မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်အား ဝတ်ပြုလိုသည့်ဆန္ဒကို ဖြည့်ဆည်းနိုင်

ဘုရားသခင်အား ဝတ်ပြုလိုသည့်ဆန္ဒကို ဖြည့်ဆည်းနိုင်

သမ္မာကျမ်းစာရှုထောင့်

ဘုရားသခင်အား ဝတ်ပြုလိုသည့်ဆန္ဒကို ဖြည့်ဆည်းနိုင်

လူတို့အတွက် အစားအစာသည် အခြေခံလိုအပ်ချက်ဖြစ်သကဲ့သို့ ဘုရားသခင်အားဝတ်ပြုလိုသည့်ဆန္ဒသည်လည်း ထိုနည်းတူဖြစ်သည်။ အသက်ကိုထောက်ပံ့ပေးနိုင်သည့် မျိုးပေါင်းများစွာသောအစားအစာရရှိနိုင်သောကြောင့် အာဟာရဖြည့်စွက်ဖို့ဆိုလျှင် ကောင်းသောအရာကို ကျွန်ုပ်တို့ရွေးချယ်ပိုင်ခွင့်ရှိသည်။ ဝတ်ပြုကိုးကွယ်ခြင်းတွင်လည်း အလားတူဖြစ်သလော။ ဝတ်ပြုကိုးကွယ်လိုသည့် ကျွန်ုပ်တို့၏ဆန္ဒကိုဖြည့်စွက်ပေးသည်ဟုဆိုကြသော ထုံးတမ်းဓလေ့များစွာ၊ ဝတ်ပြုမှုအစဉ်အလာများစွာရှိသည်။

သင်သည် ဝတ်ပြုရေးနှင့်နွှယ်နေသည့်အရာ တစ်ခုခုလုပ်ဆောင်နေသရွေ့ သင်ရွေးချယ်ထားသောယုံကြည်ချက် သို့မဟုတ် ဝတ်ပြုကိုးကွယ်မှုပုံစံသည် ဘာမျှအရေးမကြီးဟု လူများစွာခံစားကြသည်။ သင်မည်သို့ထင်သနည်း။ ကိုးကွယ်လိုသည့်ဆန္ဒကို သင်ဖြည့်စွက်ပုံသည် အရေးကြီးပါသလော။ သမ္မာကျမ်းစာက ဘာပြောသနည်း။

ကိုးကွယ်လိုသည့်ဆန္ဒအမှန်တွင် ပါဝင်သည့်အရာ

ကျွန်ုပ်တို့တွင် ကိုးကွယ်လိုသည့်ဆန္ဒရှိရခြင်း၏အကြောင်းရင်းကို သမ္မာကျမ်းစာထဲမှ ကမ္ဘာဦး ၁:၂၇ တွင် ဤသို့ဖော်ပြထားသည်– “ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား လူမိန်းမကိုဖန်ဆင်း” တော်မူ၏။ ယေဟောဝါဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်သောကြောင့် ယင်းကျမ်းချက်မှာ ရုပ်ပိုင်းဆိုင်ရာတူညီမှုမဟုတ်ဘဲ အရည်အသွေးများတွင် ဆင်တူမှုများရှိသည်ကို ရည်ညွှန်းခြင်းဖြစ်သည်။ ပထမလူအာဒံသည် ဖန်ဆင်းရှင်ကဲ့သို့ပင် ကိုယ်ကျိုးစွန့်မေတ္တာ၊ သနားကြင်နာမှု၊ ထောက်ထားစာနာမှု၊ တရားမျှတမှုနှင့် ချုပ်တည်းမှုကဲ့သို့သော အရည်အသွေးများကို တန်ဖိုးထားပြီး တင်ပြနိုင်သည်။ ဘုရားသခင့်ပညတ်များနှင့်အညီ သူ၏လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုအသုံးပြုရာတွင် လမ်းညွှန်ခံရရန် သူ့တွင် ကိုယ်ကိုကိုယ်သိသောစိတ်၊ ကိုယ်ကျင့်တရားဆိုင်ရာသိစိတ်ကိုလည်း ကိုယ်တော်ထည့်သွင်းထားသည်။ ယင်းအရည်အသွေးများက သူ့ကို တိရစ္ဆာန်များနှင့်မတူဘဲ ဖန်ဆင်းရှင်၏အလိုတော်ကိုထမ်းဆောင်နိုင်ဖို့ အသင့်ဖြစ်စေသည်။—ကမ္ဘာဦး ၁:၂၈; ရောမ ၂:၁၄

