မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့ အဘယ်ကြောင့် ဤတွင်ရောက်ရှိနေကြသနည်း

ကျွန်ုပ်တို့ အဘယ်ကြောင့် ဤတွင်ရောက်ရှိနေကြသနည်း

ကျွန်ုပ်တို့ အဘယ်ကြောင့် ဤတွင်ရောက်ရှိနေကြသနည်း

သမ္မာကျမ်းစာအရ ယေဟောဝါအမည်ရှိဘုရားသခင်သည် အမြင့်မြတ်ဆုံးဉာဏ်ကြီးရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် စကြ၀ဠာရှိတန်ခိုးစွမ်းအားရှိသမျှ၏ရင်းမြစ်နှင့် စကြဝဠာကိုဖန်ဆင်းသောအရှင်ဖြစ်တော်မူ၏။ (ဆာလံ ၈၃:၁၈; ၉၂:၅) သမ္မာကျမ်းစာ၏ပထမအခန်းကြီးတွင် ဤသို့ဖော်ပြထားသည်- “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။” ထို့နောက် ဘုရားသခင်သည် မိမိတွင်ရှိသော အရည်အသွေးများကို လူတွင်ထည့်သွင်းခြင်းဖြင့် မိမိ “ပုံသဏ္ဌာန်” နှင့်အညီ လူကိုဖန်ဆင်းတော်မူသည်ဟု ဆိုနိုင်သည်၊ များပြားစွာမွေးဖွားပြီး ကမ္ဘာမြေကိုပြည့်စေရန် လူကို မိန့်တော်မူခဲ့သည်။—ကမ္ဘာဦး ၁:၁၊ ၂၆၊ ၂၈

ဘုရားသခင်သည် ကမ္ဘာမြေနှင့် ယင်းတွင်ရှိသည့် များစွာသောတိရစ္ဆာန်များ၊ အပင်များအပါအဝင် စကြဝဠာကိုဖန်ဆင်းရခြင်းသည် လူသားများအား နေရာချပေးရန်သာဖြစ်သည်ဟု ယင်းကဆိုလိုပါသလော။ ထို့ပြင် ကျွန်ုပ်တို့သည် စားကြ၊ သောက်ကြပြီး ကလေးများမွေးဖွားကာ ဘဝတွင် ဆယ်စုနှစ်အနည်းငယ်ပျော်မွေ့ရုံအတွက်သာ ဤတွင်ရောက်ရှိနေကြခြင်းလော။

ဘုရားသခင်သည် ကျွန်ုပ်တို့ကို အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း

ယေဟောဝါဘုရားသခင်သည် မိမိ၏မေတ္တာဖော်ပြချက်အဖြစ် လူသားကို ဖန်ဆင်းတော်မူခဲ့၏၊ ကိုယ်တော်သည် လူသားများအား အသက်နှင့် ပျော်ရွှင်မှုကို ဝေမျှပေးလိုခဲ့သည်။ လူသားကို အလှအပနှင့် ပေါကြွယ်ဝမှုတို့ဖြင့် ဝန်းရံထားစေရန် ဘုရားသခင်သည် မျက်မြင်ရဖန်ဆင်းရာရှိသမျှကို ပြုလုပ်ရာတွင် များစွာရွှင်လန်းတော်မူခဲ့သည်မှာ သေချာသည်။ ထို့ထက်ကား လူတို့သည် ဖန်ဆင်းရှင်အား သိကျွမ်းပြီး ကိုယ်တော်နှင့် အဆက်အသွယ်ပြုခြင်းဖြင့် ဖန်ဆင်းရှင်နှင့်ရင်းနှီးသောဆက်ဆံရေးရှိရန်ဖြစ်သည်။ သူတို့ကို စုံလင်သော၊ ငြိမ်းချမ်းသောအခြေအနေများအောက် ထာဝစဉ်အသက်ရှင်ရန် ဖန်ဆင်းထားသည်။—ကမ္ဘာဦး ၃:၈၊ ၉; ဆာလံ ၃၇:၁၁၊ ၂၉

ထို့ပြင် ယေဟောဝါသည် လူတို့ကို အဓိပ္ပာယ်ရှိပြီး ကျေနပ်ဖွယ်ကောင်းသောအလုပ်လုပ်ရန် တာဝန်ပေးထား၏။ ပထမလူသားများကို ဘုရားသခင်ဤသို့မိန့်တော်မူ၏– “များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သောတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့။” (ကမ္ဘာဦး ၁:၂၈) မှန်ပါသည်၊ ပထမမောင်နှံစုံနှင့် သူတို့၏သားစဉ်မြေးဆက်များသည် ကမ္ဘာမြေတစ်ပြင်လုံးကို ပျော်ရွှင်ဖွယ်ပရဒိသုအဖြစ်သို့ ပြောင်းလဲသွားစေရန်ဖြစ်သည်။

