မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယုံကြည်စိတ်ချဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား

ယုံကြည်စိတ်ချဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား

ယုံကြည်စိတ်ချဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား

သူဟာ နာကျင်ကိုက်ခဲခြင်းကိုကုသရာမှာ ရှေ့ဆောင်လမ်းပြတစ်ဦးလို့ သတ်မှတ်ခံခဲ့ရတယ်။ ဒါပေမဲ့ အဲဒီအောင်မြင်ကျော်ကြားတဲ့ မေ့ဆေးဆရာဝန်ဟာ ၁၉၉၆ ခုနစ်ကစပြီး ဆယ်နှစ်ကျော်အထိ နာမည်ကြီးဆေးဂျာနယ်တွေမှာ လေ့လာမှုရလဒ်တွေကို လုပ်ကြံဖန်တီးပြီး ရေးသားခဲ့တယ်။

“လူတစ်ယောက် ဘာကြောင့် ဒီလိုလုပ်ရတယ်ဆိုတာ ကျွန်တော်နားမလည်နိုင်ဘူး” လို့ဒေါက်တာ စတီဗင် အယ်လ်. ဆာဗာက မေ့ဆေးပညာသတင်း (Anesthesiology News) မှာဖော်ပြထားတယ်။

တခြားသူတွေကို လိမ်လည်လှည့်စားဖို့ လေးစားခံရတဲ့ပညာရှင်တစ်ဦးကို ဘာကလှုံ့ဆော်ခဲ့သလဲ။ ဖြစ်နိုင်ခြေလေးချက်ကို သုံးသပ်ကြည့်ပါ။

လောဘ။ “ဆေးဝါးကုမ္ပဏီတွေကနေ ဝင်ငွေများစွာရရှိတဲ့ သုတေသီတွေက အဲဒီကုမ္ပဏီတွေအကြိုက်တွေ့မယ့် ရလဒ်တွေကို အရမ်းရစေချင်ကြတယ်” လို့ ဂျာနယ်တစ်စောင် (The New England Journal of Medicine) ရဲ့အယ်ဒီတာဟောင်း ဒေါက်တာ ဂျေရိုမီ ကက်စီရာက နယူးယောက်တိုင်းမ် မဂ္ဂဇင်းကိုပြောပြတယ်။

အောင်မြင်ဖို့ ဘာမဆိုလုပ်။ ဂျာမနီနိုင်ငံမှာ တက္ကသိုလ်ကျောင်းသားတွေဟာ အောင်မြင်မှုအမှတ်သင်္ကေတဖြစ်တဲ့ ဒေါက်တာ ဘွဲ့ “ရ” ဖို့ ဆရာတွေကို ယူရိုထောင်ပေါင်းများစွာ လာဘ်ထိုးရမယ်လို့ ယူဆထားကြတယ်။ လူ့ကျင့်ဝတ်တွေကို လျစ်လျူရှုတဲ့ ကျောင်းသားများစွာက အောင်မြင်မှုရရှိပြီးနောက်ပိုင်းမှသာ “လူ့ကျင့်ဝတ်ကို တစ်သဝေမတိမ်းလိုက်လျှောက်ဖို့ ရည်ရွယ်ထား” ကြောင်းလေ့လာမှုတစ်ခုရဲ့တွေ့ရှိချက်ကို နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြထားတယ်။

စံထားရလောက်သူတွေမရှိ။ အထက်တန်းကျောင်းသားတွေနဲ့ပတ်သက်ပြီး “သူတို့တွေရဲ့ကျင့်ဝတ်စံနှုန်းတွေ ပျောက်ဆုံးကုန်ပြီလို့ ကျွန်တော်တို့ ပြောတတ်ကြတယ် . . . ဒါပေမဲ့ ကျင့်ဝတ်စံနှုန်းတွေ ပြုစုပျိုးထောင်ခြင်းနဲ့ လက်တွေ့ကျင့်သုံးခြင်းကို ဦးစားထားဖို့ သူတို့ရဲ့ဆရာတွေ၊ အကြံပေးပုဂ္ဂိုလ်တွေနဲ့ တခြားသူတွေက သူတို့ကို တစ်ခါမှမသင်ပေးခဲ့ဘူးလို့ပြောတာ ပိုသင့်တော်မယ်” ဆိုပြီး ပါမောက္ခတစ်ယောက်ပြောခဲ့ရာကို နယူယောက်တိုင်းမ်မှာ ဖော်ပြထားတယ်။

