မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါဘာဝတ်ရမလဲ

ငါဘာဝတ်ရမလဲ

လူငယ်များအမေး

ငါဘာဝတ်ရမလဲ

ဟယ်သာသည် အပြင်သွားရန် အသင့်ဖြစ်နေသည်၊ သူ့ဝတ်စားဆင်ယင်ပုံကို မိဘများတွေ့သောအခါ ထိတ်လန့်သွားကြ၏။

အဲလို ဝတ်ထားရသလား” ဟုသူ့ဖခင်က ပြောချလိုက်သည်။

“ဘာဖြစ်လို့လဲ” ဟုအံ့သြသည့်လေသံဖြင့် ဟယ်သာပြန်ပြောသည်။ “သူငယ်ချင်းတွေနဲ့ ကုန်တိုက်သွားမလို့။”

ဒီလိုအဝတ်အစားမျိုးနဲ့ သမီးအပြင်မထွက်ရဘူး” ဟုသူ့မိခင်ပြောသည်။

“ဒါပေမဲ့ အမေ၊ လူငယ်တိုင်း ဒီလိုပဲဝတ်နေကြတာ၊ . . . ပြီးတော့ ကိုယ့်အဝတ်အစားက ကိုယ်ဘယ်လိုလူလဲဆိုတာ ဖော်ပြတယ်လေ” ညည်းညူသံဖြင့်ဟယ်သာပြောသည်။

“ကိုယ်ကဘယ်လိုလူလဲဆိုတာ အဝတ်အစားနဲ့အသိပေးတာကို အဖေတို့မကြိုက်ဘူး” ဟုဖခင်က မျက်နှာထားတင်းတင်းဖြင့် ပြောသည်။ “ကလေးမ၊ အခု အိမ်ပေါ်တက်ပြီး အဝတ်အစားတွေ သွားလဲစမ်း၊ မလဲလို့ကတော့ ဘယ်ကိုမှမသွားရဘူး။”

အဝတ်အစားနှင့်ပတ်သက်ပြီး သဘောမတူညီမှုများသည် အသစ်အဆန်းမဟုတ်ပါ။ သင့်မိဘများလည်း သူတို့ငယ်ရွယ်စဉ်တွင် သူတို့မိဘများနှင့် အလားတူသဘောမတူညီမှုများရှိခဲ့ပေမည်။ ယခု သင်ခံစားရသကဲ့သို့ သူတို့ ထိုအချိန်က ခံစားခဲ့ရပေမည်။ သို့သော် ယခု သူတို့သည် မိဘနေရာရောက်သွားပြီဖြစ်ရာ သင်ဘာဝတ်ရမည်ဟူသောကိစ္စက အငြင်းအခုံတစ်ခုပြီးတစ်ခုဖြစ်စေသည်။

သင်ပြောဆိုရာ–ဒါက အနေတော်ပဲ။

သူတို့ပြောဆိုရာ– ဒါက ဖြစ်ကတတ်ဆန်းနိုင်လွန်းတယ်။

သင်ပြောဆိုရာ– ဒါလေးက အရမ်းကြည့်ကောင်းပါတယ်။

သူတို့ပြောဆိုရာ– ဒါက စိတ်ကို နှိုးဆွပေးလွန်းတယ်။

သင်ပြောဆိုရာ– ဒါက ထက်ဝက်ဈေးနဲ့ရလို့ပါ။

သူတို့ပြောဆိုရာ– ထက်ဝက်လောက်က ပျောက်နေတော့ ထက်ဝက်ဈေးပဲဖြစ်သင့်တာပေါ့။

အငြင်းအခုံဆက်မဖြစ်စေသော နည်းရှိပါသလော။ ရှိပါသည်။ ယခု အသက် ၂၃ နှစ်ရှိသော မီဂန်သည် လျှို့ဝှက်ချက်ကိုသိထား၏။ သူဤသို့ပြောသည်– “အငြင်းအခုံလုပ်စရာမလိုပါဘူး။ သဘောတူညီမှုရနိုင်ပါတယ်။” သဘောတူညီမှုဟူသည် ဖြစ်နိုင်ပါသလော။ ယင်းက အသက် ၄၀ အရွယ်ကဲ့သို့ ဝတ်ဆင်ရမည်ဟု ဆိုလိုသလော။ မဆိုလိုပါ။ သဘောတူညီမှုရရန်ဟူသည် သင်တို့၏မတူညီသောအမြင်များနှင့် သင်နှင့် သင့်မိဘ နှစ်ဦးနှစ်ဖက်စလုံးအဆင်ပြေစေမည့် အခြားရွေးချယ်စရာများကို အတူတကွဆွေးနွေးခြင်းကို ဆိုလိုနေခြင်းသာဖြစ်သည်။ အကျိုးရလဒ်ကား အဘယ်နည်း။

