မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သဘာဝမှ ကျွန်ုပ်တို့သင်ယူရာ

သဘာဝမှ ကျွန်ုပ်တို့သင်ယူရာ

သဘာဝမှ ကျွန်ုပ်တို့သင်ယူရာ

‘အိုယေဟောဝါ ကိုယ်တော်စီရင်ပြုပြင်တော်မူသောအရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို ပညာတော်အားဖြင့်ဖန်ဆင်းတော်မူ၏။’ —ဆာလံ ၁၀၄:၂၄

လူများစွာသည် သက်ရှိများ၏ပုံစံအရင်းအမြစ်ကိုရည်ညွှန်းရန် “သဘာဝ” ဟူသောစကားလုံးကို အသုံးပြုကြသည်။ ဥပမာ၊ ၂၀၀၃၊ မတ်လထုတ် ဆိုင်းယင်းတစ်ဖစ်ခ် အမေရိကန်ဂျာနယ်တွင် ဤသို့ဖော်ပြခဲ့သည်– “သဘာဝက ပုံစံပြုထားသော ခန္ဓာကိုယ်ကိုဖုံးအုပ်ထားသမျှထဲတွင် အမွေးအတောင်များသည် မျိုးစုံအရှိဆုံးဖြစ်ပြီး အံ့သြဖွယ်အကောင်းဆုံးဖြစ်သည်။” ထိုစာရေးသူက သဘာဝကို စွမ်းအားတစ်ခုအဖြစ်သာ စဉ်းစားနေခြင်းဖြစ်နိုင်သော်လည်း သဘာဝက အမွေးအတောင်များကို “ဒီဇိုင်းလုပ်ပေးခဲ့သည်” ဟုဆို၏။ စွမ်းအားတစ်ခုသည် အရာများကို ဒီဇိုင်းထုတ်ပေးနိုင်ပါမည်လော။

“ဒီဇိုင်းထုတ်လုပ်” ရန်ဟုဆိုရာတွင် “သတ်သတ်မှတ်မှတ်ရည်ရွယ်ချက်တစ်ခုကို စိတ်ထဲတွင်ထား၍ (တစ်စုံတစ်ခုကို) အစီအစဉ်ဆွဲ” ရန်ဟုအဓိပ္ပာယ်ရှိသည်။ (အောက်စ်ဖို့ဒ်အင်္ဂလိပ်အဘိဓာန်သစ်) ပုဂ္ဂိုလ်သာလျှင် ဒီဇိုင်းထုတ်လုပ်နိုင်၊ တီထွင်နိုင်သည်။ တီထွင်သူများတွင် နာမည်များရှိသကဲ့သို့ ဖန်ဆင်းရှင်တွင် နာမည်ရှိသည်။ ယေဟောဝါသည် သဘာဝ၏ဒီဇိုင်နာဖြစ်တော်မူ၏။ ကိုယ်တော်တစ်ပါးတည်းသာလျှင် ‘မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားသခင်ဖြစ်တော်မူ’ ပြီး “ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ” အရှင်ဖြစ်တော်မူ၏။—ဆာလံ ၈၃:၁၈; ဗျာ. ၄:၁၁

ဖန်ဆင်းခြင်းမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူသိရှိရသနည်း။ ကျွန်ုပ်တို့သင်ယူသည့် အကောင်းဆုံးသင်ခန်းစာများမှာ ယေဟောဝါ၏ဉာဏ်ပညာအပါအဝင် ကိုယ်တော့်အကြောင်းနှင့် ကိုယ်တော်၏အံ့ဖွယ်အရည်အသွေးတော်များဖြစ်သည်။ “ဖန်ဆင်းထားရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ဘုရားသခင့်အဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ဂုဏ်ရည်တော်များသည် လောကဖန်ဆင်းချိန်မှစ၍ ထင်ရှားစွာသိမြင်ရ၏။” (ရောမ ၁:၂၀ကဘ) ဘုရားသခင်၏ဉာဏ်ပညာသည် ကျွန်ုပ်တို့၏ဉာဏ်ပညာထက် များစွာသာလွန်ကြောင်း သဘာဝမှ ကျွန်ုပ်တို့ သင်ယူသိရှိရသည်။ ကိုယ်တော်သည် တီထွင်သူလူသားများထက် သာ၍ကောင်းအောင် ဒီဇိုင်းပြုလုပ်နိုင်သည်ဆိုလျှင် လူ့အကြံဉာဏ်ပေးသူများ အကြံပေးနိုင်သည်ထက် ကျွန်ုပ်တို့ကို ပို၍အကြံပေးနိုင်သည်ဟူသည့် ခိုင်လုံသောအကြောင်းရင်းရှိသည်မဟုတ်လော။

