မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိဘတို့—သင်တို့ကလေးကို သွန်သင်လမ်းညွှန်ပါ

မိဘတို့—သင်တို့ကလေးကို သွန်သင်လမ်းညွှန်ပါ

မိဘတို့—သင်တို့ကလေးကို သွန်သင်လမ်းညွှန်ပါ

“အရင်တုန်းကဆိုရင် တီဗွီကြည့်လွန်းမှာလောက်ကိုပဲ စိုးရိမ်ရတယ်။ အခုတော့ ဗီဒီယိုဂိမ်း၊ ကွန်ပျူတာနဲ့ ဆဲလ်ဖုန်းတွေရှိနေပြီ။ အဲဒါတွေက ကလေးတွေကို လွှမ်းမိုးနေပြီး အသုံးမပြုဘဲမနေနိုင်လောက်အောင် သူတို့စွဲနေကြတယ်။ . . . စိတ်လှုံ့ဆော်ပေးတဲ့အရာတွေကို ကြိမ်ဖန်များစွာ ကြားရ၊ မြင်ရတော့ သူတို့ဦးနှောက်က ကျင့်သားရနေပြီ။ အဲဒီ စိတ်လှုံ့ဆော်ပေးတဲ့အရာတွေမပါဘူးဆိုရင် သူတို့ ဘာလုပ်ရမှန်း မသိတော့ဘူး။”—မာလီ မဲန်း၊ အမ်ဒီ။

ဆက်သွယ်မှုနည်းပညာနှင့် အင်တာနက်တို့တွင် တိုးတက်လာမှုကြောင့် ကျွန်ုပ်တို့သည် တစ်နေရာနှင့်တစ်နေရာ ပို၍ “ချိတ်ဆက်” လာသော ကမ္ဘာတွင် အသက်ရှင်နေကြသည်။ လူငယ်များစွာသည် မိမိတို့၏ သယ်ရလွယ်သောဆက်သွယ်ရေးကိရိယာများ (portable media player) သို့မဟုတ် ဆဲလ်ဖုန်းများကို သွားလေရာရာ၌ အမြဲယူသွားရမည်ဟု ယူမှတ်ကြသည်။ ယင်းတို့နှင့် အခြားကိရိယာများသည် ပို၍သြဇာညောင်းလေ၊ ပို၍ဘက်စုံအသုံးပြုနိုင်လေ၊ စျေးသက်သာလာလေ လက်ရှိ များပြားလှသောဆက်သွယ်မှုနည်းပညာတို့သည်လည်း အရှိန်မြှင့်လာရုံသာရှိပေမည်။ ယင်းက ကလေးများကို ထိန်းကျောင်း၊ လေ့ကျင့်ပြီး ဆုံးမရာတွင် မိဘများအတွက် ပို၍ပင် စိန်ခေါ်ချက်များဖြစ်လာစေသည်။

အရေးကြီးသောအရာနှစ်ခုကို မိဘများပြုလုပ်သောအခါ ယင်းစိန်ခေါ်ချက်များကို ရင်ဆိုင်ဖြေရှင်းနိုင်သည်။ ပထမ– သမ္မာကျမ်းစာပါ နယပုံပြင် ၂၂:၁၅ တွင်တွေ့ရသော ဤဖော်ပြချက်၏မှန်ကန်မှုကို အသိအမှတ်ပြုပါ– “မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း ဆုံးမသောကြိမ်လုံးသည် ထိုသဘောကို ဝေးစွာနှင်တတ်၏။” ဒုတိယ– နည်းပညာသည် ကလေးများအပေါ် အပြုသဘော သို့မဟုတ် အပျက်သဘောသြဇာသက်ရောက်နိုင်စွမ်းရှိကြောင်း နားလည်သဘောပေါက်ပြီး အပြုသဘောသြဇာသက်ရောက်မှုရှိစေရန် ကြိုးစားပါလေ။

