မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် ယုံကြည်စိတ်ချနိုင်သူများ

သင် ယုံကြည်စိတ်ချနိုင်သူများ

သင် ယုံကြည်စိတ်ချနိုင်သူများ

အာဂျင်တီးနားနိုင်ငံက တက္ကစီမောင်းသမား ဆန်တီယာဂိုအဖို့ သူ့ကားထဲမှာ အိတ်တစ်လုံးကျန်ခဲ့တဲ့အခါ ဘာလုပ်ရမလဲဆိုတာ စဉ်းစားစရာမလိုခဲ့ပါ။ ပိုင်ရှင်ထံပြန်ပေးလိုက်ပါတယ်။ ဆန်တီ ယာဂိုရဲ့အပြုအမူက သိပ်မထူးဆန်းပုံရတယ်။ ဒါပေမဲ့ အဲဒီအိတ်ထဲမှာပါတဲ့ငွေက ယူ.အက်စ်ဒေါ်လာ ၃၂,၀၀၀ လောက်တောင် ဆိုတော့ စဉ်းစားကြည့်ပါဦး။

ယုံကြည်စိတ်ချလို့ရတဲ့လူတွေနဲ့ပြည့်နေတဲ့ကမ္ဘာကို မြင်ယောင်ကြည့်ပါ။ ခုအချိန်နဲ့ ဘယ်လောက်ကွာခြားလိုက်မလဲ။ သင့်ကလေးကို ကလေးထိန်းရဲ့လက်ထဲ ဘာမှစိုးရိမ်စရာမရှိဘဲ ထားခဲ့နိုင်တယ်။ သင့်အိမ်နဲ့တံခါးတွေကို သော့ခတ်ဖို့ လိုမှာမဟုတ်ဘူး။ ဒါတွေက အိပ်မက်မျှသာပဲလား။

ကျင့်ဝတ်စံနှုန်းတွေရဲ့ ထိရောက်မှု

ခရစ်ယာန်တမန်တော်ပေါလုဟာ သူ့ကိုယ်သူနဲ့ ခရစ်ယာန်ချင်းတွေကို ဒီလိုပြောခဲ့တယ်– ‘ငါတို့သည် အရာရာ၌ ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံလိုကြ၏။’ (ဟေဗြဲ ၁၃:၁၈) ဒါဟာ ယေဟောဝါသက်သေတွေ ကြိုးစားလုပ်ဆောင်နေတဲ့အရာဖြစ်ပါတယ်။ သူတို့ရဲ့ပန်းတိုင်က ဟေရှာယ ၃၃:၁၅ မှာဖော်ပြထားတဲ့ ဒီအရည်အသွေးတွေနဲ့အညီ အသက်ရှင်ဖို့ဖြစ်တယ်– “တရားသဖြင့်ကျင့်၍ ဖြောင့်မတ်စွာပြောထသော၊ ညှဉ်းဆဲခြင်း [လိမ်လည်ခြင်း၊ ကဘ] အားဖြင့်ရသောငွေကိုရွံ၍ တံစိုးကိုလည်းငြင်းပယ်ထသောသူသည် မြင့်သောအရပ်၌နေလိမ့်မည်။” ယုံကြည်စိတ်ချရတဲ့ ဒီလိုလမ်းစဉ်မျိုးကို လူတချို့ ဘယ်လိုလိုက်လျှောက်ခဲ့ကြသလဲ။

‘ဖြောင့်မတ်စွာ ပြောပါ။’ ယေဟောဝါသက်သေတစ်ဦးဖြစ်တဲ့ ဒိုမင်ဂိုဟာ ဖိလစ်ပိုင်နိုင်ငံက အုန်းသားအခြောက်ခံ စိုက်ပျိုးခင်းမှာ အလုပ်လုပ်တယ်။ သူဒီလိုပြောပြတယ်– “အလုပ်သမားတော်တော်များများက သူတို့ရဲ့အလုပ်ရှင်တွေအပေါ်မှာ မရိုးသားကြဘူး။ ဥပမာ၊ အုန်းသားခြောက်စုဆောင်းတဲ့အခါမှာ ဘယ်နှစ်အိတ်ရပြီလဲဆိုတာ အလုပ်ရှင်တွေကို အမှန်အတိုင်းမပြောကြဘူး။ ဒီလိုနည်းနဲ့ အိတ်တချို့ကို သူတို့ခိုးရောင်းကြတယ်။”

ဒိုမင်ဂိုနဲ့ သူ့မိသားစုက အလုပ်ရှင်တွေကို မလိမ်ချင်တဲ့အတွက် စိုက်ခင်းကနေ မောင်းထုတ်ခံရနီးနီးဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒိုမင်ဂို ဒီလိုပြောတယ်– “မောင်းထုတ်ခံရမယ်ဆိုရင်တောင် ကျွန်တော်တို့လိမ်မှာမဟုတ်ဘူးလို့ အလုပ်ရှင်ကို ကျွန်တော်တို့ပြောပြတယ်။ နောက်ဆုံးမှာ အလုပ်ရှင်က ယေဟောဝါသက်သေတွေက ယုံကြည်စိတ်ချလို့ရတဲ့လူကောင်းတွေဖြစ်တယ်လို့ပြောပြီး ကျွန်တော်တို့ကို အလုပ်လုပ်ဖို့ နောက်ထပ်စိုက်ခင်းပေးတယ်။”

