မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်ပါ

အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်ပါ

အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်ပါ

“ကျွန်တော်တို့ရဲ့မွေးကင်းစကလေးကျန်းမာရေးအတွက် ဆေးလိပ် ဖြတ်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့အိမ်မှာ ‘ဆေးလိပ်မသောက်ရ’ ဆိုတဲ့စာတမ်းကို ကပ်ထားခဲ့တယ်။ တစ်နာရီလောက်ကြာတော့ နီကိုတင်းဓာတ်တောင့်တမှုဟာ ဆိုနာမီလိုပဲ တက်လာတော့တယ်၊ ပြီးတော့ စီးကရက်တစ်လိပ်ကို ကျွန်တော်မီးညှိလိုက်တော့တယ်။”—ရိုရှီမိစု၊ ဂျပန်။

ရိုရှီမိစု၏တွေ့ကြုံမှုက ဖော်ပြသည့်အတိုင်း ဆေးလိပ်ဖြတ်ချိန်တစ်လျှောက် အခက်အခဲများရှိနိုင်သည်။ ထို့ပြင် ဆေးလိပ်ပြန်သောက်မိခဲ့ကြသူ ၉၀ ရာခိုင်နှုန်းနီးပါးသည် ဆက်၍ဆေးလိပ်သောက်သွားကြကြောင်း လေ့လာမှုများက ဖော်ပြသည်။ ထို့ကြောင့် သင်သည် ဆေးလိပ်ဖြတ်ဖို့ကြိုးစားသည်ဆိုလျှင် အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်ထားပါက ပို၍အောင်မြင်စရာအကြောင်းရှိနိုင်သည်။ ပို၍ဖြစ်တတ်သောအခက်အခဲများမှာ အဘယ်နည်း။

နီကိုတင်း တောင့်တခြင်း- သင်နောက်ဆုံးဆေးလိပ်သောက်ပြီးနောက် သုံးရက်အတွင်း ယင်းသို့အများဆုံးဖြစ်လေ့ရှိပြီး နှစ်ပတ်ခန့်ကြာပြီးနောက် သက်သာသွားသည်။ ယင်းအချိန်အတောအတွင်း “နီကိုတင်းတောင့်တတဲ့စိတ်က ရေလှိုင်းလိုပဲ တက်လာလိုက် ကျသွားလိုက်ဖြစ်နေတယ်” ဟု ယခင်က ဆေးလိပ်သောက်ခဲ့သူတစ်ဦးပြောသည်။ သို့သော် နှစ်များစွာကြာပြီးနောက်၌ပင် ရုတ်တရက်ဆေးလိပ်သောက်ချင်စိတ်ပေါ်လာနိုင်သည်။ ထိုသို့ဖြစ်ပါက အလျင်စလိုဘာမှမလုပ်ပါနှင့်။ ငါးမိနစ်လောက်စောင့်ပါ၊ ယင်းနောက် သောက်ချင်စိတ်ပျောက်သွားလောက်သည်။

ဆေးပြတ်သည့်အခြားလက္ခဏာများ- အစပိုင်းတွင် နိုးနိုးကြားကြားရှိဖို့ သို့မဟုတ် အာရုံစိုက်ဖို့ခက်ခဲကြောင်းတွေ့ရှိရပြီး ကိုယ်အလေးချိန် ပို၍အလွယ်တကူတက်လာတတ်သည်။ ထို့ပြင် သူတို့သည် ကိုက်ခဲခြင်း၊ ယားယံခြင်း၊ ချွေးထွက်များခြင်း၊ ချောင်းဆိုးခြင်းတို့ကိုလည်းကြုံရနိုင်သည့်အပြင် စိတ်နေသဘောထားပြောင်းလဲခြင်းကို စိတ်မရှည်ခြင်း၊ စိတ်ဆိုးလွယ်ခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်းဖြင့်ပင် ဖော်ပြကြသည်။ သို့သော် လက္ခဏာအများစုသည် လေးပတ်မှ ခြောက်ပတ်အတွင်း လျော့နည်းသက်သာသွားသည်။

ခက်ခဲသောယင်းအချိန်အတွင်း အကူအညီဖြစ်စေမည့် သင်လုပ်ဆောင်နိုင်သော လက်တွေ့ကျအရာတချို့ရှိသည်။ ဥပမာ–