လူတို့၏ဝတ်ပြုကိုးကွယ်လိုသည့်ဆန္ဒတွင် မရှိမဖြစ်လိုအပ်ရာတစ်ခုကို သမ္မာကျမ်းစာက ဖော်ပြထားသည်။ ၁ ကောရိန္သု ၂:၁၂-၁၅ တွင် ဘုရားသခင့်အရည်အသွေးတင်ပြသူတစ်ဦးကို ကိုယ်တော်ထံမှ စွမ်းအားတော်ရရှိသူတစ်ဦးအဖြစ် ဖော်ပြထားသည်။ ဘုရားသခင်နှင့်ဆက်နွှယ်သောအရာများကိုသိရှိရန် ယင်းစွမ်းအားတော်၏လုပ်ဆောင်မှု မရှိမဖြစ်လိုအပ်သည်။ ဤသို့ဖြင့် လူတစ်ဦးသည် ကိစ္စရပ်များကို ဘုရားသခင့်ရှုထောင့်မှ ဆန်းစစ်နားလည်နိုင်သည်။ ယင်းနှင့်ဆန့်ကျင်လျက် ဘုရားသခင့်စွမ်းအားတော်မရှိသူကို ဇာတိလူဟုခေါ်ထားပြီး ထိုသူသည် ဘုရားသခင်နှင့်ဆက်နွှယ်ရာများကို မိုက်မဲရာများအဖြစ် ယူမှတ်သည်။ ထို့ကြောင့် သူ၏ဆင်ခြင်သုံးသပ်ချက်များသည် လူ့ဉာဏ်ပညာဖော်ပြရာများ၏ဘောင်အတွင်း၌သာ ရှိသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင့်ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခံရသောကြောင့် ကိုယ်တော်ကဲ့သို့ပင် စဉ်းစားလုပ်ဆောင်နိုင်စွမ်းရှိကြသော်လည်း ကျွန်ုပ်တို့သည် ကိုယ့်ကိုယ်ကိုယ်သိခြင်း၊ လူ့ဉာဏ်ပညာ သို့မဟုတ် အောင်မြင်ပြီးမြောက်မှုတို့မှတစ်ဆင့် ကိုးကွယ်လိုသည့်ဆန္ဒမှန်ကို နားမလည်နိုင်ပါ။ ယင်းကိုနားလည်နိုင်ရန် ဘုရားသခင့်စွမ်းအားတော် လွှမ်းမိုးမှု လိုအပ်သည်။ အမှန်တွင် ဘုရားသခင့်စွမ်းအားတော်၏သြဇာလွှမ်းမိုးမှု ငြင်းပယ်ပြီး မိမိတို့၏လိုအင်ဆန္ဒများနှင့် ဘုရားသခင်နှင့်မဆိုင်သောအရာများကို လိုက်စားရန်ရွေးချယ်သူတို့ကို ဘုရားသခင်အား ကိုးကွယ်လိုသည့်ဆန္ဒမှန်မရှိသူများအဖြစ် ဖော်ပြထားသည်။ သူတို့သည် ဇာတိလိုအင်ဆန္ဒများဘက်သို့ တိမ်းညွတ်ကြသည်။—၁ ကောရိန္သု ၂:၁၄; ယုဒ ၁၈၊ ၁၉

