်းလာမည့်ပုံ မပေါ်ချေ။ ထို့ပြင် ကွာရှင်းခြင်းသည် ကလေးများကိုလည်း ထိခိုက်စေသည်။

ကွာရှင်းခြင်းနှင့် ဆယ်ကျော်သက်များ

ကွာရှင်းခြင်းသည် အသက်အရွယ်အမျိုးမျိုးရှိသော ကလေးများကို ထိခိုက်စေနိုင်ပါသည်။ သို့သော် ကွာရှင်းခြင်းသည် ဆယ်ကျော်သက်များအတွက် ပိုကောင်းသည်ဟု အချို့ကဆိုကြ၏။ ထို့ထက်ကား ဆယ်ကျော်သက်များသည် ပိုမိုရင့်ကျက်ပြီး မည်သို့ပင်ဖြစ်ပါစေ မိဘများနှင့် သူတို့ခွဲခွာကြမည်ဟု အချို့က ဆင်ခြင်ကြသည်။ သို့သော် သုတေသီများကမူ ယင်းကို အခြားတစ်ဖက်မှ ရှုမြင်ကြသည်။ ထိုအကြောင်းရင်းများကြောင့်ပင် ကွာရှင်းခြင်းသည် ဆယ်ကျော်သက်များကို အထိခိုက်ဆုံးဖြစ်နိုင်သည်ဟု သူတို့ တွေ့ရှိခဲ့ကြသည်။ * အောက်ပါတို့ကို သုံးသပ်ကြည့်ပါ–

▪ ဆယ်ကျော်သက်များသည် လူကြီးဘဝသို့ ကူးပြောင်းချိန်တစ်လျှောက်တွင် ကလေးဘဝကထက်ပင် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု အလွန်နည်းသွားသည်။ ဆယ်ကျော်သက်များသည် လွတ်လပ်မှုပိုရလိုသကဲ့သို့ ပြုမူကြခြင်းကြောင့် အထင်မမှားလိုက်ပါနှင့်၊ သူတို့သည် ခိုင်မြဲသော မိသားစုနှောင်ကြိုးကို တစ်ခါနှင့်မျှမတူအောင် လိုအပ်ကြသည်။

▪ ဆယ်ကျော်သက်များသည် တည်မြဲသော ရင်းနှီးမှုနှောင်ကြိုးဖွဲ့ရန် သင်ယူနေချိန်တွင် ကွာရှင်းခြင်းက ယုံကြည်စိတ်ချမှု၊ သစ္စာရှိမှုနှင့် မေတ္တာကဲ့သို့သောစံနှုန်းများကို သံသယဝင်ရန် သင်ပေးသည်။ နောက်ပိုင်းတွင် သူတို့သည် လူကြီးများဖြစ်လာသည့်အခါ ရင်းနှီးသောပေါင်းသင်းဆက်ဆံမှုကို လုံးဝရှောင်ကြဉ်ပေမည်။

▪ အသက်အရွယ်အသီးသီးရှိ ကလေးများသည် မိမိတို့၏နာကျင်မှုကို ဖော်ထုတ်ပြကြခြင်းမှာ သာမန်ဖြစ်သော်လည်း ဆယ်ကျော်သက်များကမူ သက်ငယ်ပြစ်မှု၊ အရက်နှင့်မူးယစ်ဆေးဝါး တလွဲသုံးမှုအပါအဝင် အန္တရာယ်ရှိသောနည်းများဖြင့် ဖော်ထုတ်နိုင်စရာအကြောင်းရှိသည်။