၁။ သင်သည် သင့်ရွယ်တူချင်းများကြားတွင်ပင် အလွန်ကြည့်ကောင်းနေပါလိမ့်မည်။

၂။ သင့်အဝတ်အစားနှင့်ပတ်သက်၍ သင့်မိဘ၏ ဝေဖန်မှုလျော့နည်းသွားနိုင်ဖွယ်ရှိသည်။

၃။ ဤကဏ္ဍတွင် သင့်တာဝန်သိစိတ်ကို မိဘများတွေ့မြင်ပြီးနောက် သင့်အား အခြားလွတ်လပ်မှုများကိုပင် ပေးပေမည်။

ထို့ကြောင့် ယခု စတင်ဆွေးနွေးကြပါစို့။ အွန်လိုင်း သို့မဟုတ် စတိုးဆိုင်တွင်တွေ့ခဲ့ရသည့် သင်တကယ်ဝယ်လိုသောအဝတ်အစားတချို့ကို စဉ်းစားကြည့်ပါ။ ဦးဆုံး သင်လုပ်ရန်မှာ  . . .

ကျမ်းစာမူများကို သုံးသပ်ပါ

သမ္မာကျမ်းစာတွင် အဝတ်အစားအကြောင်း အနည်းငယ်သာဖော်ပြထားသည်မှာ အံ့ဩစရာပင်။ အမှန်တွင် ဝတ်စားဆင်ယင်မှုအကြောင်း တိုက်ရိုက်ပြောထားသည့် ကျမ်းစာတိုက်တွန်းချက်အားလုံးကို အသံကျယ်ကျယ်ဖြင့် ဖတ်ရှုရာတွင် မိနစ်အနည်းသာကြာသည်။ ထိုသို့ဖတ်နေချိန်တွင် ခိုင်လုံပြီး တန်ဖိုးရှိလမ်းညွှန်ချက်များကို သင်တွေ့ပါလိမ့်မည်။ ဥပမာ–

▪ သမ္မာကျမ်းစာသည် အမျိုးသမီးများကို ‘ဣန္ဒြေရှိရှိ၊ သမာသတိရှိရှိ’ ဝတ်ဆင်ရန် အကြံပေးထားသည်။ *၁ တိမောသေ ၂:၉၊ ၁၀

‘ဣန္ဒြေရှိရှိ’ ဟူသောစကားလုံးကြောင့် သင်စိုးရိမ်မိပေမည်။ ‘ရိုးရိုးကြီးနဲ့ ဆွဲဆောင်မှုမရှိတဲ့အဝတ်အစားတွေ ငါဝတ်ရမှာလား’ ဟုသင် စဉ်းစားပေမည်။ ထိုသို့ဝတ်ရမည်ဟု မဆိုလိုပါ။ ဤကိစ္စတွင် ဣန္ဒြေရှိခြင်းဟူသည် သင့်အဝတ်အစားက သင်သည် မိမိကိုယ်ကို လေးစားမှုရှိကြောင်း၊ အခြားသူများ၏ခံစားချက်ကို ထည့်စဉ်းစားကြောင်းကို ဆိုလိုသည်။ (၂ ကောရိန္သု ၆:၃) ယင်းစံနှုန်းတွင် ဝတ်စားဆင်ယင်ပုံအမျိုးမျိုး အကျုံးဝင်သည်။ အသက် ၂၃ နှစ်အရွယ် ဒန်နီယယ်လီက “ခက်ကောင်းခက်နိုင်တယ်၊ ဒါပေမဲ့ အစွန်းရောက်တဲ့ပုံစံမဟုတ်ဘဲ ခေတ်နဲ့အညီ ဝတ်ဆင်နိုင်ပါတယ်။”

▪ အသွင်အပြင်နှင့်ပတ်သက်လာလျှင် သင်သည် “စိတ်နှလုံး၏အတွင်းလူ” ကိုအာရုံစိုက်သင့်သည်ဟု သမ္မာကျမ်းစာပြောသည်။—၁ ပေတရု ၃:၄

