မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အထီးကျန်မှု—အကြောင်းရင်းများကို ခွဲခြားသိမြင်ခြင်း

အထီးကျန်မှု—အကြောင်းရင်းများကို ခွဲခြားသိမြင်ခြင်း

အထီးကျန်မှု—အကြောင်းရင်းများကို ခွဲခြားသိမြင်ခြင်း

အထီးကျန်ခြင်းဆိုတာ တသီးတခြားနေခြင်းနဲ့ မတူပါဘူး။ အဲ့ဒီအစား အဘိဓာန်တစ်အုပ်အရ အထီးကျန်ခြင်းဆိုတာ “အပေါင်းအဖော်လိုချင်တောင့်တလျက်နဲ့ တစ်ကိုယ်တည်းရှိနေခြင်း” ကိုဆိုလိုတယ်။ တသီးတခြားနေခြင်းကျတော့ “ဆန္ဒအလျောက် ပုံမှန်ပြောဆိုဆက်သွယ်ခြင်း မလုပ်တော့တဲ့” အခြေအနေကို ရည်ညွှန်းနိုင်တယ်ဆိုပြီး အဲ့ဒီအဘိဓာန်ကပဲ ရှင်းပြတယ်။

ဒါကြောင့် တသီးတခြားနေခြင်းက တချို့အခြေအနေမှာ နှစ်သက်စရာဖြစ်နိုင်တယ်။ ယေရှုလုပ်ခဲ့သလိုပဲ တချို့က ဆုတောင်းဖို့ ဒါမှမဟုတ် တွေးတောဆင်ခြင်ဖို့ တသီးတခြားနေလိုကြတယ်။ (မဿဲ ၁၄:၁၃; လုကာ ၄:၄၂; ၅:၁၆; ၆:၁၂) တစ်ဖက်မှာတော့ အထီးကျန်တယ်ဆိုတာ ခါးသီးတဲ့ခံစားချက်ဖြစ်တယ်။ ဘယ်အရာတွေက အထီးကျန်တဲ့ ခံစားချက်ကို ဖြစ်ပေါ်စေသလဲ။

လူနေထူထပ်တဲ့မြို့တွေမှာ သီးခြားဖြစ်နေခြင်း

လူထောင်ပေါင်းမက သန်းပေါင်းများစွာရှိတဲ့မြို့ကြီးတွေမှာ လူတွေ နီးနီးကပ်ကပ်နေထိုင်ကြတယ်။ ဒီလို နီးနီးကပ်ကပ်နေထိုင်ကြပေမဲ့လည်း အထီးကျန်တဲ့သူတွေ ပိုပိုများလာတာ အံ့ဩစရာပဲ။ ပျာယာခတ်လှုပ်ရှားနေရတဲ့ မြို့ပြဘဝကြောင့် အိမ်နီးချင်းတွေ တစ်ဦးနဲ့တစ်ဦး ကောင်းကောင်းမသိကျွမ်းနိုင်ကြတော့ဘူး။ ဒီလိုနဲ့ မြို့နေလူထုဟာ သူစိမ်းတွေပုံစံနဲ့ပဲ နေကြရတော့တယ်။ သူစိမ်းတွေကို မယုံကြည်ခြင်းနဲ့ သီးသန့်နေထိုင်လိုတဲ့ဆန္ဒဟာ မြို့ကြီးတွေမှာနေလျက်နဲ့ အထီးကျန်နေရတဲ့ အဓိကအချက်တစ်ချက်ဖြစ်နိုင်တယ်။

အလုပ်သမားတွေကို မညှာမတာဆက်ဆံမှု

စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ စက်ရုံကြီးတွေရဲ့ စီမံခန့်ခွဲပုံတွေက အလုပ်သမားအတန်းစားအသီးသီးကို အထီးကျန်စိတ်နဲ့ မလုံခြုံဘူးဆိုတဲ့ ခံစားချက်ဖြစ်ပေါ်စေတယ်။ အလုပ်သမားတွေဟာ ဖိအားပေးမှုနဲ့ စိတ်ဖိစီးမှု မပြတ်ခံရလေ့ရှိတယ်။