လိုအပ်ချက်ကို ဖြည့်စွက်ခြင်း

ဆန္ဒမှန်နှင့်ကိုးကွယ်လိုစိတ်ကိုဖြည့်စွက်ခြင်းသည် ယေဟောဝါကို ဖန်ဆင်းရှင်အဖြစ် အသိအမှတ်ပြုခြင်းနှင့် ကိုယ်တော်ကြောင့် ကျွန်ုပ်တို့တည်ရှိလာသည်ကို သိမှတ်ခြင်းဖြင့်စတင်သည်။ (ဗျာ. ၄:၁၁) ထို့ကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏အလိုတော်ကို အတတ်နိုင်ဆုံးလုပ်ဆောင်မှသာလျှင် ကျွန်ုပ်တို့၏အသက်တာသည် အဓိပ္ပာယ်ရှိလာမည်ကို သဘောပေါက်ကြသည်။ (ဆာလံ ၁၁၅:၁) ဘုရားသခင့်အလိုတော်ဆောင်ခြင်းသည် ဘဝအသက်တာတွင် ရည်ရွယ်ချက်ရှိစေပြီး ယင်းရည်ရွယ်ချက်သည် ကျွန်ုပ်တို့ကိုယ်ကာယအတွက် အစားအစာအရေးကြီးသကဲ့သို့ ဘုရားသခင်ကို မှီခိုရန်လိုအပ်မှုတွင် အရေးကြီးသည့်ကဏ္ဍဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အားမှီခိုရာတွင် လူသိများသောလူသားတစ်ဦးဖြစ်သူ ယေရှု ဤသို့ပြောနိုင်သည်– “ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်းသည် . . . ငါ့စားစရာဖြစ်၏။” (ယောဟန် ၄:၃၄) ဘုရားသခင့်အလိုတော်ဆောင်ခြင်းက ယေရှုကိုခွန်အားရှိစေပြီး လန်းဆန်းမှုနှင့် ကျေနပ်ရောင့်ရဲမှု ရရှိစေသည်။

ကျွန်ုပ်တို့သည် ဘုရားသခင့်ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခံရသောကြောင့် ဘုရားသခင်နှင့်စပ်လျဉ်း၍ ကျေနပ်မှုစစ်ရရှိရန် ကျွန်ုပ်တို့၏စရိုက်ကို ကိုယ်တော်၏စရိုက်နှင့်ကိုက်ညီအောင် လုပ်ဆောင်ခြင်းအပေါ်တွင်လည်း မူတည်သည်။ (ကောလောသဲ ၃:၁၀) ယင်းသို့ပြုခြင်းဖြင့် ကျွန်ုပ်တို့အားဂုဏ်နိမ့်စေသော သို့မဟုတ် အခြားသူများနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ထိခိုက်စေသည့် အမူအကျင့်များကို ကျွန်ုပ်တို့ရှောင်ရှားသည်။ (ဧဖက် ၄:၂၄-၃၂) ကျွန်ုပ်တို့သည် အပြစ်ရှိသည်ဟူသောကိုယ်ကိုကိုယ်သိသောစိတ်၏ ထိုးနှက်မှုဒဏ်မခံရသောကြောင့် ယေဟောဝါ၏စံနှုန်းများနှင့်အညီ အသက်ရှင်ရန်ရွေးချယ်ခြင်းသည် ကျွန်ုပ်တို့၏ဘဝကိုမြှင့်တင်ပေးပြီး စစ်မှန်သောစိတ်၏ငြိမ်သက်မှုကို ရရှိစေသည်။—ရောမ ၂:၁၅

