မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရန်သူများကိုချစ်ဖို့ ဖြစ်နိုင်သလော

ရန်သူများကိုချစ်ဖို့ ဖြစ်နိုင်သလော

သမ္မာကျမ်းစာရှုထောင့်

ရန်သူများကိုချစ်ဖို့ ဖြစ်နိုင်သလော

ယေရှုခရစ်ဤသို့ပြောခဲ့သည်– “ငါဆိုသည်ကား သင်တို့၏ရန်သူကို ချစ်မြဲချစ်ကြလော့။ သင်တို့ကို ညှဉ်းဆဲသူတို့အတွက် ဆက်၍ဆုတောင်းပေးကြလော့။ သို့ဖြင့် လူဆိုး၊ လူကောင်းတို့အပေါ် နေကိုထွက်စေ၍ ဖြောင့်မတ်သူ၊ မဖြောင့်မတ်သူတို့အပေါ် မိုးရွာစေတော်မူသော ကောင်းကင်ဘုံရှိ သင်တို့အဖ၏သားများ ဖြစ်ကြောင်း ဖော်ပြနိုင်ကြမည်။”—မဿဲ ၅:၄၄၊ ၄၅

ဝတ်ပြုရေးကို မေတ္တာနှင့် ငြိမ်သက်မှု သို့မဟုတ် မုန်းတီးမှုနှင့် အကြမ်းဖက်မှုဖြစ်စေသည့်အရာအဖြစ် သင်မြင်သလော။ မုန်းတီးမှုနှင့် အကြမ်းဖက်မှုဖြစ်စေသည့်အရာအဖြစ် ယနေ့ လူများစွာ ယူဆကြသည်၊ အထူးသဖြင့် ဝတ်ပြုရေးသည် နိုင်ငံရေး၊ လူမျိုးရေး သို့မဟုတ် မျိုးချစ်စိတ်တို့တွင် ပါဝင်ပတ်သက်သောအခါ ထိုသို့ရှုမြင်ကြသည်။ သို့တိုင် ယေရှု၏စကားတွင်ဖော်ပြသည့်အတိုင်း ‘ဘုရားသခင်၏သားများ’ အမှန်ဖြစ်သူတို့သည် ဘုရားသခင့်မေတ္တာကို တုပကာ မိမိတို့၏ရန်သူများကိုပင် ချစ်ကြသည်။

ဘုရားသခင့်ကျေးကျွန်နောက်တစ်ဦးက ဤသို့ဖော်ပြသည်– “သင်၏ရန်သူသည် ဆာမွတ်လျှင် ကျွေးမွေးလော့။ ရေငတ်လျှင် သောက်စရာပေးလော့။ . . . အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကို ဆက်၍အနိုင်ယူနေလော့။” (ရောမ ၁၂:၂၀၊ ၂၁) သို့သော် ဤမသင့်မတင့်ဖြစ်နေသောလောကတွင် ယင်းကဲ့သို့သောမေတ္တာ တကယ်ရှိနိုင်မည်လော။ တကယ်ပင်ရှိသည်ဟု ယေဟောဝါသက်သေများ ပြတ်ပြတ်သားသားပြောနိုင်သည်။ ယေရှုနှင့် ကိုယ်တော့်အစောပိုင်းနောက်လိုက်များ၏ ပုံနမူနာကို သုံးသပ်ကြည့်ပါ။

သူတို့သည် မိမိတို့၏ရန်သူများကို ချစ်ခဲ့ကြ

ယေရှုသည် ဘုရားသခင်အကြောင်း အမှန်တရားသင်ပေးခဲ့ပြီး လူများစွာသည် ကိုယ်တော့်သွန်သင်ချက်ကို နားထောင်ရာတွင် ပျော်မွေ့ကြသည်။ သို့သော် အခြားသူတို့မှာ ကိုယ်တော့်ကို ဆန့်ကျင်ကြ၊ တချို့မှာမူ ကိုယ်တော့်ကို မသိကျိုးကျွန်ပြုခဲ့ကြသည်။ (ယောဟန် ၇:၁၂၊ ၁၃; တမန်တော် ၂:၃၆-၃၈; ၃:၁၅၊ ၁၇) သို့သော် ယေရှုသည် ဆန့်ကျင်သူတို့အပါအဝင် လူအားလုံးထံ အသက်ကယ်သတင်းတရားကို ဆက်ဟောပြောခဲ့သည်။ (မာကု ၁၂:၁၃-၃၄) အဘယ်ကြောင့်နည်း။ အချို့သည် မိမိတို့လမ်းစဉ်ကို ပြောင်းလဲကာ ကိုယ်တော်ကို မေရှိယအဖြစ် အသိအမှတ်ပြုပြီး သမ္မာကျမ်းစာတွင်တွေ့ရသော အသက်ပေးအမှန်တရားများနှင့်အညီ နေထိုင်မည်ကို ကိုယ်တော်သိခဲ့သည်။—ယောဟန် ၇:၁၊ ၃၇-၄၆; ၁၇:၁၇

