မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖြေရှင်းနည်းများ သင်ရှာတွေ့နိုင်ပုံ

ဖြေရှင်းနည်းများ သင်ရှာတွေ့နိုင်ပုံ

ဖြေရှင်းနည်းများ သင်ရှာတွေ့နိုင်ပုံ

ဖော်မဲ့အထီးကျန်တယ်လို့ သင်ခံစားရရင် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးသင့်ပါတယ်– ‘အခြေအနေတွေတိုးတက်လာစေဖို့ ငါဘာတွေလုပ်နိုင်သလဲ။ ငါ့ဘဝမှာ အပြောင်းအလဲလုပ်ဖို့ လိုနေတာများလား။ လိုတယ်ဆိုရင် ဘာတွေများဖြစ်မလဲ။’ အောက်ပါမေးခွန်းတွေက ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်ဖို့နဲ့ ကျေနပ်စရာကောင်းတဲ့အဖြေတွေ တွေ့ရှိဖို့ ကူညီပေးပါလိမ့်မယ်။

ငါ့ရှုမြင်ပုံကို ပြောင်းလဲဖို့လိုသလား

ဘယ်သူမဆို အထီးကျန်လို့ ခံစားရနိုင်ပါတယ်။ ဒီအပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်က မပြတ်တမ်းရှိနေမှသာ တကယ့်ပြဿနာဖြစ်လာတာပါ။ ဒီလိုခံစားနေရမယ်ဆိုရင်တော့ ဘဝအသက်တာအပေါ် သင့်ရှုမြင်ပုံ တစ်ခုခုလွဲမှားနေပြီဆိုတာ သတိပေးအချက်ပြနေခြင်း ဖြစ်နိုင်ပါတယ်။ တခြားသူတွေနဲ့ရှိနေချိန် သင့်ပြုမူပုံကနေ အဲဒီပြဿနာ စဖြစ်လာနိုင်ပါတယ်။ မရည်ရွယ်ပေမဲ့လည်း တချို့သူတွေရဲ့ပြုမူပြောဆိုပုံက တခြားသူတွေရဲ့ ခင်မင်ရင်းနှီးမှုမျိုးမရအောင် သူတို့ကိုယ်သူတို့ သံဆူးကြိုးနဲ့ခြံစည်းရိုးခတ်ထားသလို ဖြစ်စေတတ်ပါတယ်။ တစ်ခါတစ်လေ ရှုမြင်ပုံပြောင်းလဲဖို့ လိုအပ်ပါတယ်။

င်္ဂလန်ကိုပြောင်းရွှေ့သွားတဲ့ စဘီနီရဲ့အတွေ့အကြုံကို သုံးသပ်ကြည့်ပါ။ “သူငယ်ချင်းအသစ်တွေနဲ့ သက်သောင့်သက်သာ၊ ယုံယုံကြည်ကြည်ပေါင်းသင်းနိုင်ဖို့ အချင်းချင်းကြားမှာ ယုံကြည်စိတ်ချမှုရှိအောင်လုပ်ရတာ အချိန်တော်တော်ကြာတယ်။ တခြားသူတွေရဲ့နောက်ခံအခြေအနေတွေနဲ့ ကြီးပြင်းလာပုံတွေကို မေးကြည့်တာကောင်းတယ်။ ‘ထုံးတမ်းဓလေ့တွေကို အစွဲအလမ်းမထားတာ အကောင်းဆုံးပဲ။ အဲဒီဓလေ့တွေအားလုံးထဲက အကောင်းဆုံးကိုသာယူပါ’ ဆိုပြီး ကျွန်မအကြံပေးခံခဲ့ရတယ်” လို့သူပြောပြခဲ့တယ်။ စဘီနီ အားပေးခံခဲ့ရတဲ့အတိုင်း အခြားသူတွေရဲ့ဓလေ့ထုံးစံတွေကနေ သင့်အတွက် တုပရကျိုးနပ်မယ့်အရည်အသွေးတွေကို ရှာဖွေပါ။

