မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရည်ရွယ်ချက်ရှိရှိ ပုံစံပြုထားခြင်းလော၊ အကြောင်းမဲ့ဖြစ်ပျက်ခြင်းလော

ရည်ရွယ်ချက်ရှိရှိ ပုံစံပြုထားခြင်းလော၊ အကြောင်းမဲ့ဖြစ်ပျက်ခြင်းလော

ရည်ရွယ်ချက်ရှိရှိ ပုံစံပြုထားခြင်းလော၊ အကြောင်းမဲ့ဖြစ်ပျက်ခြင်းလော

၁၈၀၂ ခုနှစ်တွင် ဘာသာရေးပညာရှင် အင်္ဂလိပ်ခရစ်ယာန်ဘုန်းတော်ကြီး ဝီလီယျံ ပေလေသည် ဖန်ဆင်းရှင်ရှိသည်ဟူသည့် သူ့ယုံကြည်ချက်အတွက် အကြောင်းပြချက်များကို ရှင်းလင်းဖော်ပြခဲ့သည်။ ကွင်းပြင်တစ်ခုကို ဖြတ်သွားနေချိန် မြေပြင်ပေါ်တွင် ကျောက်တုံးတစ်တုံးကို တွေ့ရပါက သဘာ၀လောက၏ဖြစ်စဉ်ကြောင့်ဟူ၍ ကျိုးကြောင်းဆီလျော်စွာ သူကောက်ချက်ချပေမည်။ သို့သော် ကျောက်တုံးအစား လက်ပတ်နာရီတစ်လုံးကိုတွေ့ပါက သူသည် ထပ်တူကောက်ချက်မျိုး ချမည်မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ ရိုးရှင်းသည့်အကြောင်းပြချက်မှာ လက်ပတ်နာရီတစ်လုံးသည် ရည်ရွယ်ချက်ရှိရှိ ပုံစံပြုထားခြင်း၏ လက္ခဏာဖြစ်သောကြောင့်တည်း။

ပေလေ၏အယူအဆသည် အင်္ဂလိပ် သဘာ၀လောကပညာရှင် ချားစ်လ်ဒါဝင်အပေါ် များစွာသြဇာလွှမ်းမိုးခဲ့သည်။ သို့တိုင် ဒါဝင်သည် ပေလေ၏အယူအဆနှင့်ဆန့်ကျင်၍ သက်ရှိများတွင်ရှိသော ထင်ရှားသည့်ဒီဇိုင်းကို “သဘာ၀ရွေးချယ်မှု” ဟုအမည်ပေးထားသော ဖြစ်စဉ်တစ်ခုဖြင့် ရှင်းပြနိုင်ကြောင်း နောက်ပိုင်းတွင် အဆိုပြုခဲ့သည်။ သဘာ၀လောကတွင် ပုံစံပြုထားခြင်းရှိသည်ဟူသည့် ယုံကြည်ချက်သည် အဘယ်ကြောင့်မှားကြောင်းနှင့်ပတ်သက်၍ ဒါဝင်၏ဆင့်ကဲသီအိုရီသည် လူများစွာအတွက် နောက်ဆုံးရှင်းပြချက် ဖြစ်ပုံရသည်။

ပေလေနှင့် ဒါဝင်တို့အချိန်ကတည်းက ယင်းအကြောင်းအရာနှင့်ပတ်သက်၍ များစွာရေးသားလာခဲ့သည်။ ပုံစံပြုထားသည်ဆိုသူတို့က တစ်ဖက်၊ သဘာ၀ရွေးချယ်မှုဆိုသူတို့ကတစ်ဖက် မကြာခဏဆိုသလို ဆွေးနွေးနှီးနှောကြပြီး သူတို့၏အယူအဆများကို ခေတ်နှင့်အညီပြုပြင်ပြောင်းလဲခဲ့ကြသည်။ နှစ်ဖက်စလုံးမှ အကြောင်းအရာသည် စကြဝဠာတွင်ရည်ရွယ်ချက်ရှိသည် သို့မဟုတ် ရည်ရွယ်ချက်မရှိသည်နှင့်ပတ်သက်၍ လူတို့၏ယုံကြည်ချက်ကို များစွာသြဇာလွှမ်းမိုးခဲ့သည်။ သင့်ဘဝအသက်တာသည် မည်မျှအဓိပ္ပာယ်ပြည့်ဝသည်ဟူသည့် သင့်ခံစားချက်အပေါ် သင်ယုံကြည်ထားရာက ကောင်းစွာသြဇာလွှမ်းမိုးနိုင်သည်။ မည်သို့အားဖြင့်နည်း။

