မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နည်းပညာကို ချင့်ချင့်ချိန်ချိန်နှင့် ငွေကုန်ကြေးကျသက်သာအောင် အသုံးပြုပါ

နည်းပညာကို ချင့်ချင့်ချိန်ချိန်နှင့် ငွေကုန်ကြေးကျသက်သာအောင် အသုံးပြုပါ

နည်းပညာကို ချင့်ချင့်ချိန်ချိန်နှင့် ငွေကုန်ကြေးကျသက်သာအောင် အသုံးပြုပါ

အသက် ၂၀ ကျော် ကက်သရင်းအမည်ရှိအမျိုးသမီးတစ်ဦးသည် အလုပ်တွင် ကွန်ပျူတာသုံးသည်။ သို့သော် အိမ်၌ရှိနေချိန်တွင်မူ ရည်ရွယ်ချက်မရှိဘဲ ဝက်ဘ်ဆိုက်ဝင်ကြည့်ခြင်း၊ အွန်လိုင်းမှတစ်ဆင့် စျေးဝယ်ခြင်းနှင့် အီးမေးလ်များစွာ ပေးပို့ခြင်းတို့ကို မနားမနေပြုလုပ်သည်။ သို့တိုင် သူ၏နည်းပညာအသုံးပြုမှုသည် လုပ်ဖော်ဆောင်ဖက် လူငယ်များနှင့်နှိုင်းယှဉ်လျှင် တော်ရုံသင့်ရုံဖြစ်သည်။ “အဓိပ္ပာယ်မရှိတဲ့စာတွေနဲ့ ဘာလို့ကျွန်မကို တစ်ချိန်လုံး လိုက်နှောင့်ယှက်နေကြတာလဲ။ ကျွန်မက လူပဲ၊ ဘာကြောင့် ဖုန်းနဲ့မပြောကြတာလဲ” ဟုသူ့ကိုယ်သူမေးသည်။

ဖုန်းသည်လည်း သွယ်ဝိုက်ဆက်သွယ်ရာတစ်ခုဖြစ်သည့်အတွက် ကက်သရင်း၏မေးခွန်းသည် ရှေ့နောက်မညီပါ။ သို့တိုင် ကက်သရင်း ပြောရသည့်အကြောင်းရင်းရှိသည်– လူတို့ အချင်းချင်းဆက်သွယ်မှုပြုရန် ရည်ရွယ်ထုတ်လုပ်သောကိရိယာများစွာသည် အမှန်တွင် သူတို့စပ်ကြား စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည်။ နည်းပညာအသုံးပြုရာတွင် ဟန်ချက်ညီရန် အောက်ပါကျမ်းစာမူများကို သုံးသပ်ကြည့်ပါ။

“ထို့ကြောင့် သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့။” (မဿဲ ၇:၁၂) ဆဲလ်ဖုန်းနှင့် ကွန်ပျူတာအသုံးပြုရာတွင် ယေရှုခရစ်၏အဆိုပါစကားကို လက်တွေ့ကျင့်သုံးသောအခါ ကျွန်ုပ်တို့သည် အခြားသူများအား လေးလေးစားစားဆက်ဆံပြီး ကောင်းသောအမူအကျင့်များ တင်ပြကြသည်။ အဲန်အမည်ရှိအမျိုးသမီးတစ်ဦးဤသို့ပြောသည်– “ကျွန်မနဲ့ ကျွန်မခင်ပွန်း စားသောက်ဆိုင်တစ်ဆိုင်မှာ အစာစားနေတုန်း အနားက စားပွဲမှာ အမျိုးသားနှစ်ဦး အတူအစာစားနေကြတယ်။ ဒါပေမဲ့ သူတို့ထဲကတစ်ယောက်က တစ်ချိန်လုံး ဆဲလ်ဖုန်းပြောလိုက်၊ အစာစားလိုက်လုပ်နေတယ်။ ‘တစ်ယောက်တည်း’ စားနေတဲ့သူ့အဖော်အတွက် ကျွန်မတို့ စိတ်မကောင်းဖြစ်မိတယ်။” သင်သာ ထိုသူ၏အဖော်ဖြစ်နေပါက မည်သို့ခံစားရမည်နည်း။ နာကြည်းမည်လော။ မကျေမနပ်ဖြစ်မည်လော။ ကျွန်ုပ်တို့သည် နေရာတိုင်း၊ အချိန်တိုင်းနီးပါးတွင် ဆဲလ်ဖုန်းအသုံးပြုနိုင်သည်မှန်သော်လည်း ထိုသို့မဖြစ်သင့်ပါ။ ယေရှု၏စကားသည် ကျွန်ုပ်တို့ကို လမ်းညွှန်ပေးသည့်မူဖြစ်သင့်သည်။