● အိပ်ချိန် ပိုပေးပါ။

● ရေ သို့မဟုတ် ဖျော်ရည် များများသောက်ပါ။ အာဟာရပြည့်၀သော အစားအစာများစားပါ။

● တော်သင့်သောလေ့ကျင့်ခန်းလုပ်ပါ။

● ခပ်ပြင်းပြင်းအသက်ရှူပါ၊ သင့်အဆုတ်တွင် လေကောင်းလေသန့်များပြည့်နေသည်ဟု မြင်ယောင်ပါ။

အစပျိုးပေးရာများ- ယင်းတို့သည် ဆေးလိပ်သောက်ချင်စိတ်ကို အစပျိုးပေးနိုင်သည့် လုပ်ဆောင်မှုများ သို့မဟုတ် ခံစားချက်များဖြစ်သည်။ ဥပမာ၊ သာမန်အားဖြင့် သင်သည် ဖျော်ရည်၊ ယမကာသောက်ချိန်တွင် စီးကရက်တစ်လိပ် ပါကောင်းပါနိုင်သည်။ ယင်းသို့ဖြစ်ပါက ဆေးလိပ်ဖြတ်ချိန်တွင် ဖျော်ရည်၊ ယမကာကို ဇိမ်ပြေနပြေမသောက်ပါနှင့်။ အချိန်တန်သော် ပို၍အေးအေးလူလူ သောက်သုံးနိုင်ပါလိမ့်မည်။

သင့်ကိုယ်ခန္ဓာတွင် နီကိုတင်းကင်းစင်ပြီးနောက်အတော်ကြာသည့်အထိ စိတ်ပိုင်းဆိုင်ရာဆက်နွှယ်မှုများ ရှိနေနိုင်သည်ဟု ဆိုကြသည်။ “ကျွန်တော်ဆေးလိပ်ဖြတ်ပြီး ဆယ့်ကိုးနှစ်ကြာပြီးနောက် ကော်ဖီသောက်နားချိန်အတွင်းမှာ ဆေးလိပ်သောက်ချင်နေတုန်းပဲ” ဟုအထက်တွင်ဖော်ပြခဲ့သည့် တော်ဘန်ကဝန်ခံသည်။ သို့သော် များသောအားဖြင့် သတ်သတ်မှတ်မှတ်လုပ်ဆောင်မှုများ လုပ်နေလျှင် ဆေးလိပ်သောက်လိုစိတ်သည် အချိန်ကြာလာသောအခါ လျော့နည်းသွားမည်ဖြစ်ပြီး ယင်းဆန္ဒ ပျောက်သွားပါလိမ့်မည်။

အရက်ယမကာနှင့်ဆိုလျှင် အခြေအနေမှာမတူပါ။ သင်သည် ဆေးလိပ်ဖြတ်ရန်ကြိုးစားနေချိန်အတွင်း အရက်နှင့် အရက်ရနိုင်သည့်နေရာများကို ရှောင်ကြဉ်ရန်လိုအပ်ပေမည်၊ အကြောင်းမှာ လူတို့သည် အရက်သောက်စဉ် ဆေးလိပ်သောက်လိုစိတ် အလွန်ဖြစ်ပေါ်လာသည့်အတွက်ဖြစ်သည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။

● အရက်ပမာဏအနည်းငယ်ပင် နီကိုတင်းမှအရင်းခံသည့်ကြည်နူးသာယာမှုကို တိုးပွားစေသည်။

● လူမှုရေးပေါင်းသင်းချိန်၌ အရက်သောက်သုံးခြင်းသည် ဆေးလိပ်သောက်ခြင်းနှင့် အလွန်ဆက်စပ်လေ့ရှိသည်။

● အရက်သည် ပိုင်းခြားဝေဖန်နိုင်စွမ်းကိုထိခိုက်စေပြီး အရှက်အကြောက်နည်းစေသည်။ သမ္မာကျမ်းစာက ဤသို့အတိအလင်းဖော်ပြသည်– “စပျစ်ရည်သည် ဉာဏ်ကိုကင်းမဲ့စေ၏။”—ဟောရှေ ၄:၁၁သမ္မာ။

အပေါင်းအသင်းများ-

တစ်ဖွာလေးပဲ သောက်မယ်။

အဖြစ်မှန်- ဆေးလိပ်တစ်ဖွာလေးက သင့်ဦးနှောက်ထဲရှိ နီကိုတင်းအာရုံခံဆဲလ် ၅၀ ရာခိုင်နှုန်းလောက်ကို သုံးနာရီကြာသည်အထိဖြစ်ပေါ်စေနိုင်သည်။ ရလဒ်မှာ လုံးလုံးပြန်သောက်စေလေ့ရှိသည်။