ဒါဝင်ဝါဒကဖြစ်စေသော နောက်ဆုံးကောက်ချက်

ဒါဝင်၏သီအိုရီကို ယုံကြည်ခြင်းက စိတ်ရိုးဖြောင့်သူများစွာအား သူတို့အသက်ရှင်ခြင်းသည် စစ်မှန်သောရည်ရွယ်ချက်မရှိဟူသည့် ကောက်ချက်ချစေခဲ့သည်။ စကြ၀ဠာနှင့် ယင်းတွင်ရှိအရာအားလုံးသည် ဦးဆုံးမဟာပေါက်ကွဲမှုကြီးပြီးနောက် ဒြပ်စင်များ မတော်တဆပေါင်းစပ်မိရာမှ ထွက်ပေါ်လာသည့်အရာများဖြစ်ပါက အသက်ရှင်ရခြင်းသည် စစ်မှန်သောရည်ရွယ်ချက် မရှိနိုင်ပါ။ ကွယ်လွန်သွားပြီဖြစ်သော နိုဘယ်လ်ဆုရှင် ဇီ၀ဗေဒပညာရှင် ဇက်ဟက်မိုနို ကဤသို့ဖော်ပြခဲ့သည်– “လူသည် စကြ၀ဠာ၏ခံစားချက်ကင်းမဲ့သော အတိုင်းအဆမရှိသည့်လဟာပြင်မှ အမှတ်တမဲ့ဖြစ်ပေါ်လာ၍ ၎င်းတွင် အထီးတည်းဖြစ်ကြောင်း နောက်ဆုံး၌သိရှိလာသည်။ သူ၏အနာဂတ်ကို အသေးစိတ်မပြောပြနိုင်သလို သူ၏တာဝန်များနှင့်ပတ်သက်လျှင်လည်း အလားတူပင်။”

အလားတူအတွေးအခေါ်မျိုးကို အောက်စ်ဖို့ဒ်မှ ဓာတုဗေဒပါမောက္ခ ပီတာ ဝီလီယျံ အတ်ကင်စ် ဖော်ပြခဲ့ပြီး ဤသို့ကြေညာခဲ့သည်– “အံ့မခန်းဖွယ်စကြ၀ဠာကြီးတည်ရှိနေခြင်းကို အလွန်အံ့သြထိတ်လန့်စရာကောင်းပြီး ကြီးကျယ်ခမ်းနားတဲ့အရာတစ်ခုအဖြစ် ကျွန်တော် ယူမှတ်ပါတယ်။ စကြ၀ဠာကြီးဟာ အရမ်းခမ်းနားထည်ဝါပါတယ်၊ ဒါပေမဲ့ လုံးဝအသုံးမဝင်ပါဘူး။”

ထိုအမြင်ကို သိပ္ပံပညာရှင်အားလုံး သဘောတူခြင်းမရှိပါ။ အလွန်ကောင်းသည့် အကြောင်းရင်းများ ရှိသောကြောင့်ဖြစ်သည်။