စောစောစတင်ပါ

အိမ်များစွာတွင် တီဗွီသည် ကလေးတစ်ဦးကို နည်းပညာနှင့် မိတ်ဆက်ပေးသောအရာဖြစ်၏။ အမှန်တွင် တီဗွီသည် ကလေးထိန်းဖြစ်လာလေ့ရှိ၏။ သို့သော် အရွယ်မရောက်မီ တီဗွီကြည့်လွန်းခြင်းက ကာယလေ့ကျင့်ခန်းလုပ်ရန် စိတ်မဝင်စားခြင်း၊ လက်တွေ့ဘဝနှင့် စိတ်ကူးယဉ်အိပ်မက်ကို မခွဲခြားနိုင်ခြင်း၊ စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာပြဿနာများနှင့် နောက်ပိုင်းတွင် စာသင်ခန်းထဲ၌ အာရုံမစိုက်နိုင်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်ဟု စိတ်ရောဂါကုဆရာဝန်အချို့ ယုံကြည်ကြသည်။ ဒေါက်တာ မာလီမဲန်း ဤသို့ပြောသည်– ကလေးတချို့ကို “အာရုံစူးစိုက်မှုချို့တဲ့ခြင်းရောဂါ [ADD] သို့မဟုတ် ဂနာမငြိမ်အာရုံစိုက်မှုချို့တဲ့ခြင်းရောဂါ [ADHD] ဖြစ်နေသည်ဟုပင် မှားယွင်းစွာရောဂါအမည်တပ်ပေးပေမည် သို့မဟုတ် သူတို့တွင် စိတ်ကြွစိတ်ကျရောဂါရှိသည်ဟုပင် မှားယွင်းစွာယူဆမိနိုင်သည်။” ထို့ကြောင့် အသက်နှစ်နှစ်အောက်ကလေးများကို ရုပ်မြင်သံကြားပေးမကြည့်သင့်ကြောင်း အာဏာပိုင်အချို့ အကြံပြုကြသည်။

“ကလေးတစ်ဦး၏ဘ၀တွင် ဦးဆုံးနှစ်,နှစ်အတွင်းဖြစ်ပျက်သည့် အရေးကြီးဆုံးအရာမှာ မိဘများနှင့် နက်ရှိုင်းသောဆက်သွယ်မှုရှိခြင်းဖြစ်သည်” ဟု အမေရိကန်ကလေးရောဂါလေ့လာရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာကက်နက် ဂင်ဇ်ဘာ့ဂ်ကပြောသည်။ မိဘများသည် ကလေးများနှင့်စကားပြောဆို၊ သူတို့နှင့်အတူ ကစား၊ သူတို့ကို စာဖတ်ပြသောအခါ ယင်းဆက်သွယ်မှုကို ဖန်တီးခဲ့ကြသည်။ ထို့ပြင် မိဘများစွာသိထားသည့်အတိုင်း မှန်မှန်စာဖတ်သောကလေးများသည် စာဖတ်ခြင်းကိုနှစ်သက်လာကြပြီး ယင်းသည် အဖိုးတန်အရည်အသွေး နောက်တစ်ခုဖြစ်သည်။

ကွန်ပျူတာနှင့်ဆက်စပ်သော အသိပညာနှင့် ယင်းနှင့်ဆက်နွှယ်သော နည်းပညာများသည် အရေးကြီးပေမည်၊ သန်းပေါင်းများစွာသောကလေးများအတွက် မရှိမဖြစ်လိုအပ်ရာများပင် ဖြစ်မည်မှာသေချာသည်။ သို့သော် သင့်ကလေးသည် ကွန်ပျူတာ၊ ကွန်ပျူတာဂိမ်း၊ အင်တာနက်နှင့် ယင်းကဲ့သို့သောအရာများကို ပုံမှန်ထက် ပို၍အာရုံစိုက်လာကြောင်း သင်သတိထားမိပါက သူတို့၏စိတ်ဝင်စားရာများကို ကျယ်ဝန်းစေခြင်းသည် ပညာရှိရာရောက်ပေမည်။ မည်သို့ကျယ်ဝန်းစေမည်နည်း။ သူတို့အား စိတ်ဝင်စားဖွယ်လက်မှုပညာတစ်မျိုးမျိုး သို့မဟုတ် တူရိယာတစ်မျိုးမျိုး၊ အာရုံနှစ်မြှုပ်ပြီးလုပ်ရသည့် စိတ်ဝင်စားဖွယ်ကောင်းသော အခြားအရာတစ်ခုခုကို အသိပေးပြောပြပါလေ။