ဣန္ဒြေမဲ့စွာဝတ်စားဆင်ယင်ခြင်းသည် လောလောဆယ် အခြားသူများ၏အာရုံစိုက်မှုခံရစေနိုင်၏၊ သို့သော် လူကြီးများနှင့် သင့်ရွယ်တူချင်းများ၏လေးစားမှုကို အမြဲရရှိစေမည့်အရာမှာ သင့်အတွင်းအလှဖြစ်သည်။ သင့်ရွယ်တူခြင်းများပင် လေးစားမည်လော။ လေးစားမည်၊ သူတို့ပင် အလွန်အကျွံဝတ်စားဆင်ယင်မှု၏မိုက်မဲမှုကို သိရှိလာပေမည်။ “ယောက်ျားတွေကိုဆွဲဆောင်ဖို့ အမျိုးသမီးတွေ ဣန္ဒြေမဲ့စွာနဲ့ ဝတ်ဆင်နေတာကို မြင်တွေ့ရတာ စိတ်ပျက်ဖို့ကောင်းတယ်” ဟု အသက် ၁၆ နှစ် ဘရစ်တနီပြောပြသည်။ ကေးကလည်း သဘောတူသည်။ မိတ်ဆွေဟောင်းတစ်ဦးနှင့်ပတ်သက်ပြီး သူဤသို့ပြောသည်– “ယောက်ျားတွေကို ဆွဲဆောင်စေမယ့်အဝတ်တွေကိုပဲ သူရွေးဝတ်တယ်။ ယောက်ျားတွေရဲ့အာရုံစိုက်မှုကို သူလိုချင်တဲ့အတွက် အာရုံအဖမ်းစားနိုင်ဆုံးအဝတ်အစားတွေကို သူဝတ်ဆင်တော့တာပဲ။”

အဝတ်အစားအပေါ်အကြံပြုချက်– လိင်ကို အသားပေးသည့်ပုံစံများကို ရှောင်ပါ။ ယင်းတို့က သင့်အား အခြားသူများ၏အာရုံစိုက်မှုရအောင် ပြင်ဆင်လွန်းပြီး ကိုယ့်အတွက်သာသိသူဖြစ်ပုံ ပေါက်စေပေမည်။ ထို့ပြင် သင့်အား သွေးဆောင်နှောင့်ယှက်သူများအတွက် ပစ်မှတ်ဖြစ်စေနိုင် သို့မဟုတ် ထိုထက်ပင် ဆိုးရွားနိုင်သည်။ ယင်းအစား ဣန္ဒြေရှိရှိဝတ်စားဆင်ယင်ခြင်းက သင့်အသွင်အပြင်ကို ပိုကြည့်ကောင်းစေပြီး သင့်အရည်အသွေးကောင်းများကို ပိုပေါ်လွင်စေသည်။

သင့်မိဘများကို ထည့်သွင်းစဉ်းစားပါ

ဣန္ဒြေမဲ့အဝတ်အစားကို ကျောပိုးအိတ်ထဲထည့်ပြီး ကျောင်းရောက်သောအခါ ယင်းတို့ကိုလဲဝတ်လိုက်ခြင်းသည် မကောင်းပါ။ သင်သည် မိဘတို့သိမည်မဟုတ်သည့် သင်လုပ်နိုင်သည့်အရာများတွင်ပင် ပွင့်လင်းရိုးသားမည်ဆိုလျှင် သင့်ကို သူတို့ပို၍ယုံကြည်စိတ်ချလာမည်ဖြစ်သည်။ အမှန်တွင် အဝတ်အစားအကြောင်း သင်သုံးသပ်သောအခါ သူတို့၏သဘောထားကို သင်မေးမြန်းပေမည်။—သု. ၁၅:၂၂