အနုစိတ်ညှိခြင်း—ရည်ရွယ်ချက်ရှိရှိ ပုံစံပြုထားခြင်း၏ အထောက်အထားလော

စူးစမ်းလေ့လာသူများစွာသည် သဘာဝနိယာမတရားများကို လေ့လာသောအခါ ရည်ရွယ်ချက်မဲ့စကြဝဠာဟူသည့်အယူအဆကို ငြင်းပယ်ခဲ့ကြသည်။ ဥပမာ၊ စကြ၀ဠာကိုထိန်းညှိထားသည့် အခြေခံအားများကြောင့် သူတို့ စိတ်စွဲမှတ်သွားခဲ့သည်။ ယင်းအားများ၏ အခြေခံနိယာမတရားများသည် စကြ၀ဠာက အသက်ကိုထောက်ပံ့ပေးနိုင်ရန် အနုစိတ်ညှိထားခြင်း ဖြစ်ပုံရသည်။ “ရှိနှင့်သော နိယာမတရားများကို အနည်းငယ်မျှလောက်သာ ပြောင်းလဲလိုက်ပါက အန္တရာယ်ကြီးသည့်အကျိုးဆက်များ ဖြစ်လာနိုင်သည်။ ဥပမာ၊ ပရိုတွန်သည် နျူထရွန်ထက် နည်းနည်းကလေးမျှ ပိုလေးပါက သို့မဟုတ် နည်းနည်းကလေးမျှ ပိုပေါ့သွားပါက မဟာပေါက်ကွဲမှုမှထွက်ပေါ်လာသည့် ပရိုတွန်အားလုံးသည် မကြာခင်တွင် ယိုယွင်းဆုတ်ယုတ်သွားကာ နျူထရွန်များဖြစ်သွားမည်” ဟု စကြ၀ဠာဗေဒပညာရှင် ပေါဒေးဗီးစ်ကပြောသည်။ ယင်းသို့ဖြစ်ခြင်းသည် အလွန်ဆိုးရွားသည်မဟုတ်လော။ “ပရိုတွန်များနှင့် ၎င်းတို့တွင်ရှိသော အလွန်ရေးပါသည့် လျှပ်စစ်ဓာတ်များမရှိဘဲ အက်တမ်များ မတည်ရှိနိုင်ပါ” ဟု ဒေးဗီးစ်ကရှင်းပြသည်။

လျှပ်စစ်သံလိုက်အားသည် ပရိုတွန်ထံ အီလက်ထရွန်ကို လာကပ်စေပြီး မော်လီကျူးများဖြစ်ပေါ်လာစေသည်။ ယင်းအားသည် သိသိသာသာ အားနည်းပါက အက်တမ်တစ်ခု၏ နျူးကလီးယပ်စ်ပတ်လည်ရှိ ပတ်လမ်းကြောင်းတွင် အီလက်ထရွန်များကို ထိန်းထားနိုင်မည်မဟုတ်ပါ၊ မော်လီကျူးလည်း မဖြစ်ပေါ်လာနိုင်ပါ။ အခြားတစ်ဖက်တွင်မူ ယင်းအားသည် ပိုပြင်းသွားပါက အီလက်ထရွန်များသည် အက်တမ်တစ်ခု၏ နျူကလီးယပ်စ်တွင် ကပ်နေပေမည်။ ထိုသို့ဖြစ်ပါက ဓာတုဓာတ်ပြုမှုများနှင့် အသက်ဆိုသည်မှာ ဖြစ်လာနိုင်ဖွယ်မရှိပါ။

လျှပ်စစ်သံလိုက်အား မဆိုစလောက်သာကွာဟသွားရုံဖြင့် နေနှင့် ကျွန်ုပ်တို့၏ကမ္ဘာမြေကြီးပေါ်သက်ရောက်သည့် နေစွမ်းအင်အပေါ် ထိခိုက်မှုရှိပေမည်။ ယင်းကဲ့သို့ကွာဟမှုက အပင်များကို နေရောင်ခြည်ဖြင့်အစာချက်လုပ်ရန် ခက်ခဲစေသည် သို့မဟုတ် မလုပ်နိုင်စေပါ။ ထို့ကြောင့် တိကျသည့် လျှပ်စစ်သံလိုက်ပြင်းအားက ကမ္ဘာပေါ်တွင် အသက်တည်ရှိနိုင်၊ မနိုင် အဆုံးအဖြတ်ပေးသည်။ *

