မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်အောင်မြင်နိုင်သည်!

သင်အောင်မြင်နိုင်သည်!

သင်အောင်မြင်နိုင်သည်!

သင့်အတွက် “အားယူ၍တည်ဆောက်” ရန်အချိန် ရောက်လာသည်။ (၁ ရာဇဝင်ချုပ် ၂၈:၁၀) သင့်အောင်မြင်ရေးအခွင့်အလမ်းများစေဖို့ အဘယ်နောက်ဆုံးလုပ်ဆောင်မှုများကို ပြုလုပ်နိုင်သနည်း။

ရက်စွဲသတ်မှတ်ပါ။ သင်သည် ဆေးလိပ်ဖြတ်ဖို့ဆုံးဖြတ်သောအခါ ဆေးလိပ်လုံးဝမသောက်သည့်ဦးဆုံးနေ့သည် နှစ်ပတ်အတွင်း ဖြစ်သင့်သည်ဟု ယူ.အက်စ်. ကျန်းမာရေးနှင့် လူထုအကျိုးဆောင်ဌာနက ဖော်ပြသည်။ ယင်းက သင့်စိတ်လှုံ့ဆော်အားကို ပြင်းထန်နေစေပါလိမ့်မည်။ ယင်းရက်စွဲကို သင့်ပြက္ခဒိန်တွင် မှတ်သားပြီး မိတ်ဆွေများကို ပြောပြကာ သင့်အခြေအနေများပြောင်းသွားလျှင်ပင် ယင်းရက်စွဲကိုမပြောင်းပါနှင့်။

“ဆေးလိပ်ဖြတ်ကတ်” တစ်ခုပြုလုပ်ပါ။ ယင်းတွင် အောက်ပါအချက်အလက်များပါဝင်နိုင်ပြီး သင့်စိတ်လှုံ့ဆော်မှုကို ခိုင်ခံ့စေနိုင်သည့် မည်သည့်အရာကိုမဆို ထပ်ထည့်ပါ–

● ဆေးလိပ်ဖြတ်ရသည့်အကြောင်းရင်းများ

● အလျှော့ပေးမိတော့မည်ဟုခံစားလာသောအခါ သင်ဖုန်းဆက်ရမည့်သူတို့၏ဖုန်းနံပါတ်များ

ဂလာတိ ၅:၂၂၊ ၂၃ ကဲ့သို့သော ကျမ်းချက်များအပါအဝင် သင့်ပန်းတိုင်သို့ရောက်ရန် အထောက်အကူပြုမည့်စဉ်းစားဆင်ခြင်မှုများ

ဆေးလိပ်ဖြတ်ကတ် ကိုအချိန်တိုင်းဆောင်ထားပြီး တစ်ရက်လျှင် အကြိမ်ကြိမ်ဖတ်ပါ။ သင်ဆေးလိပ်ဖြတ်ပြီးနောက်တွင်ပင် ဆေးလိပ်သောက်လိုစိတ်ရှိလာသည့်အခါတိုင်း ယင်းကတ်ကို ပြန်လည်ဆန်းစစ်ပါ။