ကောင်းစွာရွေးချယ်သောလုပ်ဆောင်မှုတစ်ခုသည် လန်းဆန်းစေသောဖျော်ဖြေမှုထက် ပို၍အကျိုးရှိသည်။ ယင်းက သင့်ကလေးကို စိတ်ရှည်မှု၊ ဇွဲရှိမှု၊ ချုပ်တည်းမှုနှင့် ဖန်တီးတတ်မှုစသော အရည်အသွေးများရှိလာရန် ထောက်ကူနိုင်သည်၊ ယင်းအရည်အသွေးများသည် အမြဲအလွယ်တကူဖြေရှင်း၍မရသော ပြဿနာများပြည့်နက်နေသည့်ဘဝတွင် အောင်မြင်မှုရှိနိုင်ရန် မရှိမဖြစ်လိုအပ်သည်။

ကလေးများ ‘ဉာဏ်ပညာနှင့် စဉ်းစားဆင်ခြင်နိုင်စွမ်း’ လိုအပ်

သမ္မာကျမ်းစာတွင် အရွယ်ရောက်သူများနှင့် ကလေးများအား မိမိတို့၏ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကိုတိုးတက်စေရန် အားပေးထားသည်။ (ရောမ ၁၂:၁; သု. ၁:၈၊ ၉; ၃:၂၁) ယင်းက တစ်ဖန် ကျွန်ုပ်တို့အား အမှားနှင့်အမှန်သာမက ပညာရှိခြင်းနှင့် ပညာမဲ့ခြင်းကိုပါ ပိုင်းခြားသိမြင်စေနိုင်သည်။ ဥပမာပြရသော်၊ ကွန်ပျူတာဂိမ်းကစားခြင်း သို့မဟုတ် တီဗွီကြည့်ခြင်းတွင် နာရီများစွာအသုံးပြုခြင်းသည် ဥပဒေနှင့်မဆန့်ကျင်သော်လည်း ယင်းသည် ပညာရှိလမ်းစဉ်ဖြစ်သလော။ နောက်ဆုံးပေါ်ပစ္စည်းများ သို့မဟုတ် ဆော့ဖ်ဝဲ (software) ဝယ်ခြင်းသည် ဥပဒေနှင့်မဆန့်ကျင်သော်လည်း ယင်းသည် ပညာရှိလမ်းစဉ်ဖြစ်သလော။ သို့ဆိုလျှင် နည်းပညာနှင့်ပတ်သက်၍ သင့်ကလေးသည် ပညာရှိဆုံးဖြတ်ချက်များ ချနိုင်စွမ်းရှိရန် မည်သို့ကူညီပေးနိုင်သနည်း။