သိပ္ပံဆိုင်ရာစာအုပ်တစ်အုပ် (Science & Christianity—Four Views) တွင် စကြ၀ဠာရှိ အားများနှင့် ဒြပ်စင်များ ဟန်ချက်ညီမှု၏အနုစိတ်ကျမှုကို စိတ်ဝင်စားဖွယ်နည်းဖြင့် သရုပ်ဖော်ချက်တစ်ခု ပါဝင်သည်။ စာရေးသူသည် သူ့စာဖတ်ပရိသတ်များအား “စကြ၀ဠာတစ်ခုလုံးကို ထိန်းချုပ်ထား” သည့် စိတ်ကူးယဉ်အခန်းတစ်ခုဆီသို့ စူးစမ်းလေ့လာသူတစ်ဦး သွားရောက်လည်ပတ်ပုံကို မြင်ယောင်ကြည့်ခိုင်းသည်။ ထိုတွင် စူးစမ်းလေ့လာသူသည် စံနှုန်းများချိန်ကိုက်ထားနိုင်သော ဒိုင်ခွက်များ အတန်းလိုက်ကို တွေ့ရှိသည်၊ သက်ရှိများ ဆက်လက်ရှင်သန်ရန် ဒိုင်ခွက်တိုင်းကို တိကျစွာစံကိုက်ချိန်ညှိထားသည်ကို သူသိရှိသွားသည်။ ဒိုင်ခွက်တစ်ခုသည် ဒြပ်ဆွဲငင်အား၏ပြင်းအားကို ချိန်ကိုက်ထားပြီး ဒိုင်ခွက်တစ်ခုမှာ လျှပ်စစ်သံလိုက်ဆွဲငင်အား၏ပြင်းအား၊ နောက်တစ်ခုမှာ နျူထရွန်နှင့် ပရိုတွန်တို့ကြားရှိ ဒြပ်ထုအချိုး စသည်ဖြင့် ချိန်ကိုက်ထားသည်။ စူးစမ်းလေ့လာသူသည် မြောက်မြားလှသော ဒိုင်ခွက်များကို ဆန်းစစ်ကြည့်သောအခါ စံနှုန်းများကိုအမျိုးမျိုးချိန်ညှိနိုင်ကြောင်း သူတွေ့ရှိသွားသည်။ အသေအချာတွက်ချက်ပြီးနောက် မည်သည့်ဒိုင်ခွက်မဆိုမှ စံကိုက်ချိန်ညှိထားရာများကို အနည်းငယ်လောက်သာ ပြောင်းလဲလိုက်လျှင်ပင် စကြ၀ဠာအလုပ်လုပ်ပုံကို ပြောင်းလဲစေမည်ဖြစ်ကြောင်း၊ သက်ရှိများ ဆက်လက်တည်ရှိတော့မည်မဟုတ်ကြောင်းလည်း သူကောင်းကောင်းနားလည်သွားသည်။ ဒိုင်ခွက်တိုင်းသည် စကြ၀ဠာ ပုံမှန်အလုပ်လုပ်ပြီး သက်ရှိများနေထိုင်နိုင်ရန် လိုအပ်သည့် မှန်ကန်သောစံနှုန်းများကို တိကျစွာချိန်ကိုက်ထားသည်။ ဒိုင်ခွက်များကို စံကိုက်ချိန်ညှိထားခြင်းနှင့်ပတ်သက်၍ အလည်အပတ်သွားသူ အဘယ်ကောက်ချက်ချသင့်သနည်း။

နက္ခတ္တဗေဒပညာရှင် ဂျော့ဂျ် ဂရင်းစတိန်းက ဤသို့ဆိုသည်– “အထောက်အထားအားလုံးကို ဆန်းစစ်ကြည့်လိုက်တဲ့အခါ စကြ၀ဠာ ပုံမှန်အလုပ်လုပ်နေခြင်းမှာ တန်ခိုးကြီးရှင်ပါဝင်ပတ်သက်ရမယ်ဆိုတဲ့ အတွေးက အခိုင်အမာပေါ်လာတယ်။ တန်ခိုးကြီးရှင်တစ်ပါးရှိတယ်ဆိုတဲ့ သိပ္ပံဆိုင်ရာအထောက်အထားကို မရည်ရွယ်ဘဲ အမှတ်တမဲ့တွေ့ရှိလိုက်ရတယ်ဆိုတာ ဟုတ်ရဲ့လား။”

သင်မည်သို့ထင်သနည်း။ အဘယ်ရှင်းပြချက်သည် စကြ၀ဠာတွင်တွေ့ရသော အနုစိတ်ညှိခြင်းနှင့် အကိုက်ညီဆုံးဖြစ်သနည်း။ ရည်ရွယ်ချက်ရှိရှိ ပုံစံပြုထားခြင်းလော၊ အကြောင်းမဲ့ဖြစ်ပျက်ခြင်းလော။

‘ကျွန်တော်တို့ ဒီမှာရှိနေတာပဲ၊ ဒါကအဓိကပဲ’