ဘုရားသခင်၏အကြံဉာဏ်သည် “သဘာဝ စာစောင်” ထဲတွင် အဓိကတွေ့ရသည်မဟုတ်ဘဲ ကိုယ်တော်၏တရားစကားဖြစ်သော သမ္မာကျမ်းစာတွင် ရေးသားထားသည်။ သင် မည်သို့ထင်သနည်း။ ဆက်ဆံပြောဆိုခြင်းအတွက် ကျွန်ုပ်တို့ကိုယ်အင်္ဂါများ၏ဒီဇိုင်းနာသည် ကျွန်ုပ်တို့နှင့် အဆက်အသွယ်လုပ်လိုမည်လော။ အဆက်အသွယ်လုပ်လိုမည်ဟု ကောက်ချက်ချခြင်းသည်သာ ဆင်ခြင်တုံတရားနှင့်ညီပုံရသည်။ သမ္မာကျမ်းစာ ဤသို့ဆိုသည်– ‘ကျမ်းဂန်ရှိသမျှသည် ဘုရားသခင့်စွမ်းအားတော်၏လမ်းညွှန်မှုဖြင့် ရေးထားသည်။’—၂ တိမောသေ ၃:၁၆ကဘ။

တီထွင်သူများအကြောင်း လေ့လာခြင်းသည် စိတ်ဝင်စားစရာကောင်းကြောင်း သင်တွေ့ရလျှင် ဖန်ဆင်းရှင်အကြောင်း ဆည်းပူးလေ့လာခြင်းသည် ပို၍ပင်စိတ်ဝင်စားစရာကောင်းကြောင်း တွေ့ရလိမ့်မည်။ ဥပမာ၊ ဤသို့သောမေးခွန်းများ၏အဖြေကို သင်သိလိုပေမည်– ကျွန်ုပ်တို့သည် အဘယ်ကြောင့် ဆင်းရဲဝေဒနာခံစားပြီး သေဆုံးကြသနည်း။ ယင်းသည် လူသားအတွက် ဘုရားသခင့်ရည်ရွယ်ချက်အမှန်ဖြစ်သလော။ မဟုတ်ပါက ဆင်းရဲဝေဒနာကို ဘုရားသခင်သည် အဘယ်ကြောင့် ခွင့်ပြုတော်မူသနည်း။

သိပ္ပံပညာရှင်များ အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ သူတို့သည် ယေဟောဝါထံမှ ဒီဇိုင်းပြုလုပ်ခြင်းကို သင်ယူခဲ့ကြခြင်းဖြစ်သည်။ သင်လည်း ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ထံမှ များစွာသင်ယူနိုင်ပါသည်။ ဥပမာ၊ တည်မြဲသောအိမ်ထောင်ကို မည်သို့ရရှိနိုင်ပုံ၊ ကလေးများကို မည်သို့အောင်မြင်စွာပြုစုပျိုးထောင်နိုင်ပုံ၊ ကမ္ဘာမြေအတွက် ဘုရားသခင့်ရွယ်သည့်အရာနှင့် သင့်ဘဝအဓိပ္ပာယ်ရှိစေနိုင်သည့်အရာများစွာကို လေ့လာသိရှိနိုင်သည်။ ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်က ဘုရားသခင့်တရားစကားတော်မှ များစွာအကျိုးရရှိရန် သင့်အား ကူညီပေးနိုင်သည်။