မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုထံ “ပညာရှိတို့” ကို ဦးဆောင်လမ်းပြသောကြယ်မှာ မည်သို့သောကြယ်နည်း

ယေရှုထံ “ပညာရှိတို့” ကို ဦးဆောင်လမ်းပြသောကြယ်မှာ မည်သို့သောကြယ်နည်း

ယေရှုထံ “ပညာရှိတို့” ကို ဦးဆောင်လမ်းပြသောကြယ်မှာ မည်သို့သောကြယ်နည်း

လူကြိုက်များသောခရစ္စမတ်ပုံပြင်များက ယင်းကြယ်ကို ကောင်းကင်မှ နိမိတ်ကောင်းတစ်ခုအဖြစ် ဖော်ပြကြသည်။ ယင်းသည် မှန်၏လော။

▪ အရှေ့တိုင်းမှ “ပညာရှိတို့” မြင်တွေ့ခဲ့သည့် ယင်းထူးဆန်းသောကြယ်သည် နောက်ဆုံးတွင် သူငယ်ယေရှုထံ သူတို့ကိုဦးဆောင်လမ်းပြပေးခဲ့ကြောင်း ကျမ်းရေးသူမဿဲက ဖော်ပြသည်။ (မဿဲ ၂:၁-၁၂) လူကြိုက် များသောခရစ္စမတ်ပုံပြင်များတွင် ယင်းကြယ်ကို ကောင်းကင်မှနိမိတ်ကောင်းတစ်ခုအဖြစ် တင်ပြသည်။ အကိုးအကားစာအုပ်တစ်အုပ်က ယင်းကြယ်ကို “သူငယ်ယေရှုအား မိမိ၏ချစ်မြတ်နိုးရသောသားအဖြစ် ခမည်းတော်၏ဂုဏ်တင်အသိအမှတ်ပြုမှုကို ဖော်ပြသည့် . . . ဘုရားသခင်၏ ကြိုတင်စီစဉ်မှု” အစိတ်အပိုင်းအဖြစ် ရည်ညွှန်းထားသည်။ ခရစ္စမတ်တေးသီချင်းများတွင်ပင် ယင်းကြယ်ကို ဂုဏ်တင်ထား၏။ ယင်းကြယ်သည် အဘယ်အရာနည်း။

ယင်းသည် ကောင်းကင်ယံမှသဘာဝဖြစ်ရပ်တစ်ခုဟု အချို့သူတို့ ဖော်ပြခဲ့ကြသည်။ ပညာရှင်အများက ယင်းသည် ဂြိုဟ်များတစ်လုံးနှင့်တစ်လုံး ယှဉ်နေခြင်းကြောင့် ပေါ်ထွက်လာမှုဟု အဆိုပြုခဲ့ကြသည်။ သို့သော် သမ္မာကျမ်းစာအဘိဓာန်သစ် ထောက်ပြသကဲ့သို့ “ယင်းသို့သောဖြစ်ရပ်ကို ‘ကြယ်တစ်လုံး’ ဟု ယေဘုယျအားဖြင့် မရည်ညွှန်းနိုင်ပါ။” ဂြိုဟ်များစွာသည် တစ်လုံးနှင့်တစ်လုံး နီးကပ်စွာဖြတ်သွားနေစဉ် ယင်းဂြိုဟ်များသည် ကြယ်တစ်လုံးအဖြစ်မဟုတ်ဘဲ အလင်းအစက်အပြောက်တစ်ခုအဖြစ် ပေါ်ထွက်နေမည်သာဖြစ်သည်။ အချို့က ကြယ်တံခွန် သို့မဟုတ် စူးစူးရှရှတောက်ပသောကြယ်တစ်လုံးကဲ့သို့သော ကောင်းကင်ဆိုင်ရာအခြားဖြစ်ရပ်ဖြစ်ကြောင်း ဆိုကြသည်။ သို့သော် ယင်းဖြစ်ရပ်တစ်ခုကမျှ ထိုအမျိုးသားများအား သတ်သတ်မှတ်မှတ်မြို့တစ်မြို့သို့ ဦးဆောင်လမ်းပြပြီးနောက် သတ်သတ်မှတ်မှတ်အိမ်တစ်အိမ်တွင် ရပ်သွားသည့်ပုံစံမျိုး ကောင်းကင်ယံတွင် မဖြစ်ပေါ်စေနိုင်ပါ။