ကွာရှင်းကြသည့်မိဘများ၏ ဆယ်ကျော်သက်များသည် အခြားသူများနှင့် ရင်းနှီးသောဆက်ဆံရေးမရှိနိုင် သို့မဟုတ် အောင်မြင်သောအနာဂတ်မရှိနိုင်ဟု ယင်းကမဆိုလိုပါ။ သူတို့အောင်မြင်နိုင်ပါသည်၊ အထူးသဖြင့် မိဘနှစ်ပါးစလုံးနှင့် ဆက်ဆံရေးရှိလျှင်ဖြစ်သည်။ * သို့သော် ကွာရှင်းခြင်းသည် ကလေးများအတွက် အမြဲပိုကောင်းမည် သို့မဟုတ် အိမ်ထောင်ဖက်နှစ်ဦးစပ်ကြား တင်းမာမှုကို အဆုံးသတ်ပေးမည်ဟု အချို့ဆိုသကဲ့သို့ စဉ်းစားခြင်းမှာ ပညာမဲ့ရာကျသည်။ အမှန်မှာ အိမ်ထောင်ဖက်နှစ်ဦးသည် မကွာရှင်းမီကထက် ကွာရှင်းပြီးနောက် မိမိတို့၏ “သည်းမခံနိုင်သော” အိမ်ထောင်ဖက်နှင့် ပို၍ထိတွေ့ဆက်ဆံကြရပြီး ငွေကြေးထောက်ပံ့မှု သို့မဟုတ် ကလေးအုပ်ထိန်းခွင့်ကဲ့သို့သော မတည်ငြိမ်သည့်ကိစ္စရပ်များကို ပို၍ကိုင်တွယ်ဖြေရှင်းရသည်။ ယင်းသို့သောအခြေအနေများကြောင့် ကွာရှင်းခြင်းသည် မိသားစုပြဿနာများကို အဆုံးမသတ်ပေးချေ၊ ယင်းအစား တရားရုံးသို့သာ ရောက်သွားစေသည်။

တတိယရွေးချယ်စရာ

သင်၏အိမ်ထောင်သည် အကျပ်အတည်းဆိုက်နေပြီး ကွာရှင်းရန် စဉ်းစားနေလျှင်ကော အသို့နည်း။ ဤဆောင်းပါးတွင် ပြန်လည်သုံးသပ်ရန် ခိုင်လုံသောအကြောင်းရင်းများကို ဖော်ပြထားပါသည်။ ကွာရှင်းခြင်းသည် အိမ်ထောင်ရေးပြဿနာအားလုံးကို မဖြေရှင်းပေးပါ။

သို့သော် နားလည်မှုမလွဲပါနှင့်၊ အဖြေမှာ အခြေအနေဆိုးနေသော အိမ်ထောင်ကို သည်းခံရုံသာမဟုတ်ပါ။ အခြားရွေးချယ်စရာရှိပါသည်—သင့်အိမ်ထောင် အကျပ်တွေ့နေပါက တိုးတက်ကောင်းမွန်လာရန် ကြိုးစားပါလေ။ သင့်အိမ်ထောင်ရေးပြဿနာများကို ဖြေရှင်း၍မရနိုင်ဟု အဆောတလျင် ကောက်ချက်မချပါနှင့်။ အောက်ပါမေးခွန်းများကို သင့်ကိုယ်ကို မေးကြည့်ပါ–

▪ ‘အစပိုင်းမှာ ငါ့အိမ်ထောင်ဖက်ရဲ့ ဘယ်အရည်အသွေးတွေကြောင့် ငါဆွဲဆောင်ခံခဲ့ရသလဲ။ သူ့ဆီမှာ အဲဒီအရည်အသွေးတွေ ရှိသေးရဲ့လား။’—သု. ၃၁:၁၀၊ ၂၉

▪ ‘လက်မထပ်ခင်က ငါ့မှာရှိခဲ့တဲ့ ခံစားချက်တွေကို ပြန်ဖြစ်ပေါ်စေနိုင်သလား။’—ရှောလမုန်သီချင်း ၂:၂; ၄:၇

▪ ‘ငါ့အိမ်ထောင်ဖက်က ဘာပဲလုပ်နေပါစေ ဒီမဂ္ဂဇင်းရဲ့ စာမျက်နှာ ၃ ကနေ ၉ မှာပါတဲ့ အကြံပြုချက်တွေကို ငါ ဘယ်လိုလိုက်လျှောက်နိုင်မလဲ။’—ရောမ ၁၂:၁၈

▪ ‘ငါတို့ရဲ့ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ငါ့အိမ်ထောင်ဖက်ကို (မျက်နှာချင်းဆိုင် ဒါမှမဟုတ် စာနဲ့) ငါရှင်းပြနိုင်မလား။’—ယောဘ ၁၀:၁