အန္တရာယ်များကို ရှင်းပြပါ။ နည်းပညာ၊ အင်တာနက်တို့နှင့်ပတ်သက်လာလျှင် ကလေးများသည် အလျင်အမြန်သင်ယူနိုင်ကြသော်လည်း ဉာဏ်ပညာနှင့် အတွေ့အကြုံမရှိပါက နုံအသူများဖြစ်လေ့ရှိသည်။ ထို့ကြောင့် သူတို့အား ရှောင်ရမည့်အန္တရာယ်များကို ပြောပြပြီး မည်သို့ရှောင်ရမည်ကို သင်ပေးပါ။ ဥပမာ၊ အွန်လိုင်းလူမှုဆက်သွယ်ရေးကွန်ရက်များကို သုံးသပ်ကြည့်ပါ။ မှန်ပါသည်၊ ယင်းကွန်ရက်များက လူငယ်များအား မိမိတို့ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြခွင့်၊ အခြားလူငယ်များနှင့် ဆုံတွေ့ခွင့်ရရှိစေနိုင်သော်လည်း လိင်မုဆိုးများ သို့မဟုတ် ရည်ရွယ်ချက်မကောင်းသည့် အခြားသူတို့အတွက် “ကုန်တိုက်” တစ်ခုလည်း ဖြစ်သွားနိုင်သည်။ * (၁ ကောရိန္သု ၁၅:၃၃) ထို့ကြောင့် ပညာရှိသောမိဘများသည် မိမိတို့ကလေးများအား ကိုယ်ပိုင်အချက်အလက်များကို အွန်လိုင်းပေါ်တွင် မဖော်ပြရန် သတိပေးသည်။ *

မှန်ပါသည်၊ ကလေးများသည် သူတို့၏ရင့်ကျက်မှုအတိုင်းအတာနှင့်အညီ သီးသန့်နေပိုင်ခွင့်ရှိသည်။ သို့သော် မိဘတစ်ဦးအနေနှင့် သင့်တွင် ဘုရားသခင်ပေးသောအခွင့်အဏာရှိပြီး ကလေးများကို လေ့ကျင့်ပေးရန်နှင့် ကြီးကြပ်ပေးရန် တာဝန်လည်းရှိ၏။ (သု. ၂၂:၆; ဧဖက် ၆:၄) သင့်စိုးရိမ်ပူပန်မှုသည် မလိုအပ်သောစပ်စုခြင်းမဟုတ်ဘဲ ကိုယ်ကျိုးစွန့်မေတ္တာတင်ပြခြင်းဖြစ်ကြောင်း သူတို့အသိအမှတ်ပြုမည်ဟု မျှော်လင့်ပါသည်။

“ဒါပေမဲ့ ကလေးတွေသုံးနေတဲ့ကိရိယာတွေအကြောင်း ငါနားမလည်ဘဲ သူတို့ကို ဘယ်လိုကူညီပေးနိုင်မလဲ” ဟုသင်ပြောပေမည်။ အနည်းဆုံး ယင်းကိရိယာများ၏အခြေခံသဘောတရားများကို လေ့လာထားပါ။ အသက် ၉၀ ကျော် မဲလ်ဘာသည် အသက် ၈၀ ကျော်သည်အထိ ကွန်ပျူတာကို ထိပင်မထိဖူးပါ။ သူဤသို့ပြောသည်– “ကွန်ပျူတာကို ဦးဆုံးအကြိမ် စသုံးတုန်းက ပြတင်းပေါက်ကနေ လွှင့်ပစ်လိုက်ချင်တယ်။ နှစ်လလောက်ကြာတော့ ဘယ်လိုသုံးရမလဲဆိုတာ နားလည်လာတယ်၊ အခုဆိုရင် အီးမေးလ်လည်းပို့တတ်ပြီ၊ တခြားလုပ်ဆောင်မှုတွေကိုလည်း အလွယ်တကူ လုပ်တတ်နေပြီ။”