တခြားသူတွေနဲ့ ငါ ခပ်ကင်းကင်းနေသလား

ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးနိုင်တယ်– ‘တခြားသူတွေနဲ့ ငါခပ်ခွာခွာနေတတ်သလား။ ငါ သူတို့နဲ့ ခင်မင်အောင်နေမယ်ဆိုရင် သူတို့လည်း ငါ့ကို ပိုခင်မင်ရင်းနှီးလာမယ်မဟုတ်လား။’ သင့်မှာ အဲဒီပြဿနာတွေရှိမယ်ဆိုရင် ပိုပြီးဖော်ရွေတတ်ဖို့ ကြိုးစားပါလေ။ ဂွာဒါလွတ်ကနေ အင်္ဂလန်ကိုပြောင်းရွှေ့လာတဲ့ အသက် ၃၀ အရွယ်ရှိ ရိုစလင်းက ဒီလိုပြောပြတယ်– “အထီးကျန်တယ်လို့ခံစားရသူတွေဟာ တစ်ယောက်တည်း နေလိုကြတယ်။” သူ ဒီလိုအကြံပေးတယ်– “အထီးကျန်တယ်လို့ ခံစားနေပုံရတဲ့သူတွေကို ရှာဖွေကြည့်ပါ။ ကိုယ်ကအစပြုပြီး သူတို့ကိုစကားပြောပါ။ မေးခွန်းလေးတစ်ခုနဲ့အစပြုရာကနေ တည်မြဲတဲ့ခင်မင်ရင်းနှီးမှုဖြစ်သွားတဲ့အခါမျိုးရှိတယ်။”

ရင်းနှီးတဲ့ဆက်ဆံရေးဖြစ်လာဖို့ အချိန်နဲ့ ကြိုးစားအားထုတ်မှုတော့လိုတယ်။ ဦးဆုံးလုပ်နိုင်တာက နားထောင်တတ်ဖို့ သင်ယူပါ။ တခြားသူတွေပြောဆိုရာကို အာရုံစိုက်နားထောင်မယ်ဆိုရင် သူတို့စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို သင်သိလာပါလိမ့်မယ်။ မျှဝေခံစားတတ်ခြင်းက ရင်းနှီးတဲ့ဆက်ဆံရေးကို ဖြစ်ပေါ်လာစေတယ်ဆိုတာ အမှတ်ရပါ။

ငါ့ပြဿနာက အပျက်သဘောထားရှိနေတာလား

သင့်ကိုယ်သင် နိမ့်ကျတယ်လို့ထင်မြင်ခြင်းက ခင်မင်ရင်းနှီးမှုကို အစပြုရာမှာ အတားအဆီးဖြစ်နိုင်ပါတယ်။ သင့်ကိုယ်သင် ဒီလိုမေးပါ– ‘ငါ့ကိုယ်ငါ အပျက်သဘောနဲ့ပဲရှုမြင်လေ့ရှိသလား။’ ဂါနာမှ ၁၅ နှစ်အရွယ် အဘိဂဲလ်က ဒီလိုဝန်ခံတယ်– “တစ်ခါတစ်လေ ကျွန်မကို အထီးကျန်တယ်လို့ ခံစားရစေတဲ့ အပျက်သဘောဝင်လာတတ်တယ်။ ကျွန်မဟာ အချစ်မခံရဘူး၊ တန်ဖိုးမရှိဘူးလို့ ခံစားခဲ့ရတယ်။” အခြားသူတွေဆီ အစပြုချဉ်းကပ်ပြီး တစ်နည်းနည်းနဲ့ သူတို့ကိုကူညီမယ်ဆိုရင် သင့်ကို တန်ဖိုးမရှိသူလို့ သူတို့ယူဆမှာမဟုတ်ဘူး။ အတုံ့အလှည့်အနေနဲ့ သူတို့ဘက်ကလည်း ရင်းနှီးချင်တဲ့ပုံစံ ပြလာပါလိမ့်မယ်။ ဒါကြောင့် အစပြုလုပ်ဆောင်ကြည့်ပါ။

