မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်အိမ်ထောင် မပြိုကွဲအောင် ကြိုးပမ်းနိုင်မည်လော

သင့်အိမ်ထောင် မပြိုကွဲအောင် ကြိုးပမ်းနိုင်မည်လော

မိမိတို့၏ အိမ်အခြေအနေ မကောင်းကြောင်း အိမ်ပိုင်ရှင်များ သိထားကြ၏၊ သို့သော် ပြန်ကောင်းလာအောင် ပြုလုပ်ဖို့ သူတို့ ဆုံးဖြတ်ခဲ့ကြသည်။

သင့်အိမ်ထောင်နှင့်ပတ်သက်၍ အလားတူ ပြုလုပ်လိုသလော။ ပြုလုပ်လိုပါက အဘယ်နေရာ၌ စတင်မည်နည်း။ အောက်ပါ အကြံပေးချက်များကို ကြိုးစားကြည့်ပါ။

၁ စိတ်ပိုင်းဖြတ်ထားပါ။

သင့်အိမ်ထောင်တွင် ငြိမ်သက်မှုရှိအောင် ပြန်လုပ်ဖို့ ပူးပေါင်းလုပ်ဆောင်ကြမည် ဖြစ်ကြောင်း သင့်အိမ်ထောင်ဖက်နှင့် သဘောတူ ဆုံးဖြတ်ပါ။ သင်တို့၏ စိတ်ပိုင်းဖြတ်ချက်ကို စာရွက်ပေါ်တွင် ရေးပါ။ သင်နှင့် သင့်အိမ်ထောင်ဖက်သည် သင်တို့အိမ်ထောင် မပြိုကွဲအောင် လုပ်ဆောင်ကြမည်ဟု ကတိသစ္စာပြုကြသောအခါ ပူးပေါင်းလုပ်ဆောင်မှုတစ်ခု ဖြစ်လာသည်။—ဒေ. ၄:၉၊ ၁၀

၂ ပြဿနာကို ရွေးထုတ်ပါ။

သင်တို့အိမ်ထောင်ကို ဘာက နှောင့်ယှက်ခဲ့သနည်း။ လိုနေသည်ဟု သင် ယူဆသည့်အရာ သို့မဟုတ် ပြောင်းလဲစေလိုသည့်အရာကို ဝါကျတစ်ကြောင်းဖြင့် ရေးပါ။ (ဧဖက် ၄:၂၂-၂၄) သင်ရွေးထုတ်သော ပြဿနာသည် သင့်အိမ်ထောင်ဖက် သတိပြုမိရာနှင့် မတူညီဘဲ ဖြစ်နိုင်သည်မှာ နားလည်နိုင်ပါသည်။

၃ ပန်းတိုင် ထားပါ။

ယခုမှစ၍ နောက်ခြောက်လအကြာတွင် အဘယ် သတ်သတ်မှတ်မှတ် တိုးတက်မှုများကို သင့်အိမ်ထောင်တွင် တွေ့ မြင်လိုသနည်း။ သင့်ပန်းတိုင်ကို စာရွက်ပေါ်တွင် ရေးပါ။ သင့်အိမ်ထောင်တွင် လိုအပ်သည့်အရာနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း သိမြင်သောအခါ သင့်ပန်းတိုင်ကို ကြိုးပမ်းရယူရန် ပို၍လွယ်ကူလိမ့်မည်။—၁ ကောရိန္သု ၉:၂၆

၄ ကျမ်းစာသွန်သင်ချက်ကို ကျင့်သုံးပါ။

သင်တို့သည် ပြဿနာကို ဖော်ထုတ်ခဲ့ပြီး ဖြစ်စေလိုသည့် တိုးတက်မှုများကို သတ်မှတ်ပြီးသောအခါ အကြံဉာဏ်အတွက် ကျမ်းစာကို ကြည့်ပါ။ ကျမ်းစာမူများသည် အစဉ်အမြဲ အသုံးဝင်ပြီး လက်တွေ့ကျ၏။ (ဟေရှာယ ၄၈:၁၇။ ၂ တိမောသေ ၃:၁၇) ဥပမာ၊ ကျမ်းစာက သင်နှင့် သင့်အိမ်ထောင်ဖက်ကို ခွင့်လွှတ်ကြရန် အားပေးထားသည်။ အမှန်တွင် ကျမ်းစာ ဤသို့ပြောသည်– “သူတစ်ပါး ပြစ်မှားခြင်းကို သည်းခံသောသူသည်လည်း ဘုန်းအသရေ ရှိ၏။”—သု. ၁၉:၁၁။ ဧဖက် ၄:၃၂