နည်းပညာကို အကန့်အသတ်ဖြင့် သင့်ကလေးအား အသုံးပြုစေပါ။ သင့်ကလေးသည် တစ်ဦးတည်း တီဗွီကြည့်ခြင်း၊ အင်တာနက်ကြည့်ခြင်း သို့မဟုတ် ကွန်ပျူတာဂိမ်းကစားခြင်းတို့တွင် နာရီများစွာအသုံးပြုနေပါက အိမ်တွင် ယင်းတို့ကို အသုံးမပြုရမည့်အချိန်တချို့ သတ်မှတ်ထားပါလေ။ ယင်းက “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏” ဟူသော ကျမ်းစာမူလိုက်လျှောက်ခြင်း၏တန်ဖိုးကို သင့်သားသမီး နားလည်ရန် အထောက်အကူပြုပေမည်။ ယင်းကျမ်းစာမူသည် မိသားစုနှင့် မိတ်ဆွေများအတွက် အချိန်ပေးရမည်၊ အိမ်စာလုပ်ရန်၊ စားရန်၊ လေ့ကျင့်ခန်းလုပ်ရန် အစရှိသည်တို့အတွက် အချိန်ပေးရမည်ကို ဆိုလိုသည်။ (ဒေ. ၃:၁) အကျိုးသင့်အကြောင်းသင့်ရှိသောမူများကို တစ်သမတ်တည်းလိုက်နာခြင်းသည် မိသားစုဘဝကို စနစ်တကျဖွဲ့စည်းတည်ဆောက်စေပြီး ကလေးများအား အမူအကျင့်ကောင်းများတင်ပြစေကာ အခြားသူများကို ထောက်ထားစာနာတတ်ရန်နှင့် လူမှုရေးနားလည်လာရန် ကူညီပေးသည်။

ဤအခန်းဆက်နောက်ဆုံးဆောင်းပါးတွင် နည်းပညာများကို ချင့်ချင့်ချိန်ချိန်အသုံးပြုရုံသာမက ငွေကုန်ကြေးကျသက်သာအောင် အသုံးပြုတတ်ရန် ကလေး၊ လူကြီးအားလုံးကို ထောက်ကူပေးနိုင်သောမူအချို့ကို သုံးသပ်ကြမည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 12 ၂၀၀၈၊ အောက်တိုဘာလထုတ် နိုးလော့!တွင်ပါသော “ကလေးများအင်တာနက်သုံးခြင်းနှင့်ပတ်သက်၍ မိဘများ သိသင့်သိအပ်ရာ” ဆောင်းပါးကိုဖတ်ပါက အထောက်အကူဖြစ်စေကြောင်း မိဘများတွေ့ရှိပါလိမ့်မည်။ ၂၀၀၇ မတ်လနှင့် ဒီဇင်ဘာလ၊ ၂၀၀၈ ဇန်နဝါရီလထုတ်များရှိ အပြာစာပေရုပ်ပုံ၊ ဗီဒီယိုဂိမ်းများ၊ အင်တာနက်တို့နှင့်ပတ်သက်သော ဆောင်းပါးများသည် အထောက်အကူပြုကြောင်း တွေ့ရလိမ့်မည်။

^ အပိုဒ်၊ 12 ဆယ်ကျော်သက်လူငယ်အချို့သည်လည်း မိမိတို့၏ညစ်ညမ်းသောရုပ်ပုံများကို မိတ်ဆွေများထံ ပေးပို့ရန် ဆဲလ်ဖုန်းများကို အသုံးပြုကြသည်။ ဤသို့ပြုလုပ်ခြင်းသည် မိမိကိုယ်ကို တန်ဖိုးမရှိဖြစ်စေသည်သာမက မိုက်မဲရာလည်းကျသည်၊ အကြောင်းမှာ ပေးပို့သူ၏ရည်ရွယ်ချက်ကို ထည့်သွင်းမစဉ်းစားဘဲ ယင်းပုံများကို အခြားသူများအား ဝေမျှပေးလေ့ရှိသည်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ကလေးများသည် စိတ်ကို ဖွံ့ဖြိုးကြီးထွားစေသည့်၊ စိတ်ရှည်မှုနှင့် ဇွဲရှိမှုကို ပြုစုပျိုးထောင်စေနိုင်သည့် လုပ်ငန်းအမျိုးမျိုးလုပ်ဆောင်ဖို့လိုအပ်