အပြုသဘောထားက သင်နဲ့ အသက်အရွယ်မတူသူတွေနဲ့လည်း မိတ်ဆွေဖွဲ့ဖို့ ထောက်ကူပေးပါလိမ့်မယ်။ သင့်ထက်အသက်ကြီးသူ ဒါမှမဟုတ် အသက်ငယ်သူနဲ့ မိတ်ဆွေဖြစ်ရခြင်းကနေလည်း အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်။ အဘိဂဲလ်အနေနဲ့ အထီးကျန်တဲ့ခံစားချက်ကို ကျော်လွှားနိုင်ခဲ့တဲ့ အဓိကအကြောင်းရင်းတစ်ခုကတော့ သူ့ထက်အသက်ကြီးသူတွေနဲ့ မိတ်ဆွေဖွဲ့ခဲ့လို့ဖြစ်ပါတယ်။ “သူတို့ရဲ့ဘဝအတွေ့အကြုံတွေကနေ ကျွန်မ အကျိုးအများကြီး ရရှိခဲ့တယ်” လို့သူပြန်ပြောပြတယ်။

တစ်ယောက်တည်းနေချင်တာလား

နာရီပေါင်းများစွာ တီဗွီကြည့်ခြင်း၊ ဗီဒီယိုဂိမ်းကစားခြင်း (သို့) ကွန်ပျူတာရှေ့မှာ အချိန်များစွာအသုံးပြုခြင်းက အနည်းငယ်စိတ်သက်သာရာရစေကြောင်း အထီးကျန်တယ်လို့ခံစားနေရသူတွေ တွေ့ရှိကြတယ်။ ဒါပေမဲ့ ဒီစက်ပစ္စည်းတွေကို ပိတ်လိုက်တဲ့အခါ အရင်လိုပဲ အထီးကျန်မှုကို ပြန်ခံစားရတယ်။ ပြင်သစ်နိုင်ငံက အသက် ၂၁ နှစ်အရွယ် အယ်ဆာက ခုလိုဝန်ခံတယ်– “ရုပ်မြင်သံကြားကြည့်တာ၊ ဗီဒီယိုဂိမ်းကစားတာတွေက မူးယစ်ဆေးဝါးလိုပဲ။ မိတ်ဆွေသူငယ်ချင်း လုံးဝမလိုချင်တော့တဲ့အထိ လူတစ်ဦးအပေါ်သက်ရောက်မှုရှိတယ်။”

တီဗွီကြည့်ခြင်းရဲ့ဆိုးကျိုးတွေကို ပြန်ကြည့်မယ်ဆိုရင် အပြန်အလှန်ပြောဆိုမှုမရှိ၊ အတွေးအခေါ် ဖလှယ်ခြင်းမရှိ၊ မိတ်ဆွေဖွဲ့ဖို့ အခွင့်အလမ်းမရှိဘူး။ ဗီဒီယိုဂိမ်းတွေလည်း အလားတူပဲ၊ စိတ်ကူးယဉ်ကမ္ဘာဆီ လူတွေကို ခေါ်ဆောင်သွားတယ်၊ ကစားတာရပ်လိုက်တဲ့အချိန်မှာပဲ အဲဒီစိတ်ကူးယဉ်ကမ္ဘာ ပျောက်ကွယ်သွားတယ်။ ရည်ရွယ်ချက်မရှိဘဲ အင်တာနက်ထဲရောက်တတ်ရာရာ လျှောက်ကြည့်နေခြင်းက လက်တွေ့ဘဝကို ခဏတာမေ့သွားစေနိုင်ပေမဲ့ အကျင့်ပျက်တဲ့အရာတွေနဲ့ ထိတွေ့စေနိုင်တယ် ဒါမှမဟုတ် သရုပ်သကန်အစစ်ကိုဖုံးကွယ်ထားတဲ့သူတွေနဲ့ တွေ့ရတတ်တယ်။ မိတ်ဆွေစစ်ရှာဖွေဖို့နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးပျိုးထောင်ဖို့ အင်တာနက်က နေရာကောင်းမဟုတ်ဘူး။

အိမ်ထောင်ဖက် ရှာဖွေရင်ကော

တချို့တစ်ကိုယ်ရေသမားတွေက အထီးကျန်စိတ်ကို ကုစားဖို့အတွက်နဲ့တင် အိမ်ထောင်ပြုလိုကြတယ်။ ကြင်နာပြီး မေတ္တာရှိတဲ့အိမ်ထောင်ဖက်က သင့်ကိုအရမ်းပျော်ရွှင်စေနိုင်တာမှန်ပေမဲ့ အိမ်ထောင်ပြုခြင်းလို အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို အလျင်စလိုမချသင့်ပါဘူး။