‘သင်တို့၏ကျင့်ကြံပြုမူပုံသည် ပညာမဲ့ကဲ့သို့မဟုတ်ဘဲ ပညာရှိကဲ့သို့ဖြစ်စေရန် ကြပ်ကြပ်သတိပြုလျက်နေကြလော့။ အခွင့်သာသောအချိန်ကို ဝယ်ယူကြလော့။’ (ဧဖက် ၅:၁၅၊ ၁၆) အချိန်သည် ဘုရားသခင်ထံမှ အဖိုးတန်ဆုကျေးဇူးတစ်ခုဖြစ်ပြီး မဖြုန်းတီးသင့်ပါ။ နည်းပညာက အချိန်သက်သာစေနိုင်သည်မှာ မှန်ပါသည်။ ဥပမာ၊ အင်တာနက်ကြောင့် သုတေသနပြုလုပ်ခြင်း၊ ဘဏ်လုပ်ငန်းလုပ်ဆောင်ခြင်းနှင့် ဈေးဝယ်ခြင်းတို့ကို မြန်မြန်ဆန်ဆန်လုပ်နိုင်သည်။ သို့သော် ရည်ရွယ်ချက်မရှိဘဲ နာရီများစွာ ဝက်ဘ်ဆိုက်ဝင်ကြည့်သည်ဆိုလျှင် ယင်းကလည်း အချိန်ခိုးသွားနိုင်သည်။

အချိန်ကုန်စေသည့် နောက်ဖြစ်နိုင်ခြေတစ်ခုမှာ အလုပ်များစွာတစ်ပြိုင်နက်လုပ်ခြင်းဖြစ်၏၊ တီဗွီကြည့်နေစဉ်၊ ဖုန်းပြောနေစဉ် ကွန်ပျူတာနှင့်အလုပ်လုပ်ခြင်း သို့မဟုတ် အီးမေးလ်ပို့ခြင်းနှင့် အခြားကွန်ပျူတာပရိုဂရမ်များကို တစ်လှည့်စီလုပ်ခြင်းဖြစ်သည်။ အလုပ်များစွာတစ်ပြိုင်နက်လုပ်ခြင်းသည် အဘယ်ကြောင့် မလိုချင်သည့် ဆန့်ကျင်ဘက်ရလဒ်ထွက်စေနိုင်သနည်း။

“ဘယ်လုပ်ငန်းကိုမဆို တစ်ပြိုင်နက်လုပ်မယ်ဆိုရင် အတွင်းကျကျသိကျွမ်းဖို့ဆိုတာ လုံး၀နီးပါးမဖြစ်နိုင်ပါဘူး” ဟုနဗ်ကြောသိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာ ဂျော်ဒန် ဂရဲဖ်မန်ကဆိုသည်။ ကျွန်ုပ်တို့သည် အရာများစွာကို တစ်ချိန်တည်းတွင် အာရုံမစိုက်နိုင်ကြပါ၊ တချို့အရာများသည် ဒုက္ခပြန်ပေးတတ်သည်။ ထို့ကြောင့် တစ်ပြိုင်နက်အလုပ်များစွာလုပ်ခြင်းသည် အပေါ်ယံသာသိခြင်းနှင့် မှတ်မိနိုင်စွမ်း အားနည်းခြင်းကို ဖြစ်စေနိုင်သည်။ ထို့ပြင် အလျင်အမြန် အာရုံပြောင်းခြင်းက လူတို့အား အမှားပိုလုပ်စေပြီး “အလုပ်ကို အစီအစဉ်တကျလုပ်ဆောင်ခဲ့လျှင် ပြီးစီးသည့်အချိန်ထက် နှစ်ဆ သို့မဟုတ် ထို့ထက်မက အချိန်ပိုယူရလေ့ရှိသည်” ဟုလည်းတိုင်းမ်မဂ္ဂဇင်းကဖော်ပြသည်။ ထို့ကြောင့် တစ်ပြိုင်နက်အလုပ်များစွာမလုပ်မီ နောက်တစ်ကြိမ် ထပ်စဉ်းစားပါ၊ တစ်ပြိုင်နက်အလုပ်များစွာလုပ်ဆောင်ပါက သတ်မှတ်ရက်အတွင်း အလုပ်မပြီးမြောက်ဘဲ ဖြစ်နေပေမည်။