▪ ‘ငါတို့ရဲ့အိမ်ထောင်ရေး တိုးတက်ကောင်းမွန်အောင် လက်တွေ့ကျပန်းတိုင်တွေချဖို့ ကူညီပေးနိုင်တဲ့ ရင့်ကျက်တဲ့မိတ်ဆွေတစ်ယောက်နဲ့ တိုင်ပင်နိုင်မလား။’—သု. ၂၇:၁၇

သမ္မာကျမ်းစာက “ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်တတ်၏” ဟုဆိုသည်။ (သု. ၁၄:၁၅) ယင်းမူသည် အိမ်ထောင်ဖက်ရွေးချယ်ရာတွင်သာမက ယိုင်နဲ့နေသော အိမ်ထောင်တွင်းဆက်ဆံရေးနှင့်ပတ်သက်၍ မည်သို့လုပ်ဆောင်ရမည်ကို သုံးသပ်ရာတွင်လည်း သက်ဆိုင်သည်။ အမှန်မှာ ဤမဂ္ဂဇင်း၏ စာမျက်နှာ ၉ တွင်ဖော်ပြထားသည့်အတိုင်း အောင်မြင်သောမိသားစုများတွင်လည်း ပြဿနာများရှိကြပါသည်၊ ကွာခြားချက်မှာ ပြဿနာကိုင်တွယ်ပုံဖြစ်သည်။

ဥပမာ၊ သင်သည် ကားဖြင့် ခရီးရှည်စတင်ထွက်ခွာခဲ့သည်ဟု မြင်ယောင်ကြည့်ပါ။ လမ်းတစ်လျှောက်တွင် ရာသီဥတုဆိုးဝါးမှု၊ ယာဉ်ကြောပိတ်ဆို့မှုနှင့် လမ်းပိတ်ဆို့မှုများအပါအဝင် ပြဿနာများစွာနှင့် သင်တွေ့ကြုံရမည်မှာ သေချာပါသည်။ တစ်ခါတစ်ရံ လမ်းပင်ပျောက်သွားပေမည်။ ထိုအခါ သင် အဘယ်အရာပြုလုပ်မည်နည်း။ နောက်ပြန်လှည့်မည်လော သို့မဟုတ် အတားအဆီးများကို ကျော်လွှားပြီး ရှေ့ဆက်သွားရန် နည်းလမ်းရှာမည်လော။ သင်လက်ထပ်သည့်နေ့တွင် ပြဿနာများကို မျှဝေခံစားရန် သင် စတင်ခရီးထွက်ခဲ့သည်၊ အကြောင်းမှာ သမ္မာကျမ်းစာက “အိမ်ထောင်ပြုသူတို့သည် ကာယဆင်းရဲဒုက္ခကို ခံကြရလိမ့်မည်” ဟုဆိုထားသောကြောင့်ဖြစ်သည်။ (၁ ကောရိန္သု ၇:၂၈) မေးစရာမှာ ပြဿနာ ရှိမရှိ မဟုတ်ဘဲ ယင်းကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်းဟူ၍ ဖြစ်သည်။ အတားအဆီးကို ကျော်လွှားပြီး ရှေ့ဆက်သွားရန် နည်းလမ်းရှာနိုင်သလော။ သင့်အိမ်ထောင်ရေးသည် လုံး၀မျှော်လင့်ချက်မရှိတော့ဟု ခံစားရလျှင်ပင် အကူအညီရယူရန် သင်ကြိုးစားမည်လော။—ယာကုပ် ၅:၁၄

အိမ်ထောင်အစီအစဉ်ကို ဘုရားသခင် အစပြုခဲ့

အိမ်ထောင်အစီအစဉ်ကို ဘုရားသခင် အစပြုခဲ့ခြင်းဖြစ်ရာ ပေါ့ပေါ့တန်တန် သဘောမထားသင့်ချေ။ (ကမ္ဘာဦး ၂:၂၄) ပြဿနာများကို ကျော်လွှားနိုင်ပုံမပေါက်လျှင် ဤဆောင်းပါးတွင် ဆွေးနွေးထားသော အချက်များကို သတိရပါ။