သို့သော် သင်အဘယ်ကြောင့် ထိုသို့ပြုလိုသနည်း။ သင့်ဝတ်စားဆင်ယင်မှုကို သင့်မိဘများ ကန့်သတ်ချုပ်ချယ်လို၍သာ ဖြစ်သည်ဟု သင်ယူဆပေမည်၊ သို့သော် ယင်းသည် မမှန်ပါ။ သင့်အဖေနှင့်အမေသည် တခြားရှုထောင့်တစ်မျိုးမှ ကိစ္စရပ်များကို ကြည့်နေခြင်းဖြစ်သည်။ တစ်ခါတရံ ယင်းသည် သင်လိုအပ်သည့်အရာဖြစ်သည်။ အသက် ၁၇ နှစ်ရှိ နာတလန်ဤသို့ပြောသည်– “ကျွန်မမိဘတွေပေးတဲ့အကြံဉာဏ်ကို ကျွန်မလေးမြတ်တန်ဖိုးထားတယ်၊ ဘာကြောင့်လဲဆိုတော့ ကိုးရိုးကားယားပုံစံနဲ့ အိမ်ပြင် လမ်းထွက်မလျှောက်ချင်ဘူး ဒါမှမဟုတ် ကျွန်မရဲ့အသွင်အပြင်ကြောင့် လူတွေအပျက်သဘောပြောတာကို ကျွန်မ,မလိုလားဘူး။”

ထို့ပြင် အရှိကိုအရှိအတိုင်းပြောကြစို့– သင်သည် မိဘနှင့်အတူရှိနေသမျှကာလပတ်လုံး သူတို့၏အခွင့်အဏာအောက်တွင် ရှိနေသည်။ (ကောလောသဲ ၃:၂၀) သို့တိုင် တစ်ချိန်ချိန်တွင် သင်သည် သူတို့ကို နားလည်လာပြီး သူတို့ကလည်း သင့်ကို နားလည်လာမည်ဖြစ်သည်၊ ထိုအခါ သင်တို့ သဘောတူညီမှုရလာလေ့ရှိသည်ကို သင်အံ့သြမိလိမ့်မည်။ ရလဒ်အနေနှင့် အဝတ်အစားကြောင့်ဖြစ်သောအငြင်းအခုံများ ပြီးဆုံးသွားနိုင်မည်ဖြစ်သည်။

အဝတ်အစားအပေါ်အကြံပြုချက်– အဝတ်အစားဝယ်ဖို့ စမ်းဝတ်ကြည့်သောအခါ မှန်ထဲတွင် သင်မြင်သည့်အရာထက်မက စဉ်းစားပါ။ ဣန္ဒြေရှိပုံရသောအဝတ်အစားသည် သင်ထိုင်လိုက်သောအခါ သို့မဟုတ် တစ်ခုခုကို ကုန်းကောက်သောအခါ ဣန္ဒြေမဲ့ပုံစံဖြစ်သွားနိုင်သည်။ ဖြစ်နိုင်မည်ဆိုလျှင် မိဘတစ်ဦး သို့မဟုတ် ရင့်ကျက်သောမိတ်ဆွေတစ်ဦး၏သဘောထားကို ရယူပါ။

“လူငယ်များအမေး” အခန်းဆက်ဆောင်းပါးတွဲ ထပ်ဆင့်ဆောင်းပါးများကို www.watchtower.org/ype ဝက်ဘ်ဆိုက်တွင် တွေ့နိုင်ပါသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 23 ယင်းကျမ်းစာတိုက်တွန်းချက်သည် အမျိုးသမီးများကို ရည်ညွှန်းပြောဆိုသော်လည်း ယင်းမူများသည် အမျိုးသားများနှင့်ပါ သက်ဆိုင်သည်။  “ယောက်ျားလေးများကော” လေးထောင့်ကွက်ကို ကြည့်ပါ။

ချင့်တွေးစရာ

သင်ဝယ်လိုသောအဝတ်အစားကို စဉ်းစားပါ။ ထို့နောက် သင့်ကိုယ်သင်ဤသို့မေးပါ-

▪ သင့်အဝတ်အစားက ဘာကို “ဖော်ပြ” နေသနည်း။

▪ အခြားသူများ မည်သို့တုံ့ပြန်လာနိုင်သနည်း။

▪ ထိုသို့သော တုံ့ပြန်မှုနှင့် အကျိုးဆက်များကို ငါတကယ်ရှာကြံနေသလား။

[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]