အိမ်ထောင်ပြုလိုက်ရင်လည်း ဆက်ပြီးအထီးကျန်နေတာမျိုး ရှိတတ်တယ်။ ပြောဆိုဆက်သွယ်ရအဆင်မပြေတဲ့ အိမ်ထောင်သည်တွေဟာ “အထီးကျန်ဆုံးသူတွေထဲမှာ ပါဝင်” တယ်လို့ ဆိုကြတယ်။ ဝမ်းနည်းစရာက ဒီအခြေအနေမျိုး ကြုံနေရတဲ့သူတွေဟာ ထင်တာထက်တောင် များလို့နေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ တစ်နေ့နေ့မှာ အိမ်ထောင်ပြုမယ်ဆိုတဲ့ဆန္ဒရှိရင် တစ်ယောက်ယောက်ကို သံယောစဉ်မတွယ်ခင် သင့်ရဲ့အထီးကျန်တယ်လို့ ခံစားနေရတဲ့ ပြဿနာကို အရင်ဆုံးဖြေရှင်းပါလေ။ သင် အိမ်ထောင်သည်မဖြစ်ခင် သင့်သဘောထား၊ အလေ့အကျင့်ကို လိုအပ်သလိုပြုပြင်ပြောင်းလဲပြီး တခြားသူတွေနဲ့မိတ်ဆွေဖွဲ့ဖို့ အစပြုလုပ်ဆောင်မယ်ဆိုရင် သင်ဟာ ပျော်ရွှင်တဲ့အိမ်ထောင်သည်ဘဝအတွက် အခြေခံအုတ်မြစ်ကောင်းကို ချနေခြင်းပဲဖြစ်ပါတယ်။

အထီးကျန်ခြင်းကို သင် ကိုင်တွယ်ဖြေရှင်းနိုင်

သင့်အထီးကျန်စိတ်ကို မြန်မြန်ဆန်ဆန်ဖြေရှင်းလို့ ရနိုင်ချင်မှရနိုင်မယ်။ ဒါပေမဲ့ ယေရှုပြောခဲ့တဲ့ ရွှေပညတ်ကို လိုက်နာခြင်းဖြင့် အောင်မြင်စွာဖြေရှင်းနိုင်ပါတယ်။ ယေရှုက “ထို့ကြောင့် သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့” လို့ပြောခဲ့ပါတယ်။ (မဿဲ ၇:၁၂) ဒါကြောင့် တခြားသူတွေရဲ့ ရင်းနှီးဖော်ရွေမှုကိုလိုချင်ရင် သူတို့ကို ရင်းနှီးဖော်ရွေမှုပြပါ။ တခြားသူတွေ သင့်ကို ပွင့်ပွင့်လင်းလင်းပြောစေချင်ရင် သူတို့ကို ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံပါ။ တုံ့ပြန်မှု ချက်ချင်းရှိချင်မှရှိမှာဖြစ်ပေမဲ့ အချိန်တန်ရင် တချို့တုံ့ပြန်လာကြပါလိမ့်မယ်။ သူတို့မတုံ့ပြန်ရင်တောင် သင်ကြိုးစားခဲ့တဲ့အတွက် ပျော်ရွှင်မှု ခံစားရပါလိမ့်မယ်။

အထီးကျန်ခံစားချက်ကို ဖြေရှင်းနိုင်ဖို့ အကူအညီဖြစ်စေတဲ့ နောက်ထပ်လေးနက်တဲ့အမှန်တရားကိုလည်း ယေရှုဖော်ပြခဲ့ပါသေးတယ်– “ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်။” (တမန်တော် ၂၀:၃၅) ကလေးတွေကို အိမ်စာလုပ်ကူတာ၊ အသက်ကြီးတဲ့သူတွေနဲ့အတူ စျေးဝယ်ထွက်တာ ဒါမှမဟုတ် သူတို့ရဲ့အိမ်၊ ခြံတွေကို သန့်ရှင်းသပ်ရပ်နေဖို့ ကူညီပေးရာမှာ သင့်အချိန်ကို အသုံးပြုမယ်ဆိုရင် သင် ပိုပျော်ရွှင်လာမှာဖြစ်ပြီး စစ်မှန်တဲ့ရင်းနှီးခင်မင်မှုမျိုးကို စတင်နိုင်ပါလိမ့်မယ်။