သင်တို့၏ ကြိုးစားအားထုတ်မှုများသည် အစပိုင်းတွင် မအောင်မြင်ပုံပေါက်လျှင်ပင် လက်မလျှော့ပါနှင့်။ အိမ်ထောင်ရေးကိစ္စ စာအုပ်က လေ့လာမှုတစ်ခု၏ အားရှိဖွယ်ရလဒ်များအကြောင်း ဤသို့ဖော်ပြသည်– “အဖြစ်မှန်မှာ အံ့ဩစရာကောင်းလှ၏– အခက်အခဲများကြား ဆက်ပေါင်းနေကြသော မပျော်ရွှင်သည့်အိမ်ထောင် ၈၆ ရာခိုင်နှုန်းသည် ငါးနှစ်အကြာတွင် သူတို့၏အိမ်ထောင်ရေး ပို၍ပျော်ရွှင်ကြသည်။” အလွန်မပျော်ရွှင်သူများအဖြစ် မိမိတို့ကိုယ်ကို ဖော်ပြကြသော မောင်နှံစုံများပင် ပြောင်းလဲမှု တွေ့ ကြုံခဲ့ကြသည်။

သင်တို့အဖြစ်တွင်လည်း အလားတူမှန်ကန်ကောင်း မှန်ကန်ပါလိမ့်မည်။ ဇနီးမောင်နှံများအတွက် လက်တွေ့ကျမူများကို ကျမ်းစာတွင် ဖော်ပြထားကြောင်း ဤမဂ္ဂဇင်းထုတ်ဝေသူတို့ဖြစ်သော ယေဟောဝါသက်သေများ တွေ့ရှိကြသည်။ ဥပမာ၊ အိမ်ထောင်ဖက်တို့သည် ကြင်နာပြီး ထောက်ထားစာနာမှု တင်ပြကာ အချင်းချင်း အကြွင်းမဲ့ ခွင့်လွှတ်ကြသောအခါ အိမ်ထောင်များစွာ တိုးတက်ကောင်းမွန်လာကြသည်။ (ဧဖက် ၄:၃၂) ဇနီးသည်များသည် “နူးညံ့ငြိမ်သက်ခြင်းသဘော” တင်ပြခြင်း၏ တန်ဖိုးရှိမှုကို သိရှိကြပြီး ယောက်ျားများသည် မိမိတို့၏ ဇနီးများကို ခါးသည်းစွာ အမျက်မထွက်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိကြသည်။—၁ ပေတရု ၃:၄။ ကောလောသဲ ၃:၁၉

ယင်းကျမ်းချက်များသည် ထိရောက်မှု ရှိ၏၊ အကြောင်းမှာ ကျမ်းစာအာဘော်ရှင် ယေဟောဝါဘုရားသခင်သည် အိမ်ထောင်ရေး အစီအစဉ်ကို ပြုလုပ်ခဲ့သောကြောင့် ဖြစ်သည်။ သင့်အိမ်ထောင်ကို ကျမ်းစာက မည်သို့ကူညီပေးနိုင်ပုံနှင့်ပတ်သက်ပြီး ထပ်ဆင့်အချက်အလက်အတွက် ယေဟောဝါသက်သေများကို မေးမြန်းပါလေ။ *

^ အပိုဒ်၊ 14 မိသားစုများကို ကူညီဖို့ ယေဟောဝါသက်သေများသည် ၁၉၂ မျက်နှာပါသော မိသားစု ပျော်ရွှင်မှု၏လျှို့ဝှက်ချက် စာအုပ်ကို ထုတ်ဝေထားသည်။ ထပ်ဆင့် အချက်အလက်အတွက် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၅ ပါ သင့်လျော်သောလိပ်စာသို့ လိပ်မူပြီး ထုတ်ဝေသူများထံ စာရေးပါ။