အဝတ်အစားနှင့်ဆိုင်သော လေ့ကျင့်ခန်းစာရွက်

ညွှန်ကြားချက်များ– ဤစာမျက်နှာကို မိတ္တူကူးပါ။ ညာဘက်အတန်းကို သင့်မိဘများအား ဖြည့်စွက်စေပါ၊ ဘယ်ဘက်အတန်းကို သင်ဖြည့်စွက်ပါ။ ထို့နောက် သင့်လေ့ကျင့်ခန်းစာရွက်များကို မိဘများ၏စာရွက်နှင့် လဲပါ၊ သင်တို့၏အဖြေများကို ဆွေးနွေးကြပါ။ အံ့ဩစရာများ ရှိသလော။ သင့်သားသမီး သို့မဟုတ် သင့်မိဘတို့၏ ယခင်ကသင်မသိခဲ့သော အဘယ်ရှုမြင်ချက်များကို သင်တို့သိခဲ့ရသနည်း။

သင့်အတွက်

သင်ဝတ်ဆင်လိုသည့် သို့မဟုတ် ဝယ်လိုသည့်အဝတ်အစားကို စဉ်းစားပါ။

▪ ဤအဝတ်အစားကို သင် ဘာကြောင့် ကြိုက်သနည်း။ အောက်ပါ အချက်များကို သင့်ဦးစားပေးမှုအလိုက် နံပါတ်တပ်ပါ။

․․․․․ အမှတ်တံဆိပ်

․․․․․ ဆန့်ကျင်ဘက်လိင်ရှင်ကို ဆွဲဆောင်နိုင်စွမ်းရှိသည်

․․․․․ ရွယ်တူချင်းများအတွက် လက်ခံနိုင်ဖွယ်ရှိသည်

․․․․․ သက်သောင့်သက်သာရှိသည်

․․․․․ တန်ဖိုး

․․․․․ အခြား ․․․․․

▪ ဤအဝတ်အစားနှင့်ပတ်သက်၍ ငါ့မိဘများ၏ အစပိုင်းတုံ့ပြန်မှုမှာ ဤသို့ဖြစ်နိုင်သည်

“လုံးဝမဝယ်ရ။”

“ရကောင်းရနိုင်ပါလိမ့်မယ်။”

“ရပါတယ်။”

▪ သူတို့လက်မခံရသည့် အဖြစ်နိုင်ဆုံးအကြောင်းရင်းမှာ

“ဖော်လွန်းသည်။”

“မသပ်မရပ်ဖြစ်လွန်းသည်။”

“ခေတ်ဆန်လွန်းသည်။”

“သင့်မိဘများဖြစ်သည့် ကျွန်ုပ်တို့အပေါ် ဆိုးရွားစွာသက်ရောက်မှုရှိသည်။”

“အလွန်ဈေးကြီးသည်။”

အခြား ․․․․․

ဤအရာကို ကျွန်ုပ်တို့ အတူတကွလုပ်ဆောင်နိုင်သလော

▪ ကျွန်ုပ်မိဘများ၏ရှုမြင်ချက်တွင် အဘယ်ကောင်းသည့် အချက်များကို ငါတွေ့နိုင်သနည်း။

․․․․․

▪ အဘယ်အရာလုပ်နိုင်သနည်း။

․․․․․

သင့်မိဘများအတွက်

သင့်မြီးကောင်ပေါက်များ ဝတ်ဆင်လိုသည့် သို့မဟုတ် ဝယ်လိုသည့်သတ်သတ်မှတ်မှတ် အဝတ်အစားကို စဉ်းစားပါ။

▪ ဤအဝတ်အစားကို သင့်ကလေးအဘယ်ကြောင့် နှစ်သက်သည်ဟု ထင်သနည်း။ သင့်ကလေး၏ဦးစားပေးမှုအလိုက်ဖြစ်သည်ဟု သင်ယူမှတ်သည့်အခါတိုင်း အောက်ပါအချက်များကို နံပါတ်ပေးပါ။

․․․․․ အမှတ်တံဆိပ်

․․․․․ ဆန့်ကျင်ဘက်လိင်ရှင်ကို ဆွဲဆောင်နိုင်စွမ်းရှိသည်

․․․․․ ရွယ်တူချင်းများအတွက် လက်ခံနိုင်ဖွယ်ရှိသည်

․․․․․ သက်သောင့်သက်သာရှိသည်

․․․․․ တန်ဖိုး

 ․․․․․ အခြား ․․․․․

▪ ကျွန်ုပ်၏အစပိုင်းတုံ့ပြန်မှုမှာ

“လုံးဝမဝယ်ရ။”

“ရကောင်းရနိုင်ပါလိမ့်မယ်။”

“ရပါတယ်။”

▪ ကျွန်ုပ်လက်မခံရသည့်အကြောင်းရင်းမှာ

“ဖော်လွန်းသည်။”