ယေဟောဝါရည်ရွယ်ခဲ့သည့်အတိုင်း ချက်ချင်းမဖြစ်လာခဲ့ပါ။ * သို့သော် လူသားများအတွက် ဘုရားသခင့်မူလရည်ရွယ်ချက်သည် ပြည့်စုံပါလိမ့်မည်။—ဟေရှာယ ၄၆:၉-၁၁; ၅၅:၁၁

ထိုအတောအတွင်း လူ၏အလိုဆန္ဒ—သူ၏လိုအပ်မှု—မှာ ဘုရားသခင်ကို သိကျွမ်းရန်နှင့် ကိုယ်တော်နှင့်ဆက်ဆံရေးရှိရန်ဖြစ်ကြောင်း ဘ၀ရည်ရွယ်ချက်ရှာဖွေခြင်းက သိသာထင်ရှားစေသည်။ လူသည် စူးစမ်းလိုစိတ်နှင့် နားလည်သဘောပေါက်လိုစိတ်ရှိသော အသိဉာဏ်ရှိသတ္တဝါအဖြစ် ဖန်ဆင်းခံခဲ့ရသည်။ ထို့ပြင် လူသည် ဘုရားသခင်နှင့် ကိုယ်တော့်ဖန်ဆင်းခြင်းဆိုင်ရာ စိတ်ကျေနပ်ဖွယ်အသိပညာကို ထာဝစဉ်လေ့လာဆည်းပူးမည်ဖြစ်ကြောင်း သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။

လူ့ရည်ရွယ်ချက်နှင့်ပတ်သက်၍ ကျမ်းရေးသူတစ်ဦး ဤသို့ဖော်ပြခဲ့သည်– ‘လူသားတို့ကျင်လည်ရာဖို့ ဘုရားသခင်ပေးတော်မူသော ပင်ပန်းခြင်းအမှုကို ငါကြည့်မြင်ပြီ။ ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ လျောက်ပတ်စွာဖန်ဆင်းတော်မူပြီ။ လူစိတ်နှလုံးကိုလည်း အဆုံးမဲ့ကာလ၌စွဲလမ်းစေတော်မူပြီ။ သို့ရာတွင် ဘုရားသခင်စီရင်တော်မူသောအမှုကို အစမှအဆုံးတိုင်အောင် လူသည် စစ်၍မကုန်နိုင်။ ရွှင်လန်းခြင်းအမှုနှင့်အသက်ရှင်စဉ်တွင် ကျေးဇူးပြုခြင်းအမှုမှတစ်ပါး အခြားသောအမှုအရာတို့၌ အကျိုးကျေးဇူးမရှိသည်ကို ငါသိ၏။ လူတိုင်း စားသောက်ခြင်းငှာလည်းကောင်း၊ မိမိကြိုးစားအားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှာလည်းကောင်း ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။’ (ဒေ. ၃:၁၀-၁၃) ထို့ကြောင့် ဘုရားသခင်နှင့် ကိုယ်တော့်ဖန်ဆင်းရာများကို လူတို့လေ့လာရာတွင် ဘယ်သောအခါမှ ပြီးဆုံးမည်မဟုတ်ပါ။

ဘုရားသခင်အကြောင်း သင်ယူပါ

ယေဟောဝါ၏ဖန်ဆင်းရာများကို ဆန်းစစ်ခြင်းအားဖြင့် ကိုယ်တော်ကို သင်သိကျွမ်းနိုင်၏။ သမ္မာကျမ်းစာရေးသူတစ်ဦး ဤသို့ပြောခဲ့သည်– “ဖန်ဆင်းထားရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ဘုရားသခင့်အဖြစ်တော်တည်းဟူသော မျက်မြင်မရသောဘုရားသခင်၏ဂုဏ်ရည်တော်များသည် လောကဖန်ဆင်းချိန်မှစ၍ ထင်ရှားစွာ သိမြင်ရ၏။” (ရောမ ၁:၂၀) မှန်ပါသည်၊ ယေဟောဝါ၏မေတ္တာ၊ ဉာဏ်ပညာနှင့် တန်ခိုးတော်တို့သည် ဖန်ဆင်းရာများတွင် များစွာပေါ်လွင်ထင်ရှားသည်။

