မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖိစီးမှု—ကျန်းမာရေးအတွက် အလွန်အန္တရာယ်ရှိ

ဖိစီးမှု—ကျန်းမာရေးအတွက် အလွန်အန္တရာယ်ရှိ

ဖိစီးမှု—ကျန်းမာရေးအတွက် အလွန်အန္တရာယ်ရှိ

“ကျွန်တော့်မှာ တိကျတဲ့အလုပ်ဇယားမရှိဘူး၊ နေ့၊ ည ဘယ်အချိန်မှာမဆို အလုပ်လုပ်တယ်။ တစ်ခါတစ်လေ ဆေးရုံတစ်ခုမှာ ခွဲစိတ်ခန်းဝင်ပြီးတဲ့နောက် နောက်ဆေးရုံတစ်ခုက ခွဲစိတ်ခန်းဝင်ဖို့ ကျွန်တော့်မှာ အချိန်နည်းနည်းပဲရှိတယ်၊ ယာဉ်ကြောကလည်း ကျပ်နေတယ်’’ ဟုတောင်အာဖရိကမှ ဒေါက်တာပီတာ စတုဝပ်ကပြောပြသည်။

သင့်အား စိတ်ဖိစီးစေသည့်အခြေအနေသည် ဒေါက်တာစတုဝပ်၏အဖြစ်နှင့် လုံး၀ကွာခြားသည့်တိုင် သူ၏ခံစားချက်ကို သင်နားလည်ပေမည်။ ယာဉ်ကြောပြည့်ကျပ်နေသောလမ်းတွင် ကားမောင်းရခြင်း၊ အိမ်နှင့် အလုပ်တွင်ဆက်ဆံရေးတင်းမာခြင်း သို့မဟုတ် မည်သည့်အကြောင်းကြောင့်ပင်ဖြစ်ပါစေ ဖိစီးမှုမှာ လူသားများအတွက် အဆန်းမဟုတ်ပါ။

လွန်ခဲ့သောရာစုနှစ် ၃၀ ကျော်က စစ်ရည်ဝနေသောစစ်သားတစ်ဦး ဤသို့ပွင့်ပွင့်လင်းလင်းပြောခဲ့သည်– “ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ရောက်၍ အလွန်ထိတ်လန့်ခြင်း၌ မွန်းလျက်ရှိရပါ၏။” (ဆာလံ ၅၅:၅) ဤပုဂ္ဂိုလ်သည် ဖိစီးမှုကို သိရှိခံစားခဲ့သည်။ သိုးကျောင်းသားတစ်ဦးအနေနှင့် ခြင်္သေ့၊ ဝက်ဝံနှင့် မိမိအားသတ်လိုသော ကြောက်မက်ဖွယ်စစ်သူရဲတစ်ဦးကို ရင်ဆိုင်ခဲ့သည်။—၁ ဓမ္မရာဇဝင် ၁၇:၄-၁၀၊ ၂၃၊ ၂၄၊ ၃၄-၃၆၊ ၄၁-၅၁

အမှန်တွင် ဖိစီးမှုကိုယ်နှိုက်သည် ဆိုးသည်မဟုတ်ပါ။ ယင်းက ကျွန်ုပ်တို့အား စိန်ခေါ်ချက်ကိုရင်ဆိုင်ရန် အသင့်ပြင်ပေးနိုင်သည်။ အသက်အန္တရာယ်ရှိသောအခြေအနေများတွင် လူတို့အား မိမိတို့ဘယ်တော့မှလုပ်နိုင်မည်မဟုတ်ဟု ထင်ထားသောအရာကို ဖိစီးမှုက လုပ်ဆောင်နိုင်စေသည်။ သင်သည် အရေးကြီးတာဝန်တစ်ခုရထားသောအခါ စိတ်ဖိစီးမှုက အဒရီနလင်များစွာ ထုတ်ပေးပြီး ယင်းက အလုပ်တာဝန်ကို အချိန်မီပြီးစီးစေနိုင်သည်။ *

သို့သော် ဆက်တိုက်ဖိစီးမှုခံနေရပြီး ကျွန်ုပ်တို့၏ကိုယ်ခန္ဓာက အနားမရသောအခါ ပြဿနာဖြစ်ပေါ်သည်။ သုတေသီတစ်ဦး ဤသို့ဖော်ပြသည်– “ဖိစီးမှုသည် ကျွန်ုပ်တို့၏ကျန်းမာပျော်ရွှင်မှုကို အဓိကခြိမ်းခြောက်သည့်အရာဖြစ်သည်။” ဖိစီးမှုကို သင်မခံရပ်နိုင်တော့ဟု ခံစားရပါက သို့မဟုတ် ယင်းအခြေအနေကိုရှောင်ရှားလိုပါက “ဖိစီးမှုကနေသက်သာအောင် ငါဘာများလုပ်နိုင်မလဲ” ဟုမေးပေမည်။

ဝမ်းသာစရာမှာ လုပ်နိုင်သည့်အရာရှိသည်။ ဖိစီးမှုလျော့နည်းအောင် လူများစွာကို ထောက်ကူပေးခဲ့သောအရာသည် လူတိုင်းအတွက် ရရှိနိုင်သည်။ ယင်းမှာ သင်ထင်ထားမည်မဟုတ်သော ရင်းမြစ်တစ်ခုဖြစ်သည့် ဘုရားသခင့်နှုတ်မြွက်တော် သမ္မာကျမ်းစာဖြစ်သည်။ သမ္မာကျမ်းစာသည် ဆေးပညာဆိုင်ရာ မိမိဘာသာလေ့လာနိုင်သောစာအုပ်တစ်အုပ်မဟုတ်သော်လည်း ကျွန်ုပ်တို့အားကူညီပေးနိုင်သည့် လက်တွေ့ကျဉာဏ်ပညာကို ဖော်ပြပေးသည်။ ကျမ်းစာသည် ယခုအချိန်တွင် ဤမျှဖိစီးမှုများရသည့်အကြောင်းရင်းကိုရှင်းပြပြီး ဖိစီးမှုဖြစ်စေသည့် သို့မဟုတ် ပိုများစေသည့် အချက်များကို ခွဲခြားဖော်ပြသည်။ ယင်းတွင် ဖိစီးမှုကို လျော့နည်းစေပြီး ကိုင်တွယ်နိုင်စေသည့် လက်တွေ့ကျအကြံပြုချက်များလည်း ပါရှိသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 အဒရီနလင်သည် ကျောက်ကပ်အနီးရှိ အဒရီနယ်ဂလင်းက ထုတ်ပေးသောဟော်မုန်းဖြစ်ပြီး အရေးပေါ်အခြေအနေများကို ရင်ဆိုင်ဖြေရှင်းနိုင်စေသည်။