လက်နက်ကိုင်ဆန့်ကျင်သူများ၏ မတရားဖမ်းဆီးခံခဲ့ရသည့်ညတွင်ပင် ယေရှုသည် မိမိရန်သူများကို မေတ္တာပြခဲ့သည်။ အမှန်မှာ၊ ကိုယ်တော်ကို လာဖမ်းဆီးသူတို့ထဲမှတစ်ဦးကို တမန်တော်ပေတရု ရုတ်တရက်ဓားဖြင့်ခုတ်လိုက်ရာ ကိုယ်တော် ကုသပေးခဲ့သည်။ ထိုအခါသမယတွင် ယေရှုသည် ယနေ့အထိ မိမိနောက်လိုက်များကို လမ်းညွှန်ပေးသော အရေးကြီးသည့်မူတစ်ခုကို ချမှတ်ခဲ့သည်။ ကိုယ်တော်ဤသို့ပြောခဲ့သည်– “ဓားကိုကိုင်သောသူရှိသမျှသည် ဓားဖြင့်ဆုံးရလိမ့်မည်။” (မဿဲ ၂၆:၄၈-၅၂; ယောဟန် ၁၈:၁၀၊ ၁၁) နှစ်ပေါင်း ၃၀ ခန့်အကြာတွင် ပေတရုဤသို့ရေးခဲ့သည်– ‘ခရစ်တော်ကိုယ်တိုင် သင်တို့အတွက် ဆင်းရဲဒုက္ခခံ၍ ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်စေရန် စံနမူနာထားတော်မူ၏။ . . . ဆင်းရဲဒုက္ခခံရသောအခါ ခြိမ်းခြောက်ခြင်းမပြုဘဲ ဖြောင့်မတ်စွာ တရားစီရင်တော်မူသောအရှင်ထံ မိမိကိုယ်ကို အပ်တော်မူ၏။’ (၁ ပေတရု ၂:၂၁၊ ၂၃) ခရစ်တော်နောက်လိုက်စစ်များ၏လမ်းစဉ်မှာ လက်တုံ့ပြန်ခြင်းမဟုတ်ဘဲ မေတ္တာလမ်းစဉ်ဖြစ်ကြောင်း ပေတရုသင်ယူခဲ့သည်မှာ ထင်ရှားသည်။—မဿဲ ၅:၉

‘ယေရှု၏ခြေရာကို အနီးကပ်လိုက်လျှောက်’ သူအားလုံးသည် ကိုယ်တော်၏မေတ္တာ၊ ကြင်နာတတ်သောပင်ကိုစိတ်ကို ရောင်ပြန်ဟပ်ကြသည်။ “သခင်၏ကျွန်သည် ခိုက်ရန်မဖြစ်ဘဲ လူခပ်သိမ်းနှင့်ဆက်ဆံရာတွင် သိမ်မွေ့သောသူ၊ . . . အဆိုးကို သည်းခံနိုင်သောသူဖြစ်ရမည်” ဟု ၂ တိမောသေ ၂:၂၄ တွင်ဆိုထားသည်။ ငြိမ်သက်မှုနှင့် ပြေလည်မှုရှိစေသည့် ယင်းအရည်အသွေးများသည် ခရစ်ယာန်အသက်တာလမ်းစဉ်တွင် ထင်ရှားမည်ဖြစ်သည်။

ငြိမ်သက်စေသော ‘ခရစ်တော်၏သံအမတ်များ’