ဘုရားသခင်အကြောင်းသိနိုင်သည့် နောက်ထပ်အရေးကြီးသောအချက်အလက်ရင်းမြစ်မှာ သမ္မာကျမ်းစာဖြစ်သည်။ ဖန်ဆင်းရာများကိုဆန်းစစ်ခြင်းမှ သိရှိနိုင်သည်ထက် ယင်းမှုတ်သွင်းခံစာအုပ်က ကျွန်ုပ်တို့အား ယေဟောဝါ၏ရှုမြင်ချက်များ၊ အရည်အသွေးများနှင့် ရည်ရွယ်ချက်များဖြစ်သည့် ကိုယ်တော့်အကြောင်း များစွာသင်ပေးသည်။

ဘုရားသခင့်ရည်ရွယ်ချက်နှင့်ပတ်သက်၍ သမ္မာကျမ်းစာတွင် ဤသို့ဖော်ပြထားသည်– ‘ကောင်းကင်ကား ယေဟောဝါ၏ကောင်းကင်ဖြစ်၏။ မြေကြီးကိုကား လူသားတို့အားပေးတော်မူပြီ။’ (ဆာလံ ၁၁၅:၁၆) ဤစကြဝဠာတွင် လူသားတို့အသက်ရှင်ရန် ပြီးပြည့်စုံသည့် တစ်ခုတည်းသောနေရာမှာ ကမ္ဘာမြေဖြစ်ပုံရသည်၊ ယေဟောဝါသည် ကမ္ဘာမြေကို ထိုရည်ရွယ်ချက်အတွက်ပင် ဖန်ဆင်းတော်မူခဲ့သည်။

သို့ဆိုလျှင် အတိုင်းမသိကျယ်ပြန့်သော စကြဝဠာနှင့်ပတ်သက်၍ကော အသို့နည်း။ ကျွန်ုပ်တို့အထက်ဝန်းကျင်ရှိကြယ်ရှိရှိသမျှတို့သည် ကမ္ဘာမြေပေါ် သက်ရှိများဆက်အသက်ရှင်နိုင်ရန် ကျွန်ုပ်တို့၏နေအဖွဲ့အစည်းကို ပြည့်စုံကောင်းမွန်ပြီး ဟန်ချက်ညီစေဖို့အတွက်သာ ရှိနေကြခြင်းလော။ ကောင်းကင်တန်ဆာများသည် ညကောင်းကင်ယံကို လှပစေဖို့အတွက်သာ ရှိနေကြခြင်းလော။ ကျွန်ုပ်တို့မသိသေးသောအရာများစွာရှိသည်ကို အသိအမှတ်ပြုရမည်။ သို့သော် ယင်းသို့မသိရသေးခြင်းသည် ကောင်း၏။ အဘယ်ကြောင့်နည်း။

ဘုရားသခင်ပြုလုပ်ခဲ့သမျှနှင့် ရည်ရွယ်တော်မူခဲ့ရာတို့ကို နားလည်နိုင်ရန် ထာဝရကာလသည် လူသားများအတွက် လုံလောက်မည်မဟုတ်ပါ။ ကိုယ်တော်သည် ကျွန်ုပ်တို့၏အနာဂတ်ကို အဆုံးမဲ့ရှာဖွေလေ့လာမှုနှင့် အဆုံးမဲ့ပျော်ရွှင်မှုဖြစ်စေလိုသည်။ ကမ္ဘာပေါ် ပျော်ရွှင်စွာထာဝစဉ်အသက်ရှင်ရခြင်းက နာခံမှုရှိသောလူသားများအား စကြဝဠာအကြောင်း ပို၍ပို၍ဆည်းပူးလေ့လာရန် လုံလောက်သောအခွင့်အရေးပေးပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ဆိုးသွမ်းမှုနှင့် ဆင်းရဲခက်ခဲမှုများရှိနေခြင်းသည် မေတ္တာရှိဖန်ဆင်းရှင်တစ်ပါးရှိကြောင်း ယုံကြည်ရန် လူများစွာအတွက် အတားအဆီးဖြစ်နေသည်။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ်၏ အခန်း ၁၁ ကိုကြည့်ပါ။

[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]

လူသည် စူးစမ်းလိုစိတ်နှင့် နားလည်သဘောပေါက်လိုစိတ်ရှိသော အသိဉာဏ်ရှိသတ္တဝါအဖြစ် ဖန်ဆင်းခံခဲ့ရ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံများ]

ကမ္ဘာမြေကို လူသားများပျော်မွေ့ရန်အတွက် အဓိကဖန်ဆင်းထားခြင်းဖြစ်ကြောင်း သမ္မာကျမ်းစာဖော်ပြ