မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကောင်းချီးလော၊ ဘေးသင့်ခြင်း၏အကြောင်းရင်းလော

ကောင်းချီးလော၊ ဘေးသင့်ခြင်း၏အကြောင်းရင်းလော

ကောင်းချီးလော၊ ဘေးသင့်ခြင်း၏အကြောင်းရင်းလော

ယာဉ်မောင်းတစ်ဦးသည် မိမိကားကို မထိန်းနိုင်ဘဲ ဓာတ်တိုင်ကို ဝင်တိုက်လိုက်ရာ ခရီးသည်တစ်ဦး အပြင်းအထန်ဒဏ်ရာရသွားသည်။ ယာဉ်မောင်းသည် မိမိဆဲလ်ဖုန်းဖြင့် ချက်ချင်းအကူအညီတောင်းလိုက်သည်။ သို့သော် ကားကို အဘယ်ကြောင့်မထိန်းနိုင်သနည်း။ ဖုန်းကောက်ကိုင်လိုက်သည့် အခိုက်အတန့်လေးတွင် လမ်းကိုမကြည့်မိလိုက်၍ဖြစ်သည်။

ဤဥပမာ ဖော်ပြသည့်အတိုင်း ခေတ်မီနည်းပညာထုတ်လုပ်မှုများသည် အသုံးပြုသူတို့အပေါ်မူတည်ပြီး အသုံးဝင်နိုင်သလို ဘေးသင့်ခြင်း၏အကြောင်းရင်းလည်း ဖြစ်သွားနိုင်သည်။ သို့သော် လူအများစုသည် ခေတ်နောက်ကျသွားသည့်ပစ္စည်းများကို အသုံးမပြုလိုကြတော့ပါ။ ဥပမာ၊ ကွန်ပျူတာများကြောင့် ငြီးငွေ့ဖွယ်အလုပ်များလုပ်စရာမလိုဘဲ အွန်လိုင်းမှတစ်ဆင့် သက်သောင့်သက်သာ ဝယ်ယူနိုင်စေပြီး အခြားသူများနှင့် ကွန်ပျူတာမှတစ်ဆင့် အီးမေးလ်ပို့ခြင်း၊ စကားပြောခြင်း သို့မဟုတ် ရုပ်ပါမြင်၍ရအောင် ချိတ်ဆက်နိုင်ပြီး အဆက်အသွယ်မပြတ်စေပါ။

မကြာသေးမီက၊ မိသားစုဝင်များသည် နံနက်ပိုင်းတွင် အသီးအသီး မိမိတို့သက်ဆိုင်ရာသို့ ထွက်သွားကြပြီး ညနေပိုင်းအထိ တစ်ဦးနှင့်တစ်ဦး စကားမပြောဖြစ်ကြတော့ပါ။ သို့သော် ယခုအခါ “ဆဲလ်ဖုန်းကိုယ်စီရှိသောစုံတွဲ ၇၀ ရာခိုင်နှုန်းသည် နှုတ်ဆက်စကားပြောဖို့အတွက်သက်သက်ဖြင့် နေ့တိုင်း အဆက်အသွယ်လုပ်ကြသည်၊ ၆၄ ရာခိုင်နှုန်းမှာ အစီအစဉ်ညှိနှိုင်းဖို့ အဆက်အသွယ်လုပ်ကြသည်၊ မိဘ ၄၂ ရာခိုင်နှုန်းမှာ ဆဲလ်ဖုန်းကိုသုံးပြီး မိမိတို့ကလေးများနှင့် နေ့တိုင်းပြောဆိုဆက်သွယ်ကြသည်” ဟု အမေရိကန်မှ သတင်းစာတစ်စောင် (USA Today) ကဆိုသည်။

နည်းပညာကြောင့် ပြဿနာမဖြစ်ပါစေနှင့်

နည်းပညာကို အလွန်အကျွံ သို့မဟုတ် သင့်လျော်စွာအသုံးမပြုခြင်းသည် စိတ်ပိုင်းနှင့် ကာယပိုင်းတွင် အန္တရာယ်ဖြစ်စေနိုင်သလော။ အနောက်နိုင်ငံတစ်နိုင်ငံရှိ ကြင်စဦးဇနီးမောင်နှံ၏ပုံနမူနာကို သုံးသပ်ကြည့်ပါ။ သတင်းတစ်ပုဒ်အရ သူတို့သည် “ကားထဲတွင်၊ ကျန်းမာရေးလေ့ကျင့်ရုံတွင်၊ တစ်အိမ်တည်းတွင်ရှိနေသော်လည်း အခန်းမတူချိန်တွင်ပင် အမြဲတမ်းဖုန်းဆက်နေကြသည်။” သူတို့သည် တစ်လလျှင် မိနစ် ၄,၀၀၀—၆၆ နာရီကျော်အထိ ဖုန်းပြောသည့်အခါများရှိပြီး ဖုန်းမရှိလျှင် ဘာမှမလုပ်တတ်တော့ကြောင်းပြောခဲ့သည်။ စိတ်ရောဂါအထူးကုဆရာဝန်ဖြစ်သူ ဒေါက်တာ ဟဲရစ္စ စတ္တနာက သူတို့တွင် “စွဲနေသောလက္ခဏာရှိပြီး သက်မဲ့ပစ္စည်းတစ်ခုနဲ့ ဆက်ဆံရေးရှိနေတာနဲ့တူတယ်” ဟုဖော်ပြသည်။