ယင်းကြယ်သည် သဘာဝဖြစ်ရပ်တစ်ခုဖြစ်နိုင်သလော သို့မဟုတ် ဘုရားသခင့်ကြားဝင်လုပ်ဆောင်မှုအားဖြင့် ဖြစ်ပေါ်နိုင်သလော။ အချက်တချို့ကို သုံးသပ်ကြည့်ပါ– “ပညာရှိတို့” သည် ယနေ့အခေါ် စာပေပညာရှင်များမဟုတ်သကဲ့သို့ ရှင်ဘုရင်များလည်း မဟုတ်ကြပါ။ ခေတ်သစ်အင်္ဂလိပ်ဘာသာပြန်ကျမ်းအများစုဖော်ပြသကဲ့သို့ သူတို့သည် “နက္ခတ်ဆရာများ” ဖြစ်ကြ၏။ သူတို့သည် သမ္မာကျမ်းစာရှုတ်ချထားသောအမှုတွင် ပါဝင်ပတ်သက်ခဲ့ကြသည်။ (တရားဟောရာ ၁၈:၁၀-၁၂) ယင်းကြယ်ကို ထိုနက္ခတ်ဆရာများသာ “မြင်ရ” ကြောင်းဖော်ပြထားသည်ကို သတိပြုပါ။ အကယ်၍ ယင်းကြယ်သည် တကယ့်ကြယ်တစ်လုံးဖြစ်ခဲ့ပါက မီးပြတိုက်တစ်ခုကို အများပြည်သူလူထု မြင်နိုင်သကဲ့သို့ ယင်းကြယ်ကိုလည်း မြင်ရပေမည်။ သို့သော် ဟေရုဒ်မင်းပင်လျှင် ယင်းကြယ်ပေါ်ထွန်းလာပုံအသေးစိတ်ကို သူတို့အား မေးမြန်းခဲ့ရသည်။ ယင်းကြယ်သည် နက္ခတ်ဆရာများကို ဦးစွာ ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွား၏၊ ထို့နောက် အနာဂတ်မေရှိယကို အသေအကြေတိုက်မည့်ရန်သူဟေရုဒ်ထံ ပို့ဆောင်ခဲ့သည်။ သူသည် သူငယ်ယေရှုကို သတ်ရန်ကြံရွယ်ခဲ့သည်။ ထို့နောက် ယင်းကြယ်သည် လမ်းကြောင်းပြောင်းကာ သူတို့ကို ယေရှုရှိရာ တောင်ဘက်,ဘက်သလီဟင်မြို့သို့ ဦးဆောင်လမ်းပြခဲ့သည်၊ သို့ဖြင့် ယေရှုကို အသက်အန္တရာယ်ရှိစေသည်။

ယင်းအချက်များကြောင့် ဖြစ်နိုင်ခြေအရှိဆုံးမှာ ထိုကြယ်သည် မကောင်းဆိုးဝါး၏ရင်းမြစ်ဖြစ်သော စာတန်ထံမှဖြစ်ကြောင်း ထင်ရှား၏။ ကျမ်းစာက ထိုစာတန်ကို “မုသာနှင့်ဆိုင်သော အတိတ်နိမိတ်နှင့် လက္ခဏာအမျိုးမျိုး” အသုံးပြုသူအဖြစ် ဖော်ပြထားသည်။ (၂ သက်သာလောနိတ် ၂:၉) ထို့ကြောင့် စာတန်သည် ကြယ်ကဲ့သို့သောအရာကို နက္ခတ်ဆရာများကိုသာ မြင်တွေ့စေပြီး ၎င်းဖျက်ဆီးလိုသည့် ဘုရားသခင့်သားတော်ထံ ထိုအမျိုးသားများအား ယင်း “ကြယ်” ကဦးဆောင်လမ်းပြသွားစေနိုင်သည်ကို စစ်မှန်သောခရစ်ယာန်များ မအံ့သြသင့်ပါ။ မှန်ပါသည်၊ မည်သူတစ်ဦးတစ်ယောက်မျှ ယေဟောဝါဘုရားသခင်ထက် မသာလွန်နိုင်ပါ။ ထို့ကြောင့် ယေရှုအား စောစီးစွာသေစေလိုသည့် စာတန်၏အကြံအစည် ဟန့်တားခံခဲ့ရသည်မှာ အံ့ဩစရာမလိုပါ။

သို့သော်၊ ဘုရားသခင်သည် ယေရှု၏မွေးဖွားခြင်းကို အံ့ဖွယ်နည်းဖြင့် ကြေညာခဲ့သည်မှာ မှတ်သားစရာပင်။ ယေရှုမွေးဖွားသည့်ညတွင် ကောင်းကင်တမန်တစ်ပါးသည် သိုးထိန်းတစ်စုထံ ထင်ရှားလာပြီး “ကယ်တင်ရှင်” တစ်ပါး၏မွေးဖွားမှုကို ကြေညာခဲ့သည်။ ယင်းကောင်းကင်တမန်သည် ညွှန်ကြားချက်များကိုလည်း ပေးခဲ့သည့်အတွက် သိုးထိန်းများသည် ယေရှုထံ သွားရောက်လည်ပတ်နိုင်ခဲ့ကြသည်။ ထို့နောက် ကောင်းကင်တမန်များစွာထင်ရှားလာပြီး ဘုရားသခင်ကို ချီးမွမ်းခဲ့ကြသည်။ (လုကာ ၂:၈-၁၄) ဘုရားသခင်သည် လူတို့အား ယေရှု၏မွေးဖွားခြင်းကို အသိပေးရန် ကြယ်ကိုမဟုတ်ဘဲ ထိုကောင်းကင်တမန်များကို အသုံးပြုခဲ့သည်။