၁။ တစ်ခါက သင်ခံစားခဲ့သည့် မေတ္တာကို ပြန်ဖြစ်ပေါ်လာစေရန် ကြိုးစားပါ။—ရှောလမုန်သီချင်း ၈:၆

၂။ သင့်အိမ်ထောင်ရေးကို တိုးတက်ကောင်းမွန်စေရန် သင်လုပ်ဆောင်နိုင်သည့်အရာကို ဆုံးဖြတ်ပြီး ယင်းအတိုင်းလုပ်ဆောင်ပါ။—ယာကုပ် ၁:၂၂

၃။ အိမ်ထောင်တွင် တိုးတက်ရန်လိုသည်ဟု သင်ယူဆသည့်အချက်များကို သင့်အိမ်ထောင်ဖက်နှင့် မျက်နှာချင်းဆိုင်၍ဖြစ်စေ၊ စာရေး၍ဖြစ်စေ ရှင်းရှင်းလင်းလင်းနှင့် တလေးတစားပြောပြပါ။—ယောဘ ၇:၁၁

၄။ အကူအညီရယူပါ။ သင့်အိမ်ထောင်မပြိုကွဲရန် သင့်ဘာသာ ကြိုးစား၍မရပါ။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 9 ဤဆောင်းပါးသည် ဆယ်ကျော်သက်များအတွက် ဇောင်းပေးတင်ပြထားသော်လည်း ကွာရှင်းခြင်းသည် ပို၍ငယ်သောကလေးများကိုလည်း ထိခိုက်စေပါသည်။ ထပ်ဆင့်အချက်အလက်အတွက် နိုးလော့! ၁၉၉၇၊ ဒီဇင်ဘာ ၈၊ စာမျက်နှာ ၃-၁၂ [အင်္ဂလိပ်] နှင့် ၁၉၉၁၊ ဧပြီ ၂၂၊ စာမျက်နှာ ၃-၁၁ [အင်္ဂလိပ်] တို့ကိုကြည့်ပါ။

^ အပိုဒ်၊ 13 ဝန်ခံရမည်မှာ မိဘနှစ်ပါးစလုံးနှင့် ဆက်ဆံရေး အမြဲရှိမည်မဟုတ်ချေ၊ အထူးသဖြင့် မိဘတစ်ဦးသည် မိသားစုကို စွန့်ပစ်သွားခဲ့လျှင် သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် တာဝန်မဲ့လျှင်၊ အန္တရာယ်ပင်ပေးလျှင်ဖြစ်သည်။—၁ တိမောသေ ၅:၈

[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

‘ဒီတစ်ခါတော့ အဆင်ပြေမှာပါ’

ဒုတိယအိမ်ထောင်သည် ပထမအိမ်ထောင်ထက် အဆင်မပြေမှုပိုများပြီး တတိယအိမ်ထောင်မှာ ပို၍ပင်ဆိုးကြောင်း လေ့လာမှုများက ဖော်ပြသည်။ ယင်းနှင့်ပတ်သက်သည့် အကြောင်းရင်းတစ်ရပ်ကို အမ်. ဂယ်ရီ နယူးမဲန်း၏စာအုပ် (Emotional Infidelity) တွင် ဖော်ပြထားသည်။ “သင်၏ပထမအိမ်ထောင်တွင် အခက်အခဲများရှိပါက ယင်းသည် အိမ်ထောင်ဖက်အရွေးမှားခြင်းကြောင့် မဟုတ်ပေ။ သင့်ကြောင့်သာဖြစ်သည်။ သင်သည် ဤပုဂ္ဂိုလ်ကို ချစ်မြတ်နိုးခဲ့သည်။ သင်တို့၏အခြေအနေ မည်သို့ပင်ဖြစ်ပါစေ ယင်းတွင် သင်လည်း ပါဝင်ပတ်သက်ခဲ့သည်။” နယူးမဲန်း၏ကောက်ချက်ကား အဘယ်နည်း။ “ပြဿနာကိုဖြေရှင်းပြီး သင့်အိမ်ထောင်ဖက်နှင့် ဆက်၍လက်တွဲခြင်းက သင့်အိမ်ထောင်ဖက်ကိုစွန့်ပြီး ပြဿနာကိုဆုပ်ကိုင်ထားခြင်းထက် ပိုကောင်းပါသည်။”