ယင်းပုံနမူနာသည် အစွန်းရောက်ပုံပေါက်ပေမည်၊ သို့သော် စိုးရိမ်ဖွယ်အလားအလာကို ထင်ဟပ်ဖော်ပြ၏။ လူများစွာသည် တစ်နာရီပင် အဆက်အသွယ်ပြတ်သွားသည်ဟူသောအတွေးကို မခံမရပ်နိုင်ဖြစ်ကြသည်။ “အီးမေးလ်ကို အမြဲဖွင့်ကြည့်ဖို့၊ အင်တာနက်ထဲ အမြဲဝင်ကြည့်ဖို့၊ မိတ်ဆွေတွေဆီ ဖုန်းကနေစာတိုတွေအမြဲပို့ဖို့ လိုတယ်” ဟု အသက်နှစ်ဆယ်ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦးပြောခဲ့သည်။

အဆက်အသွယ်လုပ်ခြင်းတွင် “သင့်အချိန်ကို ပို၍ပို၍အသုံးပြုလာပြီး သင့်ဘဝမှာ တခြားအရာတွေထက် အဲဒါကို ဦးစားပေးလုပ်ဆောင်လာပြီဆိုရင် ဒါဟာ တစ်ခုခုမှားနေပြီဆိုတဲ့ အသေချာဆုံး သတိပေးလက္ခဏာပဲ” ဟုဒေါက်တာ ဘရိုင်ယန် ရီယူက ဝက်ဘ်ဆိုက်တစ်ခု (The Business Times of Singapore) တွင်ပြောသည်။ ထို့ပြင် လူတို့သည် မိမိတို့၏နောက်ဆုံးပေါ်ပစ္စည်းများကိုအသုံးပြုရန် နာရီပေါင်းများစွာ သီးသန့်နေကြရာ လေ့ကျင့်ခန်းလည်းမလုပ်ဖြစ်သည့်အတွက် နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ဆီးချိုသွေးချိုရောဂါ သို့မဟုတ် ဆိုးရွားသော ရောဂါအခြေအနေအချို့ ဖြစ်နိုင်သည်။

အခြားသောအန္တရာယ်များသည် ချက်ချင်းပေါ်လာတတ်သည်။ ဥပမာ၊ ဆဲလ်ဖုန်းနှင့်ပတ်သက်၍ မကြာသေးမီက ပြုလုပ်သောလေ့လာမှုတစ်ခုက ဤသို့ကောက်ချက်ချခဲ့သည်– ကားမောင်းရင်း လက်ကိုင်ဖုန်း သို့မဟုတ် ကိုင်စရာမလိုသောဖုန်းဖြင့် စကားပြောသူတို့သည် အရက်သောက်ထားသောယာဉ်မောင်းများနည်းတူ အန္တရာယ်များသည်။ ယာဉ်မောင်းနေစဉ် ဖုန်းဖြင့်စာတိုပို့ခြင်းသည်လည်း အန္တရာယ်အလွန်များနိုင်၏၊ အသက် ၁၆ နှစ်နှင့် ၂၇ နှစ်ကြားရှိယာဉ်မောင်း ၄၀ ရာခိုင်နှုန်းနီးပါးသည် ယာဉ်မောင်းနေစဉ် ဖုန်းဖြင့်စာပို့ကြကြောင်း လေ့လာဆန်းစစ်မှုတစ်ခုတွင် တွေ့ရှိခဲ့သည်။ ထို့ပြင် ကားမောင်းနေစဉ် ဆဲလ်ဖုန်းနှင့်စကားပြော သို့မဟုတ် စာပို့သည့်အတွက် မတော်တဆမှုဖြစ်ခဲ့လျှင် ယာဉ်တိုက်မှုမဖြစ်မီလေးတွင် သင်အသုံးပြုလိုက်သောဆဲလ်ဖုန်းကို ရဲများ သို့မဟုတ် အာမခံကုမ္ပဏီက စစ်ဆေးမည်ဖြစ်ကြောင်း သတိရပါ။ ဖုန်းတစ်ချက်ဆက်ခြင်း သို့မဟုတ် စာတစ်ကြောင်းပေးပို့ခြင်းကြောင့် ပေးရသည့်အဖိုးအခမှာ တန်ဖိုးကြီးလှပါသည်။ * ၂၀၀၈ ခုနှစ်က အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် လူ ၂၅ ဦးသေဆုံးခဲ့သော ရထားမတော်တဆဖြစ်မှုကို စုံစမ်းလေ့လာခဲ့ရာ ထိုသို့မဖြစ်ပွားမီလေးတွင် ရထားမောင်းသူသည် ဖုန်းဖြင့်စာတိုပေးပို့ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ သူသည် လုံး၀ ဘရိတ်မအုပ်ခဲ့ပါ။

ဖျော်ဖြေမှုမီဒီယာအပြင် ဆဲလ်ဖုန်းနှင့် ကွန်ပျူတာအသုံးပြုသောကလေးများ တိုးများလာခြင်းကြောင့် သူတို့သည် ယင်းကိရိယာများကို ပညာရှိရှိ၊ တာဝန်သိသိအသုံးပြုရန် သင်ယူဖို့လိုသည်။ သူတို့ကို မည်သို့အကူအညီပေးနိုင်သနည်း။ ကျေးဇူးပြု၍ နောက်ဆောင်းပါးကို ဖတ်ပါ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 ကျမ်းစာသွန်သင်ချက်များအတိုင်းနေထိုင်ဖို့ ကြိုးစားသူအားလုံး ဖြစ်လာနိုင်ဖွယ် အန္တရာယ်ရှိအခြေအနေတိုင်းတွင် အာရုံပျံ့လွင့်စေနိုင်သည့် မည်သည့်အရာမဆို အထူးဂရုပြုသင့်သည်။—ကမ္ဘာဦး ၉:၅၊ ၆; ရောမ ၁၃:၁

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

အဆက်အသွယ်လုပ်ခြင်းတွင် သင့်အချိန်ကို ပို၍ပို၍အသုံးပြုနေသလော