ဒါ့အပြင် ကုမ္ပဏီကြီးတွေမှာ အလုပ်သမားတွေကို အလုပ်နေရာမကြာခဏပြောင်းရွှေ့ခြင်းက မလုံခြုံမှု၊ တစ်သီးပုဂ္ဂလဖြစ်မှုနဲ့ အထီးကျန်မှုတွေ ဖြစ်ပေါ်စေတယ်။ ပြင်သစ် ကော်ပိုရေးရှင်းတချို့ရဲ့ ဝန်ထမ်းတွေကြားမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနှုန်း မြင့်တက်လာတာနဲ့ပတ်သက်ပြီး ပြင်သစ်သတင်းစာတစ်စောင် (International Herald Tribune) က ပြင်သစ်လုပ်သားတွေဟာ “စီးပွားရေးအပြောင်းအလဲတွေကြောင့် သူတို့လုပ်နိုင်တာထက် ပိုလုပ်ဆောင်ဖို့ အတင်းအကျပ်တောင်းဆိုခံရတယ်” လို့ခံစားကြရကြောင်း ဖော်ပြခဲ့တယ်။

အေးတိအေးစက်နိုင်တဲ့ အီလက်ထရောနစ်ဆက်သွယ်မှု

ဂျပန်နိုင်ငံမှ ပါမောက္ခ တက်ဆူရိုစင်တိုက “ယခုခေတ်မှာ ဆဲလ်ဖုန်းတွေနဲ့တခြားပစ္စည်းကိရိယာတွေကို လူတွေ ပိုင်ဆိုင်လာတာနဲ့အမျှ ခံစားချက်နဲ့ပြောဆိုဆက်သွယ်နိုင်စွမ်း ယုတ်လျော့ကျဆင်းသွားတယ်” လို့ပြောတယ်။ ဩစတြေးလျနိုင်ငံထုတ် သတင်းစာတစ်စောင်က (The Sunday Telegraph) ဒီလိုဖော်ပြတယ်– “နည်းပညာက . . . ကျွန်းပေါ်မှာထီးတည်းရှိနေတဲ့ လူတစ်ယောက်လို လူတွေကို ခံစားရစေတယ်။ လူတွေဟာ . . . အပြန်အလှန်ပြောဆိုကြမယ့်အစား အီးမေးလ် ဒါမှမဟုတ် ဖုန်းနဲ့ စာတိုလေးတွေပို့ပြီးဆက်သွယ်ကြတယ်။”

ပြင်သစ်နိုင်ငံမှာနေထိုင်တဲ့ ၂၁ နှစ်အရွယ် ရေချယ်က သူအထီးကျန်ရတဲ့အကြောင်းရင်းကို ဒီလိုညည်းညူဖော်ပြခဲ့တယ်– “လူတွေဟာ မျက်နှာချင်းဆိုင်တွေ့ဖို့ သိပ်မကြိုးစားတော့ဘူး။ ဖုန်းကနေ စာတိုလေးတွေပို့တာ၊ အီးမေးလ်ပို့တာ၊ အွန်လိုင်းပေါ်မှာ ချက်တင်လုပ်တာနဲ့ လုံလောက်ပြီလို့ သူတို့ယူဆကြတယ်။ ဒါပေမဲ့ အဲ့ဒါတွေက ကျွန်မကို ပိုလို့တောင်အထီးကျန်စေတယ်။”