ဆက်စပ်သည့်အကျင့်များကို ကြိုတင်လျှော့ချပါ။ သင်ဆေးလိပ်ဖြတ်သည့်နေ့ရက်မတိုင်မီ ဆေးလိပ်သောက်ခြင်းနှင့်ဆက်စပ်သည့် မည်သည့်အကျင့်ကိုမဆို အရင်ဖြတ်ပါ။ ဥပမာ၊ နံနက်တိုင်း အိပ်ရာထလျှင်ထခြင်း ဆေးလိပ်သောက်တတ်သည်ဆိုလျှင် တစ်နာရီလောက်အထိ မသောက်ဘဲရွေ့ဆိုင်းထားလိုက်ပါ။ အစာစားချိန်အတွင်း သို့မဟုတ် စားပြီးပြီးချင်း ဆေးလိပ်သောက်သည်ဆိုလျှင် ယင်းအကျင့်ကို ဖြတ်ပစ်ပါ။ ဆေးလိပ်သောက်သူတို့ရှိရာနေရာများကို ရှောင်ပါ။ ထို့ပြင် တစ်ယောက်တည်း ဤသို့ကျယ်ကျယ်ပြောပါ– “ကျေးဇူးပဲ၊ မသောက်တော့ဘူး၊ ကျွန်တော်ဆေးလိပ်ဖြတ်လိုက်ပြီ။” ယင်းသို့သောလုပ်ဆောင်မှုများသည် ဆေးလိပ်ဖြတ်သည့်နေ့အတွက် သင့်အား ပြင်ဆင်ပေးရုံထက်မက လုပ်ဆောင်ပေးပါလိမ့်မည်။ ယင်းတို့က သင်သည် မကြာမီ ဆေးလိပ်မသောက်တော့သူတစ်ဦး ဖြစ်လိမ့်မည်ကိုလည်း သတိပေးရာရောက်လိမ့်မည်။

ဆေးလိပ်ဖြတ်ရန် ပြင်ဆင်ပါ။ ဆေးလိပ်ဖြတ်မည့်နေ့ရက်နီးလာသည်နှင့်အမျှ အစားထိုးအစားအစာများကို စုဆောင်းထားပါ– မုန်လာဥနီ၊ ပီကေ၊ အခွံမာသီးများစသည်တို့ဖြစ်သည်။ ဆေးလိပ်ဖြတ်သည့်ရက်စွဲကို သင့်မိတ်ဆွေများနှင့် မိသားစုကို အသိပေးပြီး သင့်အား သူတို့ထောက်ကူပေးနိုင်ပုံကို အသိပေးထားပါ။ ယင်းနေ့မတိုင်မီလေးတွင် ပြာခွက်များ၊ မီးခြစ်များနှင့် အိမ်ဝန်းကျင်၊ ကား၊ အိတ်ကပ် သို့မဟုတ် အလုပ်လုပ်သည့်နေရာရှိ စီးကရက်များကဲ့သို့သော သင့်အတွက် သွေးဆောင်မှုဖြစ်စေနိုင်သည့် မည်သည့်အရာကိုမဆို ရှင်းထုတ်ပစ်ပါ။ မိတ်ဆွေတစ်ဦးအား စီးကရက်တစ်လိပ်တောင်းရန် သို့မဟုတ် တစ်ဘူးဝယ်ဖို့ထက် အံဆွဲထဲမှ စီးကရက်တစ်လိပ်လှမ်းယူဖို့က ပိုလွယ်သည်။ ထို့ပြင် ဘုရားသခင့်ထောက်မမှုရဖို့အတွက် မပြတ်ဆုတောင်းနေပါ၊ သင်နောက်ဆုံးဆေးလိပ်သောက်ပြီးသည့်နောက်တွင် ခါတိုင်းထက်ပို၍ ထက်သန်စွာ ထိုသို့ဆုတောင်းပါ။—လုကာ ၁၁:၁၃

မြောက်မြားစွာသောသူတို့သည် တစ်ချိန်က သူတို့၏ရက်စက်သော မိတ်ဆွေတုဖြစ်သည့်စီးကရက်ကို “အဆက်ဖြတ်” ခဲ့ကြသည်။ သင်လည်း အဆက်ဖြတ်နိုင်သည်။ ကျန်းမာရေးပိုကောင်းခြင်းနှင့် လွတ်လပ်သည်ဟူသောခံစားချက်က သင့်အား စောင့်ကြိုလျက်ရှိသည်။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ဆေးလိပ်ဖြတ်ကတ်ကို အချိန်တိုင်းဆောင်ထားပြီး တစ်ရက်တွင် မကြာခဏဖတ်ပါ