“မသပ်မရပ်ဖြစ်လွန်းသည်။”

“ခေတ်ဆန်လွန်းသည်။”

“သင့်မိဘများဖြစ်သည့် ကျွန်ုပ်တို့အပေါ် ဆိုးရွားစွာသက်ရောက်မှုရှိသည်။”

“အလွန်ဈေးကြီးသည်။”

အခြား ․․․․․

ဤအရာကို ကျွန်ုပ်တို့ အတူတကွလုပ်ဆောင်နိုင်သလော

▪ဤအဝတ်အစားကို ကျွန်ုပ်တို့လက်မခံနိုင်ခြင်းမှာ ကျွန်ုပ်တို့၏ကိုယ်ပိုင်အကြိုက်ဖြစ်သောကြောင့်လော

မှန်​သည် ဖြစ်​နိုင်​သည် မမှန်​ပါ။

▪ အဝတ်အစားကို လက်ခံနိုင်ဖွယ်ဖြစ်အောင် အဘယ်အရာလုပ်နိုင်သနည်း။

․․․․․

ဆုံးဖြတ်ချက်

․․․․․

[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သင့်ရွယ်တူချင်းများပြောဆိုရာ

“ကျမ်းစာမူတွေနဲ့မဆန့်ကျင်သရွေ့တော့ ‘စတိုင်’ ကျကျဝတ်စားဆင်ယင်တာ ရပါတယ်။ ကြည့်ကောင်းပြီး ကန့်ကွက်စရာမရှိတဲ့ သင်ဝယ်နိုင်တဲ့ အဝတ်အစားတွေ အများကြီးရှိတယ်။”—ဒါးရစ်ခ်။

“ကျွန်မဆယ်ကျော်သက်အရွယ်တုန်းက လွတ်လပ်လိုခဲ့တယ်။ ကျွန်မဘာဝတ်ရမယ်ဆိုပြီး လာပြောတာမျိုးကိုမကြိုက်ဘူး။ ဒါပေမဲ့ အချိန်ကြာလာတဲ့အခါမှာ မိဘတွေနဲ့လူကြီးတွေရဲ့သဘောထားကို ကျွန်မထည့်မစဉ်းစားမချင်း ကျွန်မလိုချင်တဲ့လေးစားမှုကို ကျွန်မမရခဲ့မှန်း သိလာခဲ့တယ်။”—မီဂန်။

“မလုံ့တလုံဝတ်ဆင်တဲ့မိန်းကလေးတွေကို ကျွန်မမြင်တဲ့အခါ သူတို့အပေါ်ထားတဲ့ ကျွန်မရဲ့လေးစားတဲ့စိတ် လျော့နည်းသွားတယ်။ တစ်ဖက်မှာတော့ ဣန္ဒြေရှိရှိ၊ ကြည့်ကောင်းအောင်ဝတ်တဲ့သူတွေကိုမြင်တဲ့အခါ ကျွန်မဒီလိုစဉ်းစားတယ်- ‘လူတွေ ကျွန်မကို မြင်စေတဲ့ချင်တဲ့ပုံစံက ဒီလိုပုံစံပဲ။’”—နာတလန်။

[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ယောက်ျားလေးများကော

ဤဆောင်းပါးတွင် ဆွေးနွေးခဲ့သောကျမ်းစာမူများသည် ယောက်ျားလေးများနှင့်လည်း သက်ဆိုင်သည်။ ဣန္ဒြေရှိရှိဝတ်ဆင်ပါ။ မမြင်နိုင်သော စိတ်နှလုံး၏စစ်မှန်သောအတွင်းလူကို ပေါ်လွင်ထင်ရှားစေပါ။ အဝတ်အစားနှင့်စပ်လျဉ်း၍ စဉ်းစားသောအခါ သင့်ကိုယ်သင် ဤသို့မေးပါ- ‘ဒီအဝတ်အစားက ငါနဲ့ပတ်သက်ပြီး ဘာဖော်ပြနေသလဲ။ ငါတကယ်ဘယ်လိုလူစားလဲဆိုတာ အဲဒီ “ဖော်ပြချက်” ကရောင်ပြန်ဟပ်နေသလား။’ အဝတ်အစားသည် ဖော်ပြချက်ပုံစံတစ်ခုဖြစ်သည်ကို သတိရပါ။ သင်၏အဝတ်အစားသည် သင်စံထားရာများကို ရောင်ပြန်ဟပ်နေကြောင်း သေချာစေပါလေ။