ဆေးလိပ်သောက်ခြင်းက စိတ်ဖိစီးမှုကိုဖြေရှင်းဖို့ ထောက်ကူပေးတယ်။

အဖြစ်မှန်- နီကိုတင်းသည် စိတ်ဖိစီးမှုဖြစ်စေသည့်ဟော်မုန်းဓာတ်များကို အမှန်တိုးများစေကြောင်း လေ့လာမှုများက ဖော်ပြသည်။ ဖိစီးမှုဒဏ်မှသက်သာရာရခြင်းသည် များသောအားဖြင့် ဆေးပြတ်သည့်လက္ခဏာများ ယာယီပျောက်ပျက်ခြင်းကြောင့်ဖြစ်သည်။

ဆေးလိပ်သောက်တာကြာပြီမို့ ဖြတ်ဖို့မဖြစ်နိုင်တော့ဘူး။

အဖြစ်မှန်- အဆိုးမြင်ဝါဒသည် စိတ်ဆန္ဒကို ဖြိုဖျက်သည်။ “သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက်လျှင် အားနည်း၏။” (သု. ၂၄:၁၀) ထို့ကြောင့် အရှုံးပေးလိုစိတ်ကို ရှောင်ပါ။ ဤမဂ္ဂဇင်းတွင် ဖော်ပြသူတို့ကဲ့သို့သော အမှန်တကယ် ဆေးလိပ်ဖြတ်လိုသူများ၊ လက်တွေ့ကျမူများကို ကျင့်သုံးသူမည်သူမဆို အောင်မြင်နိုင်သည်။

ဆေးပြတ်တဲ့လက္ခဏာတွေ ကျွန်တော်မခံနိုင်ဘူး။

အဖြစ်မှန်- ဆေးပြတ်သည့်လက္ခဏာများသည် ပြင်းထန်သည်မှာ မှန်ပါသည်၊ သို့သော် အပတ်အနည်းငယ်အတွင်း လျော့ကျသွားပါလိမ့်မည်။ ထို့ကြောင့် ကြံ့ကြံ့ခံလျက်နေပါ။ ဆေးလိပ်သောက်ချင်စိတ်သည် နောက်ပိုင်း လ၊ နှစ်များတွင် ပြန်ပေါ်လာသည်ဆိုလျှင် စီးကရက်ကို မီးမညှိပါက မိနစ်အနည်းငယ်တွင်ပင် ပပျောက်သွားဖွယ်ရှိသည်။

ကျွန်တော့်မှာ စိတ်ရောဂါရှိတယ်။

အဖြစ်မှန်- စိတ်ကျဝေဒနာ သို့မဟုတ် စိတ်ကစဉ့်ကလျားရောဂါကဲ့သို့သော စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်မျိုးမျိုးခံစားရပါက ဆေးလိပ်ဖြတ်နိုင်ရန် အကူအညီအတွက် သင့်ဆရာဝန်ကို မေးမြန်းပါ။ သင့်ဆရာဝန်သည် သင်ဆေးလိပ်ဖြတ်ဖို့ကြိုးစားချိန်တွင် ကုသမှုနှင့်ဆေးဝါးများကို စောင့်ကြည့်ပေးခြင်း (သို့မဟုတ် စစ်ဆေးပေးခြင်း) ဖြင့် သင့်အား အစွမ်းကုန်ကူညီပေးနိုင်သည်။

ငါပြန်သောက်မိရင် ကျရှုံးသူတစ်ဦးလို့ ခံစားရလိမ့်မယ်။

အဖြစ်မှန်- များစွာသောသူတို့ လက်လျှော့အရှုံးပေးသကဲ့သို့ သင်သည် အခက်အခဲတစ်ခုကြောင့် ခလုတ်တိုက်ချော်လဲသလိုဖြစ်သွား၍ ဆေးလိပ်ပြန်သောက်မိပါက သင့်အခြေအနေသည် မျှော်လင့်ချက်မဲ့သည်မဟုတ်ပါ။ ပြန်ကြိုးစားလိုက်ပါ။ လဲကျခြင်းသည် ကျရှုံးခြင်းမဟုတ်ပါ။ ချော်လဲရောထိုင်လိုက်ခြင်းသည် ကျရှုံးခြင်းဖြစ်သည်။ ထို့ကြောင့် ဆက်၍ကြိုးစားပါလေ။ နောက်ဆုံးတွင် သင်အောင်မြင်ပါလိမ့်မည်။