‘လူသည် မုန့်အားဖြင့်သာ အသက်ရှင်ရမည်မဟုတ်။ ယေဟောဝါဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ရှင်ရမည်’ ဟုယေရှုပြောသောအခါ ဘုရားသခင်ကိုမှီခိုလိုသောကျွန်ုပ်တို့၏ဆန္ဒကို ဖြည့်ဆည်းခြင်းနှင့်ပတ်သက်သည့် နောက်ထပ်အခြေခံအမှန်တရားကို ဖော်ပြခဲ့သည်။ (မဿဲ ၄:၄) ဘုရားသခင်နှင့်စပ်လျဉ်းရာများကို အမြဲအာရုံစိုက်ဖို့လိုသည်။ လူအများစုမေးလေ့ရှိသည့် ဘဝနှင့်ပတ်သက်သောမေးခွန်းများကို ကျမ်းစာမှတစ်ဆင့် ယေဟောဝါဖြေကြားတော်မူသည်။—၂ တိမောသေ ၃:၁၆၊ ၁၇

စစ်မှန်သောပျော်ရွှင်မှု၏ရင်းမြစ်

လူတစ်ဦးသည် အစာဖျင်းများစားခြင်းဖြင့် မိမိ၏ဆာလောင်မှုကို ဖြည့်ဆည်းပေမည်။ အလားတူပင် ဘုရားသခင်အားမှီခိုလိုသည့် ဆန္ဒပြင်းပြမှုကို ကျေနပ်စေပုံပေါက်သည့်လုပ်ဆောင်မှုများ သို့မဟုတ် လူ့အတွေးအခေါ်များဖြင့် “ဖြည့်စွက်” နိုင်သည်။ သို့သော် ဓာတ်စာဖျင်းသည် အာဟာရချို့တဲ့ခြင်း၊ ရောဂါရရှိစေခြင်း သို့မဟုတ် ယင်းထက်ပိုဆိုးစေနိုင်သည်မှာ သေချာသကဲ့သို့ ဘုရားသခင်ကိုဝတ်ပြုလိုသည့် ကျွန်ုပ်တို့၏ဆန္ဒကို နည်းမှန်လမ်းကျဖြည့်စွက်ဖို့ပျက်ကွက်ခြင်းက အန္တရာယ်ဖြစ်စေမည်မှာ သေချာသည်။

သို့သော် ယေဟောဝါဘုရားသခင်နှင့် ဆက်ဆံရေးပြုစုပျိုးထောင်မည်၊ ကိုယ်တော့်အလိုတော်ဆောင်ရန် ရှာကြံမည်၊ ကိုယ်တော့်လမ်းညွှန်မှုကို လိုက်လျှောက်မည်ဆိုလျှင် ဤကျမ်းစာစကား၏နောက်ကွယ်ရှိအမှန်တရားကို တွေ့ရှိပါလိမ့်မည်– “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏။”—မဿဲ ၅:၃

သင်စဉ်းစားဖူးသလော

▪ ဘုရားသခင်ကို မှီခိုလိုစိတ်သည် အဘယ်မှလာသနည်း။—ကမ္ဘာဦး ၁:၂၇

▪ ဘုရားသခင်အား မှီခိုလိုစိတ်ကို မိမိတို့ဘာသာ ဖြည့်စွက်နိုင်သလော။—၁ ကောရိန္သု ၂: ၁၂-၁၅

▪ ဘုရားသခင်အား မှီခိုလိုစိတ်ကို ဖြည့်စွက်ရန် ဘာလုပ်ရမည်နည်း။—မဿဲ ၄:၄; ယောဟန် ၄:၃၄; ကောလောသဲ ၃:၁၀

[စာမျက်နှာ ၁၃ ပါ အကျဉ်းဖော်ပြချက်]

ဘုရားသခင်ကိုဝတ်ပြုလိုသည့်ကျွန်ုပ်တို့၏ဆန္ဒကို နည်းမှန်လမ်းကျဖြည့်စွက်ဖို့ပျက်ကွက်ခြင်းက အန္တရာယ်ဖြစ်စေမည်မှာ သေချာသည်