‘ခပ်သိမ်းသောတပ်မက်မှုကို ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား လူတစ်ဦးသည် စိမ်းစည်ကြွယ်ဝသော်လည်း သူ၏စည်းစိမ်၌ အသက်မတည်။’ (လုကာ ၁၂:၁၅) ရုပ်ပစ္စည်းပိုင်ဆိုင်ရာများသည် မည်မျှတန်ဖိုးကြီးပြီး ဆန်းပြားနေပါစေ အသက်ကိုမပေးနိုင်သကဲ့သို့ စစ်မှန်သောပျော်ရွှင်မှုလည်း မပေးနိုင်ပါ။ ဘုရားသခင်သာ ယင်းတို့ကိုပေးနိုင်၏။ “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်၏” ဟုယေရှုမိန့်ဆိုခဲ့သည်။ (မဿဲ ၅:၃) တစ်ဖက်တွင်မူ စီးပွားရေးလောကသည် ရုပ်ပစ္စည်းရှိလျှင် ပျော်ရွှင်မည်ဟုဆို၏။ ‘ဝယ်ပါ၊ ဝယ်ပါ၊ နောက်ဆုံးပေါ်ကို ဝယ်ပါ’ ဟု အားပေးသည်။ လှည့်ဖြားမခံပါနှင့်။ ယင်းအစား ပညာရှိပါ။ ခက်ခက်ခဲခဲရခဲ့သောသင့်ငွေကိုမသုံးမီ သင့်စိတ်လှုံ့ဆော်မှုများနှင့် လိုအပ်ရာများကို ဆန်းစစ်ပါ။ အဆင့်မြင့်နည်းပညာသုံးပစ္စည်းများစွာသည် လျင်မြန်စွာ တန်ဖိုးလျော့ကျသည်ကိုလည်း သတိရပါ။ ထို့ကြောင့် သင်သည် ပစ္စည်းတစ်ခုလိုအပ်သည်ဆိုလျှင် ကိုယ့်ကိုယ်ကိုယ် ဤသို့မေးပါ– ‘ငါ့မှာ နောက်ဆုံးပေါ်ပစ္စည်း ရှိမှဖြစ်မှာလား။ အသုံးပြုချင်မှလည်းအသုံးပြုမယ့် ဒီလောက်တန်ဖိုးကြီးတဲ့ပစ္စည်းကို ငါလိုအပ်သလား။’

ကောင်းချီးလော၊ ဘေးသင့်ခြင်း၏အကြောင်းရင်းလော—သင့်ရွေးချယ်မှု

အထက်တွင်ဖော်ပြသော ကက်သရင်းသည် သူ့အိမ်သုံးကွန်ပျူတာ ပျက်သွားသောအခါ စိုးရိမ်ထိတ်လန့်ခဲ့သည်။ “ပထမတော့ ကျွန်မ ထိတ်လန့်သွားတယ်။ ဒါပေမဲ့ နောက်မှပဲလဲတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ တစ်လကြာပြီးနောက် ပိုပြီးစိတ်သက်သောင့်သက်သာရှိလာတယ်၊ ပိုပြီး စာတွေဖတ်ဖြစ်တယ်။ အလုပ်မှာ ကွန်ပျူတာအသုံးပြုတဲ့အတွက် အလုပ်ချိန်မဟုတ်တဲ့အခါ မိတ်ဆွေတွေနဲ့ ကျွန်မဆက်သွယ်နိုင်တုန်းပါပဲ။ ဒါပေမဲ့ မဖြစ်မနေ အမြဲအဆက်အသွယ်လုပ်ရမယ်လို့ မခံစားရတော့ဘူး။ နည်းပညာက ကျွန်မရဲ့ဘဝကို မထိန်းချုပ်တော့ဘူး။”