အပြောနဲ့အလုပ်မညီညွှတ်။ အထက်တန်းကျောင်းသား ၃၀,၀၀၀ နီးပါးကိုလေ့လာရာမှာ ၉၈ ရာခိုင်နှုန်းက တစ်ဦးနဲ့တစ်ဦးပြောဆိုဆက်ဆံရာမှာ ရိုးသားမှုက မရှိမဖြစ်လိုအပ်တဲ့အရာလို့ယုံကြည်ကြောင်း ပြောခဲ့ကြတယ်။ ဒါပေမဲ့ ကျောင်းသား ၁၀ ယောက်မှာ ၈ ယောက်က သူတို့မိဘကို လိမ်ခဲ့ကြကြောင်း၊ ၆၄ ရာခိုင်နှုန်းက လွန်ခဲ့တဲ့နှစ်အတွင်း စာမေးပွဲဖြေဆိုရာမှာ ခိုးချခဲ့ကြကြောင်း ၀န်ခံခဲ့ကြတယ်။

မြင့်မြတ်သော ကျင့်ဝတ်စံနှုန်းများ

ဒီစာမျက်နှာမှာဖော်ပြထားတဲ့အတိုင်း လူတွေဟာ တခြားသူတွေကိုယုံကြည်စိတ်ချလိုတဲ့ဆန္ဒနဲ့ ပုံစံပြုထားခံရပုံ ရတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာက “လူတို့သည် ငယ်သောအရွယ်မှစ၍ စိတ်နှလုံးအကြံအစည်ဆိုးကြ၏” လို့ လက်တွေ့ကျကျဖော်ပြထားတယ်။ (ကမ္ဘာဦး ၈:၂၁) အမှားလုပ်လိုစိတ်ကို တိုက်ခိုက်ပြီး ယနေ့ ပျံ့နှံ့နေတဲ့ မရိုးသားမှုရေစီးကြောင်းကို သင် ဘယ်လိုတွန်းလှန်နိုင်မလဲ။ အောက်ပါကျမ်းစာမူတွေက အထောက်အကူပေးနိုင်ပါတယ်–

“စိုးရိမ်ခြင်းမရှိဘဲ သင့်အနားမှာနေသော အိမ်နီးချင်း၌ မကောင်းသောအကြံကို မကြံနှင့်။”—သု. ၃:၂၉

အိမ်နီးချင်းကို ချစ်တဲ့မေတ္တာက သူ့ရဲ့ယုံကြည်စိတ်ချမှုကို အလွဲမသုံးစေဘဲ သူ့ရဲ့ကောင်းကျိုးအတွက် လုပ်ဆောင်ပေးလိုစိတ်ရှိစေတယ်။ ဒီဆောင်းပါးတွဲရဲ့အစပိုင်းမှာဆွေးနွေးခဲ့တဲ့ ဆေးဝါးအတုရောင်းဝယ်ခြင်းလိုမျိုး လောဘကြောင့်ဖြစ်ပေါ်လာတဲ့ လူသားချင်းခေါင်းပုံဖြတ်အမြတ်ထုတ်တဲ့ ပုံစံအမျိုးမျိုးကို ဒီကျမ်းစာမူက အဆုံးသတ်လိုက်စေနိုင်တယ်။

“သစ္စာနှုတ်ခမ်းသည် အစဉ်အမြဲတည်၏။ မုသာလျှာမူကား ခဏသာတည်၏။”—သု. ၁၂:၁၉

ရိုးသားသူတွေဟာ နစ်နာဆုံးရှုံးကြကြောင်း ယနေ့လူများစွာ ယူဆထားကြတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ချက်ချင်းအကျိုးရရှိတာ (သို့) ကိုယ့်ကိုယ်ကိုယ်လေးစားမှုအပါအဝင် တာရှည်တည်တံ့တဲ့အကျိုးရရှိတာ၊ ဘယ်ဟာပိုတန်ဖိုးရှိသလဲ။’ ကျောင်းသားတစ်ဦးက စာမေးပွဲမှာမရိုးသားခြင်းဖြင့် သူ့ရဲ့အသိပညာ၊ တတ်ကျွမ်းမှုတွေနဲ့ပတ်သက်ပြီး လိမ်လည်လို့ရပေမဲ့ အလုပ်ခွင်မှာ ဘယ်လိုရင်ဆိုင်မလဲ။

“ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းလမ်းသို့လိုက်၍ သူ၏သားစဉ်မြေးဆက်တို့သည် မင်္ဂလာရှိကြ၏။”—သု. ၂၀:၇

သင်ဟာ မိဘတစ်ဦးဖြစ်မယ်ဆိုရင် “ဖြောင့်မတ်ခြင်းလမ်းသို့လိုက်” ခြင်းဖြင့် ကလေးတွေအတွက် ပုံသက်သေကောင်းချမှတ်ပါ။ ဖြောင့်မတ်တဲ့လမ်းစဉ်လိုက်လျှောက်ခြင်းက သင့်အတွက် ဘယ်လိုအကျိုးရှိသလဲဆိုတာ ရှင်းပြပါ။ မိဘတွေ ဖြောင့်မတ်တဲ့လမ်းစဉ်လိုက်လျှောက်နေတာကို ကလေးတွေမြင်တွေ့တဲ့အခါမှာ သူတို့လည်း ယုံကြည်စိတ်ချရတဲ့လမ်းစဉ်ကို ပိုပြီးလိုက်လျှောက်လာစရာအကြောင်းရှိတယ်။—သု. ၂၂:၆

အထက်ပါကျမ်းစာမူတွေက တကယ်ကော လက်တွေ့ကျရဲ့လား။ ဒီနေ့အချိန်မှာ ယုံကြည်စိတ်ချရတဲ့လူတွေကို ရှာတွေ့နိုင်ပါအုံးမလား။

[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]

“နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုအသိုင်းအဝိုင်းမှာ ဦးဆောင်နေသူတွေဟာ အကျင့်စာရိတ္တကောင်းသူတွေမဟုတ်ဘူး၊ ဒီအတွက် သူတို့လည်း အကျင့်ကောင်းသူတွေဖြစ်စရာမလိုဘူးလို့ယူမှတ်” တဲ့ပြင်သစ်နိုင်ငံသားတွေ ပိုပိုများလာကြောင်း ပြင်သစ်နိုင်ငံရဲ့သတင်းစာတစ်စောင် (Le Figaro) က ဖော်ပြခဲ့တယ်။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]

ယုံကြည်စိတ်ချလိုတဲ့ဆန္ဒနဲ့ ပုံစံပြုထားခံရခြင်းလော

ဂျာမနီနိုင်ငံ ဖရန့်ခ်ဖတ် တက္ကသိုလ်ရဲ့ ဘောဂဗေဒ စီမံခန့်ခွဲမှုပညာရပ်မှာ ပါမောက္ခတစ်ဦးဖြစ်တဲ့ မိုက်ကယ် ကောစ်ဖဲ့က လက်တွေ့သုတေသနလုပ်ပြီးနောက် ယုံကြည်စိတ်ချမှုဆိုတာ “လူ့သဘာဝရဲ့ ဇီဝဗေဒဆိုင်ရာ အခြေခံအစိတ်အပိုင်းဖြစ်တယ်” လို့ကောက်ချက်ချခဲ့ပါတယ်။ လူနှစ်ယောက် အပြန်အလှန်ပြောဆိုဆက်ဆံတဲ့အခါ ဦးနှောက်က ယုံကြည်စိတ်ချမှုကို လှုံ့ဆော်ပေးတဲ့ ဟော်မုန်းဖြစ်တဲ့ အောက်စီတိုစင်ကိုထုတ်လွှတ်ကြောင်း ကောစ်ဖဲ့တွေ့ ရှိခဲ့တယ်။ “တကယ်တော့ ဒါဟာ လူသားမျိုးစိတ်တွေရဲ့ ထူးခြားတဲ့ကြန်အင်လက္ခဏာတစ်ရပ်ဖြစ်တယ်။ ယုံကြည်စိတ်ချမှုဆိုတာမရှိရင် လူ့သဘာဝရဲ့အရေးကြီးတဲ့အပိုင်းတစ်ခုကို ကျွန်တော်တို့ဆုံးရှုံးသွားတာဖြစ်တယ်” လို့ ကောစ်ဖဲ့ဖော်ပြခဲ့တယ်။