တမန်တော်ပေါလုသည် ယုံကြည်သူချင်းများထံ ဤသို့ရေးခဲ့သည်– “ငါတို့သည် ခရစ်တော်၏ကိုယ်စား သံအမတ်များဖြစ်ကြ၏။ ‘ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်အောင် ပြုကြလော့’ ဟုခရစ်တော်၏ကိုယ်စား ငါတို့တောင်းပန်ကြ၏။” (၂ ကောရိန္သု ၅:၂၀) သံအမတ်များသည် သူတို့တာဝန်ထမ်းဆောင်ရာနိုင်ငံများ၏ နိုင်ငံရေးနှင့် စစ်ရေးစစ်ရာများတွင် ပါဝင်ပတ်သက်ခြင်းမရှိပါ။ ယင်းအစား သူတို့သည် ကြားနေကြ၏။ သူတို့၏တာဝန်မှာ မိမိတို့၏အစိုးရကိုကိုယ်စားပြုရန်နှင့် ထောက်ခံပြောဆိုပေးရန်ဖြစ်သည်။

ခရစ်တော်၏ စစ်မှန်သောသံအမတ်များနှင့် သံတမန်များသည်လည်း အလားတူဖြစ်သည်။ သူတို့သည် ယေရှုကို ဘုရင်အဖြစ်ရှုမြင်ကြပြီး သတင်းကောင်းကို ငြိမ်သက်စွာကြွေးကြော်ခြင်းဖြင့် ကောင်းကင်နိုင်ငံတော်ကို ထောက်ခံပြောဆိုကြသည်။ (မဿဲ ၂၄:၁၄; ယောဟန် ၁၈:၃၆) ထို့ကြောင့် ပေါလုသည် မိမိခေတ်ရှိခရစ်ယာန်များကို ဤသို့ရေးခဲ့သည်– ‘ငါတို့သည် လူဇာတိသဘောအရ စစ်တိုက်ကြသည်မဟုတ်။ စစ်တိုက်ရာ၌ ငါတို့သုံးစွဲသောလက်နက်သည် ဇာတိပကတိလက်နက်မဟုတ်။ ဘုရားသခင့်တန်ခိုးနှင့်ပြည့်စုံ၍ ဖြိုဖျက်နိုင်သောလက်နက်ဖြစ်၏။ မှားယွင်းသောအတွေးအခေါ်များကိုလည်းကောင်း၊ ဘုရားသခင်နှင့်ဆိုင်သောအသိပညာကိုဆန့်ကျင်သည့်ထောင်လွှားသောအရာရှိသမျှကိုလည်းကောင်း မှောက်လှန်ကြ၏။’—၂ ကောရိန္သု ၁၀:၃-၅; ဧဖက် ၆:၁၃-၂၀

ယင်းစကားများကို ပေါလုရေးခဲ့ချိန်တွင် ခရစ်ယာန်များသည် နိုင်ငံများစွာတွင် ညှဉ်းပန်းနှိပ်စက်ခံနေရသည်။ သူတို့သည် လက်တုံ့ပြန်နိုင်ခဲ့သည်မှာ သေချာ၏။ ယင်းသို့ပြုမည့်အစား မိမိတို့၏ရန်သူများကို ဆက်၍ချစ်ကြပြီး ပြန်လည်သင့်မြတ်စေသည့်သတင်းတရားကို နားထောင်သူအားလုံးထံ သူတို့ဆက်၍ဝေမျှခဲ့ကြသည်။ စွယ်စုံကျမ်းတစ်အုပ် (Encyclopedia of Religion and War) ကဤသို့ဖော်ပြသည်– “ယေရှု၏အစောပိုင်းနောက်လိုက်များသည် စစ်ပွဲနှင့် စစ်ရေးစစ်ရာများကို ယေရှု၏မေတ္တာဆိုင်ရာကျင့်ဝတ်နှင့် မိမိရန်သူများကိုချစ်ရန်ဟူသော တရားဝင်အမိန့်နှင့် မကိုက်ညီသည့်အရာ” အဖြစ် အသိအမှတ်ပြုသောကြောင့် ယင်းတို့ကို “ငြင်းပယ်ခဲ့ကြသည်။” *