ဘုရားသခင်မဲ့ဝါဒီများတွင် ပြန်လည်ချေပချက်များရှိသည်။ အချို့သည် သဘာ၀လောကရှိ သိသာသောအနုစိတ်ညှိခြင်းကို အရေးမကြီးဟု သဘောထားကြပြီး ဤသို့ပြောသည်– ‘မျက်မြင်ရစကြဝဠာကြီးဟာ လူသားတွေဆက်အသက်ရှင်ဖို့ ထောက်ပံ့ပေးနိုင်တယ်ဆိုတာ မှန်ပါတယ်။ တကယ်လို့ မထောက်ပံ့ပေးဘူးဆိုရင်လည်း ဘာမှစိုးရိမ်စရာမရှိပါဘူး။ ဘာမှရှင်းပြစရာလည်းမရှိဘူး။ ကျွန်တော်တို့ ဒီမှာရှိနေတာပဲ၊ ဒါကအဓိကပဲ။’ သို့သော် ယင်းသည် ကျွန်ုပ်တို့တည်ရှိနေခြင်းအတွက် စိတ်ကျေနပ်ဖွယ်ရှင်းပြချက်တစ်ခု ဖြစ်ပါသလော။

နောက်ချေပချက်တစ်ခုမှာ ဖြစ်နိုင်ဖွယ်ရှိသည့်ကိန်းဂဏန်းတစ်စုသာလျှင် သဘာ၀လောက၏ အခြေခံနိယာမတရားများကိုဖော်ပြသော ညီမျှခြင်းများနှင့် အံဝင်ခွင်ကျဖြစ်ကြောင်း တစ်နေ့နေ့တွင် သက်သေထူနိုင်ပါလိမ့်မည်။ ပြောချင်သည်မှာ၊ စကြ၀ဠာတည်ရှိဖို့အတွက် မှန်ကန်သည့်စံနှုန်းဆိုသည်မှာ တစ်ခုတည်းရှိသည်။ ‘အဲဒီအတိုင်းဖြစ်ကိုဖြစ်ရမှာဆိုတော့ ဒိုင်ခွက်တွေက အဲဒီလိုပဲဖြစ်နေမှာပေါ့’ ဟု အချို့ပြောသည်။ ထိုတစ်ကျော့ပြန် ကျိုးကြောင်းဆင်ခြင်မှုသည် မှန်ခဲ့လျှင်ပင် ကျွန်ုပ်တို့တည်ရှိနေခြင်းအတွက် ဖြစ်နိုင်ဖွယ်အရှိဆုံးရှင်းပြချက်တစ်ခု မဟုတ်သေးပါ။ အချုပ်ဆိုရသော် စကြ၀ဠာတည်ရှိပြီး သက်ရှိများကို ထောက်ပံ့ပေးနေသည်မှာ တိုက်ဆိုင်မှုတစ်ခုမျှသာလော။

စကြ၀ဠာရှိထင်ရှားသော ပုံစံပြုထားခြင်း၊ အနုစိတ်ညှိထားခြင်းတို့ကို သဘာ၀လောကဖြစ်စဉ်သက်သက်ဖြင့် ရှင်းပြရန်ကြိုးစားနေချိန်တွင် အခြားသူများသည် စကြ၀ဠာများသီအိုရီ ဟုခေါ်သည့်အရာဘက်သို့ ဦးလှည့်သွားကြသည်။ ယင်းအဆိုပြုချက်အရ ကျွန်ုပ်တို့သည် မရေမတွက်နိုင်သော စကြ၀ဠာများစွာထဲမှ တစ်ခုတွင် အသက်ရှင်နေကြသည်၊ ယင်းတို့အားလုံးသည် အခြေအနေအမျိုးမျိုးတွင်ရှိနေကြသော်လည်း တစ်ခုမျှ ရည်ရွယ်ချက်ရှိရှိဖြင့် ပုံစံပြုထားခြင်းမရှိပါ။ ယခု ထိုကဲ့သို့ ကျိုးကြောင်းဆင်ခြင်ခြင်းနှင့် ဖြစ်နိုင်ခြေရှိခြင်း၏ ဥပဒေသများအရ စကြ၀ဠာများစွာရှိပါက နောက်ဆုံးတွင် ထိုများစွာထဲမှတစ်ခုသည် သက်ရှိများကို ထောက်ပံ့ဖို့အတွက် သင့်တော်သည့်အခြေအနေတွင် ရှိသင့်ပါသည်။ သို့သော် အမှန်မှာ စကြ၀ဠာများသီအိုရီကို ထောက်ခံသည့် သိပ္ပံဆိုင်ရာအချက်အလက်မရှိပါ။ ယင်းသည် မှန်းဆချက်သာဖြစ်သည်။