[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်]

အိမ်ထောင်တစ်ခုပြတ်စဲသွားသော်

တင်းမာသောအခြေအနေများသည် ကွာရှင်းခြင်းအဖြစ်သို့ ဦးတည်နိုင်ကြောင်း သမ္မာကျမ်းစာက အသိအမှတ်ပြု၏။ * သင့်မိသားစုတွင် ယင်းသို့ဖြစ်နေပါက သင့် ဆယ်ကျော်သက်ကလေးများ ယင်းအခြေအနေနှင့် လိုက်လျောညီထွေမှုရှိစေရန် သင် မည်သို့ကူညီပေးနိုင်သနည်း။

အဘယ်အရာဖြစ်ပျက်နေကြောင်း သင့်ဆယ်ကျော်သက်ကလေးကို ပြောပြပါ။ ဖြစ်နိုင်မည်ဆိုလျှင် မိဘနှစ်ပါးစလုံးက ယင်းကို ပြောပြသင့်သည်။ ကွာရှင်းခြင်းသည် အပြီးသတ် ဆုံးဖြတ်ချက်ဖြစ်ကြောင်း သင့်ဆယ်ကျော်သက်ကလေးကို အတူတူ အသိပေးပါ။ ကွာရှင်းခြင်းသည် သူ့ကြောင့်မဟုတ်ကြောင်း၊ မိဘနှစ်ပါးစလုံးက သူ့အား ဆက်လက်ချစ်ခင်နေမည်ဖြစ်ကြောင်း စိတ်ချစေပါ။

အိမ်ထောင်ပြတ်စဲသွားပြီဖြစ်၍ အငြင်းမပွားကြနှင့်တော့။ မိဘတချို့သည် ကွာရှင်းပြီးနောက်တွင်လည်း အချိန်ကြာမြင့်စွာ ဆက်လက်အငြင်းပွားနေကြဆဲဖြစ်သည်။ ပညာရှင်တစ်ဦး ပြောဆိုသကဲ့သို့ “သဘောတူညီမှုမရနိုင်သူနှစ်ဦးမှာ တရားဝင်ကွာရှင်းပြီးဖြစ်သော်လည်း စိတ်ပိုင်းအရ ဆက်လက်နာကြည်းနေဆဲဖြစ်သည်။” မိဘ နှစ်ပါးသည် အမြဲတစေ အငြင်းပွားနေသည့်အတွက် ဆယ်ကျော်သက်ကလေးများမှာ မိဘများ၏ ဂရုစိုက်မှုကို ဆုံးရှုံးရသည့်အပြင် မိမိတို့လိုရာရရှိရန် မိဘနှစ်ပါးကို ရန်တိုက်ပေးဖို့လည်း တွန်းအားပေးခံရသည်။ ဥပမာ၊ သားဖြစ်သူက မိခင်အား “အဖေက သားကို အပြင်မှာ ကြိုက်သလောက် နေခွင့်ပေးတယ်။ အမေက ဘာဖြစ်လို့ ခွင့်မပြုရတာလဲ” ဟုပြောပေမည်။ သားဖြစ်သူအား ဖခင်ဘက်မပါသွားစေလိုသည့်အတွက် မိခင်ခမျာ အလျှော့ပေးလိုက်ရသည်။

သင့်ဆယ်ကျော်သက်ကလေးကို စကားပြောခွင့်ပေးပါ။ ဆယ်ကျော်သက်ကလေးများက ‘မိဘတွေ တစ်ယောက်ကိုတစ်ယောက် မချစ်တော့ဘူးဆိုရင် ငါ့ကိုလည်း ချစ်တော့မှာမဟုတ်ဘူး’ သို့မဟုတ် ‘မိဘတွေက စည်းဖောက်တယ်ဆိုရင် ငါကော ဘာဖြစ်လို့ မဖောက်နိုင်ရမှာလဲ’ ဟုဆင်ခြင်ပေမည်။ သင့်ဆယ်ကျော်သက်ကလေး(များ)၏ စိုးရိမ်ပူပန်မှုများကို လျော့နည်းစေရန်နှင့် မှားယွင်းသော တွေးခေါ်မှုကို တည့်မတ်ပေးရန် သူ့ကို စကားများများပြောခွင့်ပေးပါ။ သို့သော် သတိပြုပါ– စိတ်ပိုင်းဆိုင်ရာထောက်မမှုအတွက် သင့်ဆယ်ကျော်သက်ကလေးကို မျှော်ကိုးကာ နေရာချင်းမလဲပါနှင့်။ သူသည် သင့်ကလေးသာဖြစ်သည်၊ သင့်လူယုံတော်မဟုတ်ပါ။