ပတ်ဝန်းကျင်အပြောင်းအလဲ

စီးပွားရေး အကျပ်အတည်းကြောင့် လူတွေဟာ အလုပ်မြဲဖို့ ဒါမှမဟုတ် အလုပ်ရဖို့ မဖြစ်မနေ မကြာခဏ ပြောင်းရွှေ့နေထိုင်ကြရတယ်။ ဒီလိုပြောင်းရွှေ့နေထိုင်မှုက လူတွေကို သူတို့ရဲ့အိမ်နီးချင်းတွေ၊ မိတ်ဆွေတွေ၊ ကျောင်းနဲ့ တစ်ခါတစ်လေ မိသားစုတွေနဲ့ ကွဲကွာစေတယ်။ အဲ့ဒီလိုပြောင်းရွှေ့နေထိုင်တဲ့သူတွေဟာ နေရာတော့ရွှေ့စိုက်လိုက်ပေမဲ့ အမြစ်က အရင်နေရာမှာကျန်ရစ်ခဲ့တဲ့ အပင်နဲ့တူတယ်လို့ ခံစားကြရတယ်။

ဂါနာကနေ ပြင်သစ်နိုင်ငံကို ရောက်ရှိလာတဲ့နေ့ကို ဖရန့်စစ် မှတ်မိနေတယ်။ သူဒီလိုရှင်းပြတယ်– “ဘာသာစကားအခက်အခဲရှိတဲ့ကြားက မိတ်ဆွေကလည်းမရှိ၊ ရာသီဥတုကလည်းအေးတော့ အရမ်းအထီးကျန်တယ်။”

တိုင်းတစ်ပါးမှပြောင်းရွှေ့လာသူ ဘာဂျက်က သူအင်္ဂလန်ကိုရောက်တဲ့နေ့ကို ပြန်ပြောင်းသတိရစွာနဲ့ ဒီလိုရင်ဖွင့်တယ်– “ဒေသခံဓလေ့ထုံးစံတွေနဲ့ လိုက်လျောညီထွေရှိဖို့ အရမ်းခက်တယ်။ အသိတွေတော့ရှိပါရဲ့၊ ကိစ္စရပ်တွေကို ဆွေးနွေးနိုင်လောက်တဲ့၊ ကျွန်မရဲ့ခံစားချက်တွေကို အိတ်သွန်ဖာမှောက် ပြောပြနိုင်လောက်တဲ့ မိတ်ဆွေစစ် ဒါမှမဟုတ် မိသားစုဝင်မရှိဘူး။”

ချစ်ရသူတစ်ဦး ဆုံးရှုံးခြင်း

အိမ်ထောင်ဖက်တစ်ဦး ဆုံးပါးသွားခြင်းက ကျန်ရစ်တဲ့အိမ်ထောင်ဖက်ရဲ့ဘဝမှာ ဟာတာတာဖြစ်စေတယ်။ ဒီအဖြစ်မျိုးဟာ နာမကျန်းဖြစ်နေတဲ့ အိမ်ထောင်ဖက်ကို နှစ်ရှည်လများပြုစုစောင့်ရှောက်ခဲ့သူတစ်ဦးအတွက် အထူးသဖြင့် မှန်ကန်တယ်။ လုံးဝလစ်ဟာသွားတယ်လို့ ခံစားရလေ့ရှိတယ်။

ပဲရစ်မှာနေထိုင်တဲ့ မုဆိုးမတစ်ဦးဖြစ်သူ ဖာနန်ဒီက ဒီလိုရှင်းပြတယ်– “အကောင်းဆုံးမိတ်ဆွေဖြစ်တဲ့ ကျွန်မရဲ့ခင်ပွန်းကို ရင်ဖွင့်စကားပြောခွင့်မရတော့တာက ကျွန်မအတွက် ခံရအခက်ဆုံးပဲ။” “အထူးသဖြင့် ကျန်းမာရေးပြဿနာ ဒါမှမဟုတ် တခြားကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချရတော့မယ့်အချိန်မှာ” သူ့ခင်ပွန်းကို သတိရမိကြောင်း အယ်နီ ပြောပြတယ်။