နိုဘယ်လ်ဆုရ ဇီ၀ဗေဒပညာရှင် ခရစ္စရှန် ဒီ ဒူ့ဗ် ကထိုအယူအဆကို လက်မခံကြောင်း ဖော်ပြပြီးနောက် ဤသို့ဆိုသည်– “ကျွန်တော့်ရဲ့အမြင်ကတော့ သက်ရှိတွေနဲ့ လူသားတွေရဲ့စိတ်ကိုမဖြစ်ပေါ်စေနိုင်တဲ့ စကြ၀ဠာတွေအများကြီး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သက်ရှိနဲ့ လူသားတွေရဲ့စိတ်က ထူးခြားအံ့သြဖွယ်ရာတွေပဲ၊ အဲဒါကြောင့် အဓိပ္ပာယ်ရှိကိုရှိရမယ်။ စကြ၀ဠာတွေ ထရီလီယံနဲ့ချီပြီးရှိတယ်လို့ လူတွေပြောကြပေမယ့် အဲဒီလိုအများကြီးရှိခြင်းက ကျွန်တော်တို့စကြ၀ဠာကြီးရဲ့ သိသာထင်ရှားတဲ့ ပြိုင်ဘက်ကင်းဂုဏ်သတ္တိတွေကို ယုတ်လျော့သွားစေခြင်း မရှိပါဘူး။ စကြ၀ဠာဟာ ပုံစံပြုခံရပြီးဖြစ်ပေါ်လာတယ်ဆိုတဲ့ နောက်ကွယ်က သဲလွန်စတွေ ဖော်ပြပေးနေတယ်လို့ပဲ ကျွန်တော်မြင်တယ်။”

လူသားများ၏သိရှိခံစားနိုင်စွမ်း

စကြ၀ဠာတည်ရှိခြင်းအတွက် သီအိုရီများကို ကျွန်ုပ်တို့ဖြစ်ပေါ်စေသည်ဟူသောအချက်မှာ မှတ်သားဖွယ်ဖြစ်သည်။ ရည်ရွယ်ချက်မဲ့သည့် စကြ၀ဠာတွင် စကြ၀ဠာကြီးတည်ရှိရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ သီအိုရီများထုတ်သည့်စွမ်းရည်သည် မတော်တဆတိုက်ဆိုင်မှုတစ်ခုဖြစ်ပေမည်။ သင့်အတွက် ယင်းသည် ယုတ္တိတန်ပုံရပါသလော။

လူ့ဦးနှောက်ကို “စကြ၀ဠာကြီးတစ်ခုလုံးတွင် အံ့သြဖွယ်အကောင်းဆုံးနှင့် နားလည်ရန်အခက်ဆုံး အရာတစ်ခု” အဖြစ် ဖော်ပြခဲ့ကြသည်။ လူသားတို့၏ စိတ်ကူးယဉ်စဉ်းစားနိုင်ခြင်းနှင့် ဘ၀၏ရည်ရွယ်ချက်ကို ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေစူးစမ်းနိုင်သည့် စွမ်းရည်ရှိရသည့်အကြောင်းအတွက် ရူပဗေဒနှင့် ဓာတုဗေဒနယ်ပယ်များရှိ အသိပညာများက လက်ခံနိုင်လောက်သည့် ရှင်းပြချက်များကို မပေးစွမ်းနိုင်ပါ။

နားလည်ရန်ကြိုးစားရှာဖွေသည့် လူ့စိတ်သည် အဆင့်မြင့်ဉာဏ်ကြီးရှင်တစ်ပါးက ထည့်သွင်းပေးထားခြင်းဖြစ်သည်၊ သို့မဟုတ် မတော်တဆတိုက်ဆိုင်၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယင်းဖြစ်နိုင်ခြေနှစ်ခုထဲမှ ဘယ်တစ်ခုသည် သင့်အတွက် ပို၍ကျိုးကြောင်းဆီလျော်ပုံရသနည်း။