ယေဟောဝါသက်သေများသည် အစောပိုင်းခရစ်ယာန်များကဲ့သို့ ယေရှုကို မိမိတို့၏ဘုရင်အဖြစ် အသိအမှတ်ပြုကြသည်။ ကိုယ်တော်ကို ဘုရားသခင့်နိုင်ငံတော်ဖြစ်သော ကောင်းကင်အစိုးရ၏ ဘုရင်တစ်ပါးအဖြစ်လည်း အသိအမှတ်ပြုကြသည်၊ ယင်းအစိုးရသည် မကြာမီ ကမ္ဘာပေါ် တည်မြဲသောငြိမ်သက်မှုနှင့် လုံခြုံမှုဆောင်ကြဉ်းပေးပါလိမ့်မည်။ (ဒံယေလ ၂:၄၄-၄၅; မဿဲ ၆:၉၊ ၁၀) ထို့ကြောင့် သူတို့သည် သံအမတ်များနှင့် သံတမန်များကဲ့သို့ ဘုရားသခင့်နိုင်ငံတော်၏ သာလွန်ကောင်းမြတ်မှုများကို ကြွေးကြော်ကြသည်။ တစ်ချိန်တည်းတွင် သူတို့သည် မိမိတို့နေထိုင်သောတိုင်းပြည်တွင် နိုင်ငံ့သားကောင်းများဖြစ်ရန် ကြိုးစားကြပြီး အခွန်များပေးဆောင်ကာ ဘုရားသခင့်ပညတ်နှင့်မဆန့်ကျင်သည့်ဥပဒေများကို လိုက်နာကြသည်။—တမန်တော် ၅:၂၉; ရောမ ၁၃:၁၊

သို့သော် ဝမ်းနည်းစရာမှာ အစောပိုင်းခရစ်ယာန်များကဲ့သို့ပင် သက်သေခံများကို တစ်ခါတစ်ရံ နားလည်မှုလွဲကြကာ သားပုပ်လေလွင့်ပြောဆိုကြပြီး ညှဉ်းပန်းနှိပ်စက်ခဲ့ကြသည်။ သို့တိုင် သူတို့သည် ဘယ်သောအခါမျှ လက်တုံ့မပြန်ကြချေ။ ယင်းအစား “လူအားလုံးနှင့် သင့်မြတ်စွာနေ” ရန်ကြိုးစားကြ၏၊ ဆန့်ကျင်သူအချို့သည် “ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်အောင်ပြု” ပြီး ထာဝရအသက်အလားအလာရရှိမည်ဟု သူတို့မျှော်လင့်ကြသည်။ *ရောမ ၁၂:၁၈; ယောဟန် ၁၇:၃

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 13 “ကွန်စတင်တိုင်း [ရောမအင်ပါယာ စီအီး ၃၀၆-၃၃၇] မတိုင်မီက ခရစ်ယာန်စာရေးဆရာများသည် စစ်ပွဲတွင် သတ်ဖြတ်ကြခြင်းကို တညီတညွတ်တည်း ပြစ်တင်ရှုတ်ချကြသည်” ဟု ယင်းစွယ်စုံကျမ်းကဖော်ပြသည်။ သမ္မာကျမ်းစာတွင် ကြိုပြောထားသောအယူဖောက်ပြန်မှုပေါ်လာသောအခါ စိတ်ပြောင်းသွားခဲ့ကြသည်။—တမန်တော် ၂၀:၂၉၊ ၃၀; ၁ တိမောသေ ၄:၁

^ အပိုဒ်၊ 15 ယေဟောဝါသက်သေများသည် ပထမရာစုခရစ်ယာန်များကဲ့သို့ လိုအပ်သောအခါ မိမိတို့၏ဝတ်ပြုရေးလွတ်လပ်ခွင့်ကို တရားရေးအရ ခုခံကာကွယ်ကြသည်။—တမန်တော် ၂၅:၁၁; ဖိလိပ္ပိ ၁:၇

သင်စဉ်းစားဖူးသလော

▪ ခရစ်ယာန်များသည် မိမိတို့၏ရန်သူများကို မည်သို့ဆက်ဆံသင့်သနည်း။—မဿဲ ၅:၄၃-၄၅; ရောမ ၁၂:၂၀၊ ၂၁

▪ ညှဉ်းပန်းနှိပ်စက်ခံရသောအခါ ယေရှုမည်သို့တုံ့ပြန်ခဲ့သနည်း။—၁ ပေတရု ၂:၂၁၊ ၂၃

▪ အစောပိုင်းခရစ်ယာန်များသည် အဘယ်ကြောင့် ပကတိစစ်ရေးစစ်ရာများကို ငြင်းပယ်ခဲ့ကြသနည်း။—၂ ကောရိန္သု ၅:၂၀; ၁၀:၃-၅