၂၆ နှစ်ကြာ ဆေးလိပ်သောက်ခဲ့ပြီး လွန်ခဲ့သောအနှစ် ၃၀ ကျော်တွင် ဆေးလိပ်ဖြတ်ပစ်ခဲ့သူ ရိုမိုလ်ဒို၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူဤသို့ရေးသည်– “ပြန်သောက်မိတဲ့အကြိမ်ပေါင်း မနည်းဘူး။ သောက်မိတိုင်း ငါဟာအရှုံးသမားကြီးပဲလို့ ခံစားမိတယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ကောင်းတဲ့ဆက်ဆံရေးရှိဖို့ ခိုင်မာစွာသန္နိဋ္ဌာန်ချပြီး အကူအညီအတွက် ကိုယ်တော့်ထံ အကြိမ်ကြိမ်ဆုတောင်းတဲ့အခါ နောက်ဆုံးမှာ ကျွန်တော် တကယ်ဆေးလိပ်ဖြတ်နိုင်ခဲ့တယ်။”

ဤအခန်းဆက်၏နောက်ဆုံးဆောင်းပါးတွင် သင်သည် ဆေးလိပ်ပြတ်သွား၍ ပျော်ရွှင်သူတစ်ဦးဖြစ်လာရန် အထောက်အကူပေးနိုင်သည့် လက်တွေ့ကျအကြံပြုချက်တချို့ကို ကျွန်ုပ်တို့သုံးသပ်ကြမည်။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သေစေသော ယင်း၏ပုံစံအမျိုးမျိုး

ဆေးရွက်ကြီးကို နည်းအမျိုးမျိုးဖြင့် အသုံး ပြုသည်။ ဆေးရွက်ကြီးဖြင့်ပြုလုပ်သောပစ္စည်းအချို့ကို သဘာ၀အစားအစာနှင့် တိုင်းရင်းဆေးဆိုင်များတွင်ပင် ရောင်းကြသည်။ သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က “ဆေးရွက်ကြီးပုံစံအားလုံးသည် သေစေနိုင်သည်” ဟုဖော်ပြသည်။ လူတို့သည် ကင်ဆာနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါကဲ့သို့သော ဆေးရွက်ကြီးနှင့်ဆက်စပ်သည့်ရောဂါများစွာကြောင့် အသက်ဆုံးကြရသည်။ ဆေးလိပ်သောက်သောမိခင်များသည် မိမိတို့၏မမွေးသေးသောကလေးများကိုလည်း အန္တရာယ်ဖြစ်စေနိုင်သည်။ ဆေးရွက်ကြီးဖြင့်ပြုလုပ်သောပစ္စည်းများကို မည်သည့်ပုံစံများဖြင့် အသုံးပြုလေ့ရှိသနည်း။

ဘီဒစ် (Bidis)– လက်နှင့်လိပ်ထားသောဤသေးငယ်သည့်စီးကရက်များသည် အာရှ နိုင်ငံများတွင် အသုံးများသည်။ ဘီဒစ်သည် သာမန်စီးကရက်ထက် ပိုများသောဆေးချေး၊ နီကိုတင်းနှင့် ကာဗွန်မိုနောက်ဆိုက်တို့ကို များစွာထုတ်လွှတ်သည်။

ဆေးပြင်းလိပ်- ယင်းတို့သည် ဆေးရွက်ကြီး၏အရွက်များထဲတွင် သို့မဟုတ် ဆေးရွက်ကြီးများဖြင့်ပြုလုပ်ထားသောစက္ကူများထဲတွင် ဆေးရွက်ကြီးဖြည့်စာများကိုထည့်ကာ တင်းကျပ်စွာလိပ်ပတ်ထားရာများဖြစ်သည်။ အချဉ်ဓာတ်ပါသောဆေးရွက်ကြီးစီးကရက်များနှင့်နှိုင်းယှဉ်ပါက အယ်လ်ကာလီအနည်းငယ်ပါသောဆေးပြင်းလိပ်များသည် မီးမညှိထားလျှင်ပင် နီကိုတင်းများကို ပါးစပ်မှတစ်ဆင့် စိမ့်ဝင်သွားစေနိုင်သည်။

ကရီးတက်စ် သို့မဟုတ် လေးညှင်းပွင့် စီးကရက်– ယင်းတွင် များသောအားဖြင့် ဆေးရွက်ကြီး ၆၀ ရာခိုင်နှုန်းနှင့် လေးညှင်းပွင့် ၄၀ ရာခိုင်နှုန်းခန့်ပါသည်။ ယင်းတို့သည် သာမန်စီးကရက်များထက် ဆေးချေး၊ နီကိုတင်းနှင့် ကာဗွန်မိုနောက်ဆိုက်ကို ပို၍ ထုတ်လွှတ်သည်။