[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်]

မိဘများသတိချပ်စရာ

ဤဆောင်းပါးမှ အဖွင့်ဇာတ်လမ်းကို စဉ်းစားပြီး ဟယ်သာအား သင့်သမီးအဖြစ် မြင်ယောင်ကြည့်ပါ။ မလုံ့တလုံအဝတ်အစား သူဝတ်ဆင်နေသည်ကို သင်အမှန်ပင်သတိပြုမိသည်၊ သင့်အမြင်တွင် ယင်းအဝတ်အစားသည် ဖော်လွန်းနေသည်။ “ကလေးမ၊ အပေါ်ထပ်ကိုတက်၊ အဝတ်ကိုသွားလဲလိုက်။ အဲဒီလိုမှမဟုတ်ရင် ဘယ်မှမသွားရဘူး” ဟုချက်ချင်း သင်တုံ့ပြန်လိုက်သည်။ ယင်းတုံ့ပြန်မှုသည် ရလဒ်ကောင်းများ ရရှိစေနိုင်သည်။ နောက်ဆုံး၊ သင့်သမီးသည် မလုပ်ချင်ဘဲလုပ်လိုက်ရသည်။ သို့သော်၊ သူ့အဝတ်အစားလောက်သာမဟုတ်ဘဲ သူ့အတွေးအခေါ်ကို ပြောင်းလဲရန် သင်မည်သို့ သွန်သင်မည်နည်း။

▪ ဦးစွာ၊ ဣန္ဒြေမဲ့ခြင်း၏အကျိုးဆက်များကို သင်နားလည်သလောက် သို့မဟုတ် သင့်ထက်ပို၍ပင် သင့်မြီးကောင်ပေါက်များက ပိုနားလည်ထားရမည်ဖြစ်ကြောင်း သတိရပါ။ သင့်မြီးကောင်ပေါက်ကလေးသည် သူ့ကို မိုက်မဲသူအဖြစ် မကြည့်စေချင်သလို သို့မဟုတ် မလိုအပ်ဘဲ အာရုံမစိုက်စေလိုကြောင်း အမှန် နားလည်ပါ။ ဣန္ဒြေမဲ့ဝတ်စားဆင်ယင်ပုံသည် လုံးလုံးနှစ်သက်ဖွယ်ရာမကောင်းကြောင်း စိတ်ရှည်စွာ ရှင်းပြပါ။ * တခြားရွေးချယ်စရာများကို ပြောပြပေးပါ။

▪ ဒုတိယ၊ “သင်တို့၏အကျိုးသင့်အကြောင်းသင့်သဘောကို လူအပေါင်းတို့ရှေ့တွင် ထင်ရှားစေကြလော့။” (ဖိလိပ္ပိ ၄:၅) မိမိကိုယ်ကို ဤသို့မေးပါ– ‘ဝတ်စားဆင်ယင်မှုက ကျမ်းစာစည်းမျဉ်းကို ကျော်လွန်သလော သို့မဟုတ် ယင်းသည် ကိုယ်ပိုင်ရွေးချယ်မှုမျှသာလော။’ (၂ ကောရိန္သု ၁:၂၄) ကိုယ်ပိုင်ရွေးချယ်မှုဖြစ်သည်ဆိုလျှင် အလျှော့ပေး လိုက်လျောနိုင်သလော။

▪ တတိယ၊ သင့်မြီးကောက်ပေါက်ကလေးများအား အဘယ်အရာလက်ခံဖွယ်မကောင်းသည်ကို ပြောရုံသာမပြောပါနှင့်။ သင့်တော်လျောက်ပတ်သသော အဝတ်အစားများကို သိမြင်ရန် ကူညီပါလေ။ သင် အချိန်ယူပြီး ကြိုးစားအားထုတ်ရကျိုးနပ်ပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 107 သင့်မြီးကောင်ပေါက်ကလေးသည် သူ၏ပုံပန်းသဏ္ဌာန်ကို အာရုံစိုက်လွန်းနေပုံရသောကြောင့် သူ၏အသွင်အပြင်သည် တစ်နည်းနည်းဖြင့် ချွတ်ယွင်းမှုရှိသည်ဟု မပြောမိရန် သတိပြုပါ။