ကွာရှင်းခြင်း၊ ခွဲနေခြင်း၊ အခြေအနေအရ တစ်ကိုယ်ရေဘဝဖြစ်နေရခြင်း

ကွာရှင်းတဲ့အခါ ဒါမှမဟုတ် ခွဲနေတဲ့အခါ အထီးကျန်မှုနဲ့ အရှုံးသမား ဆိုတဲ့ခံစားချက်တွေ ပေါ်လာတတ်တယ်။ အထိခိုက်ခံရဆုံးက ကလေးတွေဖြစ်လေ့ရှိပြီး သူတို့တွေဟာ ပညာရှင်တွေ အရင်ကထင်ထားတာထက် များစွာပိုခံစားရတယ်။ ကွာရှင်းထားတဲ့မိဘတွေရဲ့ ကလေးတွေက အထီးကျန်တဲ့ လူကြီးတွေဖြစ်လာတတ်ကြောင်း ပညာရှင်တချို့ ယူဆထားကြတယ်။

သင့်တော်တဲ့ အိမ်ထောင်ဖက်ကို ရှာမတွေ့တဲ့ တစ်ကိုယ်ရေသမားတွေဟာ အထီးကျန်တယ်လို့ ကာလအတန်ကြာ ခံစားရလေ့ရှိတယ်။ တစ်ဦးတစ်ယောက်က “ပျော်ရွှင်တဲ့ အိမ်ထောင်သည် မဖြစ်ချင်ဘူးလားလို့” ပညာမဲ့စွာမေးလိုက်တဲ့အခါ ဒီခံစားချက်က ပိုပြင်းထန်လာနိုင်တယ်။

ကြင်ဖော်မဲ့မိဘတွေလည်း အထီးကျန်မှုကို ခံစားရတယ်။ မိဘဖြစ်ခြင်းက ပျော်ရွှင်ရသလို ပြဿနာတွေလည်း မကင်းပါဘူး။ ကြင်ဖော်မဲ့မိဘတွေအနေနဲ့ကျတော့ တိုင်ပင်စရာအဖော်မရှိဘဲ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းကြရတယ်။

ဇရာအိုအရွယ်နဲ့ အတွေ့အကြုံမရှိတဲ့လူငယ့်ဘဝ

သက်ကြီးရွယ်အိုတွေဟာ မိသားစုဝင်တွေရဲ့ လျစ်လျူရှုခြင်းကို မခံရသည့်တိုင်အောင် အထီးကျန်တယ်လို့ ခံစားတတ်ကြပါတယ်။ ဆွေမျိုးတွေ (သို့) မိတ်ဆွေတွေက အခါအားလျော်စွာ လာလည်ပတ်ကြပေမဲ့ လာလည်ပတ်သူတွေမရှိတဲ့ နေ့တွေ၊ သီတင်းပတ်တွေမှာကော။

လူကြီးတွေသာမက လူငယ်တွေလည်း အထီးကျန်တယ်လို့ ခံစားရလေ့ရှိတယ်။ လူငယ်များစွာဟာ ရုပ်မြင်သံကြားကြည့်ခြင်း၊ ဗီဒီယိုဂိမ်းကစားခြင်းနဲ့ သူတို့ရဲ့ကွန်ပျူတာရှေ့မှာ နာရီပေါင်းများစွာ တစ်ယောက်တည်းအချိန်ကုန်စေခြင်း အစရှိသည်ဖြင့် တစ်ယောက်တည်းအပန်းဖြေတဲ့ပုံစံတွေကို စွဲလမ်းလာကြတယ်။

အရှိန်မြင့်လာတဲ့ အထီးကျန်မှုရေစီးကြောင်းအတွက် ဖြေရှင်းနည်းရှိနိုင်ပါ့မလား။ အထီးကျန်မှုကို ဘယ်လို အောင်မြင်စွာရင်ဆိုင်နိုင်မလဲ။

[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

“ဘာသာစကားအခက်အခဲရှိတဲ့ကြားက မိတ်ဆွေကလည်းမရှိ၊ ရာသီဥတုကလည်းအေးတော့ အရမ်းအထီးကျန်တယ်”