သိပ္ပံနှင့် နည်းပညာဆိုင်ရာ ထုတ်ကုန်ပစ္စည်းများစွာသည် လက်တွေ့အသုံးကျပြီး အချိန်နှင့် ခွန်အားများစွာ သက်သာစေနိုင်သည်မှာ သေချာသည်။ ထို့ကြောင့် ယင်းတို့ကို သင်အသုံးပြုဖို့လိုအပ်ပါက သုံးသာသုံးပါ၊ သို့သော် တာဝန်သိစိတ်နှင့် ချင့်ချင့်ချိန်ချိန်အသုံးပြုပါ။ မည်သို့အသုံးပြုမည်နည်း။ နည်းပညာထက် လူကိုဦးစားထားပါ။ တန်ဖိုးရှိအချိန်ကို အလဟဿဖြစ်စေခြင်းနှင့် သင်မလိုအပ်သောပစ္စည်းကိရိယာများ၊ ဆော့ဖ်ဝဲများဝယ်ယူခြင်းကို ရှောင်ပါ။ အကျင့်ပျက်မှု၊ အကြမ်းဖက်မှုတို့ကို ကြည့်ရန် အင်တာနက်နှင့် အခြားမီဒီယာများကို အသုံးမပြုပါနှင့်။ ထို့ပြင် နည်းပညာ “စွဲနေသူ” တစ်ဦး မဖြစ်ပါနှင့်။ လိုရင်းကိုပြောရလျှင် ပညာရှိပါ၊ သမ္မာကျမ်းစာတွင်တွေ့ရသော မှုတ်သွင်းခံစကားများ၊ ယုံကြည်စိတ်ချထိုက်သောမူများကို လက်တွေ့ကျင့်သုံးပါ။ မှန်ပါသည်၊ ‘ယေဟောဝါသည် ပညာကို ပေးတော်မူတတ်၏။ အသိပညာနှင့်နားလည်နိုင်သောဉာဏ်သည် နှုတ်တော်မှထွက်၏။’—သု. ၂:၆

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]

ဆဲလ်ဖုန်း၊ ကွန်ပျူတာနှင့် အမူအကျင့်ကောင်းများ

သင့်ဆဲလ်ဖုန်းနှင့် ကွန်ပျူတာကို မည်သို့ ချင့်ချင့်ချိန်ချိန် အသုံးပြုနိုင်သနည်း။ အောက်ပါအကြုံပြုချက်များကို သုံးသပ်ပါ။

▪ အခြားသူများကို အနှောင့်အယှက်ဖြစ်စေနိုင်သည့် အချိန်နှင့်နေရာတွင် ဖုန်းလက်ခံခြင်း သို့မဟုတ် ခေါ်ဆိုခြင်းကို ရှောင်ပါ။ လိုအပ်ပါက သင့်ဖုန်းကို ပိတ်ထားပါ။

▪ မျက်နှာချင်းဆိုင် အပြန်အလှန် အရေးတကြီးစကားပြောနေချိန်ကို သင့်ဖုန်းကြောင့် အနှောင့်အယှက်ဖြစ်ခွင့်မပြုပါနှင့်၊ မဖြစ်မနေပြောဖို့လိုအပ်မှသာ ပြောပါ။

▪ သင်ဖုန်းပြောသောအခါ သင်နှင့်စကားပြောနေသူကို အပြည့်အ၀အာရုံစိုက်ပါ။

▪ တစ်စုံတစ်ယောက်သည် ဆဲလ်ဖုန်းဖြင့် ဓာတ်ပုံရိုက်ခြင်းကို ရိုင်းသည် သို့မဟုတ် အနေရခက်သည်ဟု ယူမှတ်ပါက ယင်းသို့ မလုပ်ပါနှင့်။

▪ “စိတ်ဝင်စားဖို့ကောင်းသည်” ဟု သင်ယူဆသော လက်ခံရရှိသည့်အီးမေးလ်တိုင်းကို အခြားသူများအား ပြချင်စိတ်ကို တွန်းလှန်ပါ။ အပြခံရသူများသည် ယင်းကို တန်ဖိုးထားချင်မှထားပေမည်။