ဆေးတံ– စီးကရက်သောက်ခြင်းအစား ဆေးတံဖြင့်ဆေးလိပ်သောက်ခြင်းသည်လည်း ဘေးကင်းသည်မဟုတ်ပါ၊ နှစ်ခုစလုံးသည် ကင်ဆာနှင့် အခြားရောဂါများစွာကို ဖြစ်စေနိုင်သည်။

အခိုးအငွေ့မဲ့ဆေးရွက်ကြီး– ယင်းတွင် ဂွမ်ခါးအရသာထွက်စေသောကွမ်းရာ၊ ဆေးရွက်ကြီးဝါးခြင်းနှင့် နှာခေါင်းတွင်တေ့၍ရှူရှိုက်သော ဆေးရွက်ကြီးအမှုန့်တို့ပါဝင်သည်။ နီကိုတင်းသည် ပါးစပ်မှတစ်ဆင့် သွေးကြောထဲသို့ စိမ့်ဝင်သွားသည်။ အခိုးအငွေ့မဲ့ဆေးရွက်ကြီး အသုံးပြုခြင်းသည် အခြားဆေးရွက်ကြီးအသုံးပြုခြင်းကဲ့သို့ပင် အန္တရာယ်ရှိသည်။

ပိုက်ဖြင့် ဆေးလိပ်သောက်ခြင်း (ဟွတ်ခါ၊ နာဂလီ၊ ရှိရှာစ်)– ဤကိရိယာတွင် ဆေးရွက်ကြီး၏အငွေ့များသည် ရှူမသွင်းမီ ရေကိုဖြတ်သွားသည်။ သို့သော်ငြား ယင်းသည်လည်း အဆုတ်ထဲဝင်ရောက်သွားသည့် ကင်ဆာဖြစ်စေရာများအပါအဝင် အဆိပ်အတောက်ပမာဏကို မလျော့ချပေးနိုင်ပါ။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အခြားသူတစ်ဦးကိုဆေးလိပ်ဖြတ်ရန် ကူညီပေးခြင်း

အကောင်းမြင်ပါ။ အပြစ်ရှာဝေဖန်ပြီး ပြစ်တင်ဆုံးမခြင်းထက် ချီးမွမ်းပြီး လုပ်ရကျိုးနပ်စေခြင်းက ပိုကောင်းသည်။ “မင်း မအောင်မြင်ပြန်ဘူး” စကားထက် “နောက်တစ်ကြိမ်ထပ်ကြိုးစားရင် အောင်မြင်မှာပါ” ဟုပြောခြင်းသည် ပို၍တာသွားသည်။

ခွင့်လွှတ်ပါ။ ဆေးလိပ်ဖြတ်ရန်ကြိုးစားနေသူတစ်ဦးကြောင့် စိတ်ဆိုးခြင်း သို့မဟုတ် မချင့်မရဲဖြစ်ခြင်းတို့ကို အတတ်နိုင်ဆုံး လျစ်လျူရှုလိုက်ပါ။ “အရမ်းခက်တယ်ဆိုတာ ကျွန်တော်သိတယ်၊ ဒါပေမဲ့ ခင်ဗျား ဒီလိုလုပ်တဲ့အတွက် ကျွန်တော် အရမ်းဂုဏ်ယူတယ်” ကဲ့သို့သော ကြင်နာသည့်စကားများကိုသုံးပါ။ “မင်းဆေးလိပ်သောက်တာကိုတောင် ငါပိုကြိုက်တယ်” ဟု ဘယ်တော့မျှမပြောပါနှင့်။

မိတ်ဆွေစစ်ဖြစ်ပါ– ကျမ်းစာဤသို့ဖော်ပြသည်– “အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏။” (သု. ၁၇:၁၇) မှန်ပါသည်၊ နေ့တစ်နေ့၏ဘယ်အချိန်တွင်မဆို သို့မဟုတ် ဆေးလိပ် ဖြတ်ဖို့ ကြိုးစားသူ၏စိတ်သဘောထား မည်သို့ပင်ရှိပါစေ သူ့အပေါ်၌ စိတ်ရှည်ပြီး “အခါခပ်သိမ်း” ချစ်တတ်ဖို့ကြိုးစားပါ။