နောက်ထပ်ရှင်းပြချက်ရှိသလော

သိပ္ပံပညာသည် စကြ၀ဠာ၊ ကမ္ဘာလောကနှင့် သက်ရှိများအလုပ်လုပ်ပုံနှင့်ပတ်သက်၍ ကျွန်ုပ်တို့အား များစွာသိရှိစေသည်။ လူအချို့အတွက် သိပ္ပံပညာကြောင့်ပိုသိလာလေ၊ ကျွန်ုပ်တို့၏တည်ရှိခြင်းသည် “ပို၍မဖြစ်နိုင်ပုံပေါက်စေလေ ဖြစ်သည်။” ဆိုလိုသည်မှာ ကျွန်ုပ်တို့တည်ရှိနေခြင်းသည် ဆင့်ကဲဖြစ်စဉ်ကြောင့်သာဖြစ်ပါက ဤတွင် ကျွန်ုပ်တို့ရှိခြင်းသည် မဖြစ်နိုင် ဟူသည့်အဓိပ္ပာယ်ဖြစ်သည်။ သို့သော် သိပ္ပံစာရေးဆရာ ဂျွန်ဟော်ဂန်၏အဆိုအရ “ကျွန်ုပ်တို့ဝန်းကျင်ရှိ အရာအားလုံးသည် ကောင်းစွာပုံစံပြုခံထားရခြင်းဖြစ်ပုံရပြီး တစ်နည်းနည်းဖြင့် အမှတ်တမဲ့ဖြစ်ပျက်ခြင်းဆိုသည်မှာ မဖြစ်နိုင်ပါ။” ရူပဗေဒပညာရှင် ဖရီးမန်းဒိုင်ဆန် က ယင်းနှင့်ဆင်တူသော မှတ်ချက်ချခဲ့သည်– “စကြ၀ဠာနဲ့ ၎င်းရဲ့ဖွဲ့စည်းတည်ဆောက်ပုံကို ဆန်းစစ်လေ့လာလေ နောက်ဆုံးမှာတော့ လူသားတွေဟာ စကြ၀ဠာထဲမှာ တည်ရှိလာမယ်ဆိုတာ စကြ၀ဠာကြီးက တစ်နည်းနည်းနဲ့သိရမယ်ဆိုတဲ့ အထောက်အထားကို ပိုတွေ့လေပါပဲ။”

သဘာ၀လောက၏ခက်ခဲရှုပ်ထွေးမှု၊ အနုစိတ်ညှိထားခြင်း၊ သိသာထင်ရှားသည့် ဒီဇိုင်းပုံစံနှင့် လူ၏သိရှိခံစားနိုင်စွမ်း စသည့်အထောက်အထားများကို ထောက်ရှုကာ အနည်းဆုံး ဖန်ဆင်းရှင်တစ်ပါးရှိသည်ဟူသည့် ဖြစ်နိုင်ခြေကို စဉ်းစားသုံးသပ်ခြင်းက လက်တွေ့မကျပေလော။ ယင်းသို့ပြုလုပ်ရသည့် အလွန်ကောင်းသောအကြောင်းရင်းတစ်ခုမှာ သိပ္ပံပညာက မဖြေဆိုနိုင်သောမေးခွန်းများဖြစ်သည့် အသက်စတင်ဖြစ်ပေါ်လာပုံ၊ ဘ၀တွင် ရည်ရွယ်ချက် ရှိ,မရှိတို့နှင့်ပတ်သက်၍ ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့အား ပြောပြနိုင်သင့်သည်။

ယင်းမေးခွန်းများကို သန့်ရှင်းသောကျမ်းစောင်များဟုခေါ်သော သမ္မာကျမ်းစာတွင် အဖြေပေးထားသည်၊ ယင်းကျမ်းရေးသူများက ဖန်ဆင်းရှင်၏လမ်းညွှန်မှုဖြင့် ရေးသားထားသည်ဟု ဆိုကြ၏။ ယင်းအကြောင်းအရာများနှင့်ပတ်သက်၍ ကျမ်းစာပြောပြရာများကို သုံးသပ်ပါလေ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 ဤအကြောင်းအရာ၏ ထပ်ဆင့်အချက်အလက်များအတွက် ယေဟောဝါသက်သေများထုတ်ဝေသည့် သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါးရှိ၏လော စာအုပ် စာမျက်နှာ ၁၀-၂၆ ကိုကျေးဇူးပြု၍ကြည့်ပါ။

[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]

လူ့ဦးနှောက်သည် အကြောင်းမဲ့ ဖြစ်ပျက်ခြင်း ကြောင့်လော

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အဘယ်အရာက သိပ္ပံပညာကို ဖြစ်မြောက်စေသနည်း