အကောင်းဆုံးမိတ်ဆွေကို ရှာတွေ့ခြင်း

အထီးကျန်စိတ်ကိုဖြေရှင်းနိုင်တဲ့ တခြားနည်းလမ်းတွေ ရှိပါသေးတယ်။ အိမ်တွင်းအောင်းမနေပါနဲ့။ ဖြစ်နိုင်ရင် ပန်းခြံ ဒါမှမဟုတ် မြို့ရဲ့အစွန်အဖျားပိုင်းတွေဘက် လမ်းလျှောက်ထွက်ပါ။ အိမ်မှာ တစ်ယောက်တည်းရှိနေစဉ်မှာ အပ်ချုပ်တာ၊ အိမ်မှုကိစ္စတစ်ခုခုလုပ်တာ၊ ပြုပြင်ထိန်းသိမ်းတာ ဒါမှမဟုတ် စာဖတ်တာ စသဖြင့် ဖန်တီးပြုလုပ်စရာတွေနဲ့ အချိန်ကုန်စေပါ။ “အချိန်ယူစာဖတ်ခြင်းက ကျွန်တော့်ကို စိတ်သက်သာစေတယ်” လို့ လူတစ်ယောက်ကပြောတယ်။ အထူးသဖြင့် သမ္မာကျမ်းစာထဲမှ ဆာလံကျမ်းကိုဖတ်ခြင်းက စိတ်သက်သာမှုရရှိစေကြောင်း လူအများတွေ့ရှိခဲ့ကြတယ်။

ဘာသာရေးယုံကြည်ချက်တူသူတွေနဲ့ပေါင်းသင်းခြင်းက အထီးကျန်မှုကို ကျော်လွှားစေနိုင်တဲ့အပြင် ကျန်းမာရေးကိုပါ ကောင်းကျိုးသက်ရောက်နိုင်ကြောင်း ကျွမ်းကျင်သူတွေ တွေ့ရှိခဲ့ကြတယ်။ ရွှေပညတ်ကို လိုက်နာဖို့ ကြိုးစားနေသူတွေကို ဘယ်နေရာမှာ သင်ရှာတွေ့နိုင်သလဲ။ ဘာသာရေးလှုပ်ရှားမှုတွေနဲ့ပတ်သက်တဲ့ စာအုပ်တစ်အုပ်မှာ ဘက်မလိုက်တတ်တဲ့ လေ့လာသူတစ်ဦးက ခုလိုဖော်ပြခဲ့ပါတယ်– “ယေဟောဝါသက်သေတွေဟာ သူတို့ရဲ့အသင်းတော်ကို ယုံကြည်စိတ်ချမှုနဲ့ ကြိုဆိုလက်ခံမှုလွှမ်းခြုံတဲ့ အသိုင်းအဝိုင်းတစ်ခုအဖြစ် တည်ဆောက်ထားကြတယ်။”

စစ်မှန်တဲ့ခရစ်ယာန်တွေရဲ့ အမှတ်အသားနဲ့ပတ်သက်ပြီး တပည့်တွေကို ယေရှုဒီလိုပြောခဲ့တယ်– “သင်တို့အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်။” (ယောဟန် ၁၃:၃၅) ဦးဆုံး ဘုရားသခင်၊ ဒုတိယ ဝတ်ပြုသူချင်းတွေကို ချစ်တဲ့မေတ္တာက ဘယ်သူတွေဟာ စစ်မှန်တဲ့ဘာသာဝင်တွေလဲဆိုတာကို ခွဲခြားသိမြင်စေတယ်။—မဿဲ ၂၂:၃၇-၃၉

ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိခြင်းဟာ အထီးကျန်ခြင်းကို ကုစားဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်။ ကိုယ်တော်နဲ့မိတ်ဆွေဖြစ်မယ်ဆိုရင် အထီးကျန်တယ်လို့ သင် ဘယ်တော့မှ ခံစားရမှာမဟုတ်ပါဘူး။—ရောမ ၈:၃၈၊ ၃၉; ဟေဗြဲ ၁၃:၅၊ ၆

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အထီးကျန်စိတ်မှ သက်သာရာရခဲ့ပုံများ