သင့်အိမ်ထောင်ဖက်ဟောင်းနှင့် ဆက်ဆံရေးကောင်းရှိရန် သင့်ဆယ်ကျော်သက်ကလေးကို အားပေးပါ။ သင်ကွာရှင်းခဲ့သူသည် သင့်အိမ်ထောင်ဖက်ဟောင်းဖြစ်သော်လည်း သင့်ကလေး၏ မိဘဟောင်းမဟုတ်ပါ။ ထိုသူအကြောင်း မကောင်းပြောခြင်းသည် ထိခိုက်နစ်နာစေပါသည်။ စာအုပ်တစ်အုပ် (Teens in Turmoil—A Path to Change for Parents, Adolescents, and Their Families) တွင် ဤသို့ဆိုထားသည်– “မိဘများသည် ကွာရှင်းခြင်းအတွက် ကလေးများကို ခုတုံးလုပ်မည်ဆိုလျှင် မိမိတို့လုပ်ခဲ့သည့်အတိုင်း အကျိုးဆက်ခံစားရမည်ကို မျှော်လင့်ထားရမည်။”

သင့်ကိုယ်သင် ဂရုစိုက်ပါ။ တစ်ခါတစ်ရံ သင်သည် မခံမရပ်နိုင်အောင် စိတ်ဖိစီးပေမည်။ သို့သော် လက်မလျှော့လိုက်ပါနှင့်။ လုပ်ရိုးလုပ်စဉ်ကောင်းတစ်ခုကို ဆက်ထိန်းထားပါ။ သင်သည် ခရစ်ယာန်တစ်ဦးဖြစ်ပါက ဘုရားသခင်နှင့် ဆက်ဆံရေးကောင်းရှိစေသော လုပ်ဆောင်မှုများတွင် ဆက်ပါဝင်ပါလေ။ ထိုသို့ပြုခြင်းက သင်နှင့် သင့်ဆယ်ကျော်သက်ကလေးကို ဟန်ချက်ညီစေရန် ထောက်ကူပေးပါလိမ့်မည်။ —ဆာလံ ၁၈:၂; မဿဲ ၂၈:၁၉၊ ၂၀; ဟေဗြဲ ၁၀:၂၄၊ ၂၅

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 38 သမ္မာကျမ်းစာအရ အိမ်ထောင်ပြတ်စဲနိုင်သည့်၊ ပြန်လည်အိမ်ထောင်ပြုနိုင်သည့် တစ်ခုတည်းသောအကြောင်းရင်းမှာ အိမ်ထောင်ဖက်မဟုတ်သူနှင့် လိင်ဆက်ဆံခြင်းဖြစ်သည်။ (မဿဲ ၁၉:၉) အိမ်ထောင်ဖက်တစ်ဦး သစ္စာဖောက်သွားပါက ကွာရှင်းခြင်းသည် အကောင်းဆုံး ရွေးချယ်စရာဟုတ်မဟုတ် ဆုံးဖြတ်ရန်မှာ မိသားစုဝင်များ သို့မဟုတ် အခြားသူများမဟုတ်ဘဲ အပြစ်မဲ့သောအိမ်ထောင်ဖက်အပေါ် မူတည်သည်။—ဂလာတိ ၆:၅

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

သင်လက်ထပ်သည့်နေ့တွင် ပြုခဲ့သည့် ကတိစကားကို တည်စေပါ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

သင်သည် ပူးတွဲအုပ်ထိန်းခွင့်ရပါက ဆယ်ကျော်သက် ကလေးကို သင့်အိမ်ထောင်ဖက်ဟောင်းနှင့် ဆက်ဆံရေးကောင်းရှိစေရန် အားပေးပါ