ရုပ်လောက၏ စနစ်ကျနမှု၊ တစ်စုံတစ်ရာသောအခြေအနေများတွင် စွမ်းအင်နှင့်ဒြပ်ထုကို ကြိုတင်ခန့်မှန်းနိုင်မှု၊ တစ်သတ်မတ်တည်းလုပ်ဆောင်မှုတို့ကြောင့် သိပ္ပံဆိုင်ရာသုတေသနပြုလုပ်နိုင်ခြင်းဖြစ်သည်။ ယင်းစနစ်ကျနမှုကို သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒစသည်တို့၏ အခြေခံဥပဒေများတွင် ဖော်ပြနိုင်သည်။ ယင်းသို့စနစ်ကျနမှုမရှိပါက သိပ္ပံဆိုင်ရာလုပ်ငန်း၊ နည်းပညာနှင့် အသက်ကိုယ်နှိုက်ပင် တည်ရှိနိုင်မည်မဟုတ်ပါ။

ထို့ကြောင့် မေးခွန်းများပေါ်လာသည်– ရူပနိယာမတရားများ၏ရင်းမြစ်ကား အဘယ်နည်း။ ယင်းတို့သည် အဘယ်ကြောင့် စနစ်ကျန၍ တစ်သတ်မတ်တည်း လုပ်ဆောင်နေကြသနည်း။ ကျိုးကြောင်းညီညွတ်မှုအရှိဆုံးအဖြေမှာ အကြီးမြတ်ဆုံးဉာဏ်ကြီးရှင်ကြောင့်သာဖြစ်ကြောင်း များစွာသောသူတို့ယုံကြည်ကြသည်။ သင်ကော အဘယ်အရာကို ယုံကြည်သနည်း။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ယင်းသည် ဘာမျှမရှိရာမှ ထွက်ပေါ်လာခြင်းလော

သက်ရှိဆဲလ်တစ်ခုစီရှိ မျိုးရိုးဗီဇ (deoxyribonucleic acid) မော်လီကျူးများတွင် သက်ရှိများ မှန်ကန်စွာကြီးထွားဖွံ့ဖြိုးမှုအတွက်လိုအပ်သည့် အသေးစိတ် စီစဉ်ပြင်ဆင်ထားချက်များနှင့် အသေးစိတ် ညွှန်ကြားချက်များပါရှိသည်။ ဒီအင်အေသည် ပို၍များစွာရှုပ်ထွေးသော်လည်း ယင်းကို ဒီဗီဒီတွင်ထည့်သွင်းထားသော ဂဏန်းခြေစနစ်သုံးအချက်အလက် (digital information) နှင့်နှိုင်းယှဉ်နိုင်သည်။ ဒီဗီဒီရှိလျှို့ဝှက်အချက်အလက်က ဗီဒီယိုကြည့်နိုင်စေရန် သို့မဟုတ် တေးသံနားထောင်နိုင်စေရန် နည်းစနစ်ကလုပ်ဆောင်သည်။ အလားတူ ဒီအင်အေမော်လီကျူးများသည် လိမ်ကျစ်နေသည့်ကြိုးလှေကားများနှင့်သဏ္ဌာန်တူပြီး သက်ရှိအားလုံး၏အခြေခံအဖြစ်လုပ်ဆောင်သည့် လျှို့ဝှက်အချက်အလက်ကို သယ်ဆောင်ပြီး ယင်းက ပဲများမှငှက်ပျောများ၊ ပုရွက်ဆိတ်များမှမြင်းကျားများ၊ ဝေလငါးများမှလူသားများ အစရှိသဖြင့် သက်ရှိများကို ကွဲပြားခြားနားစေသည်။

ဒီဗီဒီရှိဂဏန်းခြေစနစ်သုံးအချက်အလက်သည် အလိုအလျောက်ဖြစ်လာနိုင်သည့်အရာဟု မည်သူမျှဆိုမည်မဟုတ်။ သို့ဆိုလျှင် ဒီအင်အေရှိအလွန်ရှုပ်ထွေးသောအချက်အလက်သည် ဘာမျှမရှိရာမှ ထွက်ပေါ်လာသည်ဟူ၍ဆိုခြင်းသည် ကျိုးကြောင်းညီညွတ်ပါသလော။

[Picture Credit Line on page 6]

Sombrero Galaxy: NASA and The Hubble Heritage Team (STScI/​AURA)