မုဆိုးမဖြစ်သူ အဲနီ– “ကျွန်မရဲ့သဘောထားတွေကို ထိန်းချုပ်ဖို့နဲ့ ကျွန်မအခြေအနေကို အကောင်းဘက်ကနေ ကြည့်မြင်တတ်ဖို့ ကျွန်မကြိုးစားတယ်။”

လူလွတ်ဖြစ်သူ ခါမန်– “အတိတ်ကို ‘စွဲလမ်း’ မနေဘဲ ရှေ့ဆက်သွားဖို့နဲ့ မိတ်ဆွေအသစ်တွေကို စဖွဲ့တတ်ဖို့ ကျွန်မသင်ယူခဲ့တယ်။”

မုဆိုးမဖြစ်သူ ဖာနန်ဒီ– “အခြားသူတွေကို ကြိုးစားကူညီပေးမယ်ဆိုရင် သင့်ရဲ့ သောကတွေကို သင်မေ့သွားလိမ့်မယ်။”

လူလွတ်ဖြစ်သူ ဂျင်း-ပီးယား– “ခပ်ဝေးဝေးကို ကျွန်တော် ပုံမှန်လမ်းလျှောက်ထွက်တယ်၊ အဲဒီအချိန်အတွင်းမှာ ဘုရားသခင်ဆီ ကျွန်တော်ရင်ဖွင့်ဆုတောင်းတယ်။”

မုဆိုးဖိုဖြစ်သူ ဘာနဒ်– “ကျွန်တော့်မိတ်ဆွေနဲ့ ကျွန်တော်ဖုန်း အဆက်အသွယ်အမြဲရှိတယ်။ ဝမ်းနည်းစရာတွေကို ပြောဖို့မဟုတ်ဘူး။ ဒီလိုဆက်သွယ်တာ ရွှင်လန်းမှုရဖို့အတွက်ပါ။”

လူလွတ်ဖြစ်သူ ဒေးဗစ်– “ပင်ကိုအားဖြင့် ကျွန်တော်တစ်ယောက်တည်းနေရတာကို နှစ်သက်ပေမဲ့ အခြားသူတွေနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ ကျွန်တော်ကြိုးစားတယ်။”

လူလွတ်ဖြစ်သူ လိုရီနာ– “တခြားသူတွေကို ကိုယ်ကအစပြုချဉ်းကပ်ပြီး မိတ်ဆွေဖွဲ့ဖို့ ကျွန်မကြိုးစားတယ်။”

အသက် ၁၅ နှစ်အရွယ် အဘိဂဲ– “ရင့်ကျက်တဲ့မိတ်ဆွေတွေနဲ့ ကျွန်မပေါင်းဖော်လေ့ရှိပြီး သူတို့ရဲ့ အတွေ့အကြုံတွေကနေ ကျွန်မ အကျိုးကျေးဇူးရတယ်။”

လူလွတ်ဖြစ်သူ ချယ်ရီ– “သင်ဟာ အဖော်မဲ့နေတယ်လို့ တခြားသူတွေကို ပြောမယ်ဆိုရင် သင်နဲ့ရင်းနှီးလာဖို့ သူတို့ပိုကြိုးစားလာကြလိမ့်မယ်ဆိုတာ ကျွန်မသိခဲ့ရတယ်။”

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အထီးကျန်မှုကို အောင်မြင်ကျော်လွှားဖို့ လုပ်ဆောင်နိုင်ရာများ

● အပြုသဘောထား မွေးမြူပါ

● တီဗွီကြည့်ခြင်းလို တစ်ဦးတည်းအပန်းဖြေခြင်းမျိုးကို အကန့်အသတ်ထားပါ

● သင်နဲ့သက်တူရွယ်တူမဟုတ်သူတွေအပါအဝင် သင်တန်ဖိုးထားရာများကို မျှဝေပေးနိုင်မယ့်သူတွေကို ရှာပါ

● အဲဒါတွေအားလုံးထက် ဘုရားသခင်နဲ့မိတ်ဆွေဖွဲ့ဖို့ ကြိုးစားပါ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သင်နဲ့သက်တူရွယ်တူမဟုတ်သူတွေနဲ့ မိတ်ဆွေဖွဲ့ပါ