‘လိမ်လည်ခြင်းဖြင့်ရသောငွေကိုရွံပါ။’ ကင်မရွန်းနိုင်ငံရဲ့ ဒေသတစ်ခုမှ အကောက်ခွန်အရာရှိချုပ် ပီးယားမှာ ငွေကို အလွယ်တကူရရှိနိုင်တဲ့အခွင့်အလမ်းတွေ ရှိတယ်။ ယာယီအလုပ်သမားတွေရဲ့လစာငွေပေးဖို့ ဦးဆုံးအကြိမ်တာဝန်ပေးခံရတဲ့အခါမှာ ထူးခြားချက်တစ်ခုကို သူသတိထားမိခဲ့တယ်။ ပီးယား ဒီလိုရှင်းပြတယ်– “သဘောတူစာချုပ်သက်တမ်းကုန်သွားတဲ့သူတွေ (သို့) သေဆုံးသွားတဲ့သူတွေအတွက် လစာပေးနေတုန်းပဲ။ အဲဒီငွေတွေကို ယူသုံးလို့ရတာပဲလို့ စဉ်းစားမဲ့အစား ဘဏ္ဍာရေးမှတ်တမ်းကောင်းတစ်ခုထားပြီး ဆိုင်ရာငွေတွေကို သေချာသိမ်းဆည်းထားခဲ့တယ်။”

ဘာရလဒ် ရရှိခဲ့သလဲ။ သူဒီလိုပြောပြတယ်– “နှစ်နှစ်ကြာပြီးတဲ့နောက်မှာ ဒီအခြေအနေကို လာစစ်ဆေးဖို့ စာရင်းစစ်တစ်ဦး ရောက်လာတယ်။ တိကျတဲ့မှတ်တမ်းပြနိုင်ပြီး ငွေကြေးပမာဏအတိအကျကို ပြန်ပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော်အရမ်းဂုဏ်ယူတယ်၊ အဲဒီငွေဟာ အဲ့ဒီအချိန်တုန်းက တော်တော်များနေပြီ။ စာရင်းစစ်တွေက ကျွန်တော့်ရဲ့ရိုးသားမှုအတွက် ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲချီးမွမ်းကြတယ်။”

‘တံစိုးကိုလည်းငြင်းပယ်ပါ။’ ဘရာဇီးနိုင်ငံ၊ ရီယိုဒီ ဂျဲနေရီးယိုမြို့က စာချုပ်စာတမ်းရှေ့နေတစ်ဦးဖြစ်တဲ့ ရီကာဒိုက သူ့ရဲ့လုပ်သက်တစ်လျှောက်လုံးမှာ တံစိုးလက်ဆောင်တွေ ကမ်းလှမ်းခံရတယ်။ သူဒီလိုပြန်ပြောပြတယ်– “တစ်ခါတုန်းကဆိုရင် ရှေ့နေတစ်ဦးက ကျွန်တော့်ကို လာဘ်ထိုးဖို့ ကြိုးစားခဲ့တယ်။ ကျွန်တော်မသိဘဲနဲ့ ကျွန်တော့်အိမ်မှာ စီဒီစက်တစ်လုံး လာထားသွားတယ်။ အဲဒီအချိန်တုန်းကဆိုရင် စီဒီစက်က သာမန်လူတွေ အလွယ်တကူမရနိုင်တဲ့ ဆန်းသစ်တဲ့ပစ္စည်းဖြစ်တယ်။”

ရီကာဒို ဘာလုပ်ခဲ့သလဲ။ “ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက အဲဒီလက်ဆောင်ပစ္စည်းကို ဖွင့်တောင်မကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီရှေ့နေရုံးခန်းကို ကျွန်တော်သွားပြီး သူ့စားပွဲပေါ်မှာ အဲဒီအထုပ်ကို ပြန်ထားလိုက်တော့ သူအရမ်းအံ့သြသွားတယ်။ ကျွန်တော် ဘာကြောင့် ပြန်လာထားသလဲဆိုတာကို ရှင်းပြဖို့ အခွင့်အရေးကောင်းရခဲ့တယ်။ သူ့အတွင်းရေးမှူးက ကျွန်တော့်လုပ်ရပ်ကို အထူးစိတ်စွဲမှတ်သွားတယ်။”

ဖြောင့်မတ်ဖို့ကြိုးစားနေကြတာ ယေဟောဝါသက်သေတွေပဲမဟုတ်ပါဘူး၊ ဒါပေမဲ့ သူတို့ဟာ လူမျိုးတစ်မျိုးအနေနဲ့ ယုံကြည်စိတ်ချထိုက်တယ်ဆိုတဲ့ နာမည်ကောင်းရရှိတယ်။ ဒါကြောင့် မကြာသေးခင်တုန်းက ပိုလန်နိုင်ငံမှာရှိတဲ့ အဝတ်အစားဆိုင်ကြီးတစ်ခုဟာ သက်သေခံတွေကိုသာ အလုပ်ခန့်ဖို့ ကမ်းလှမ်းခဲ့တယ်။ အရောင်းမန်နေဂျာက ဒီလိုပြောတယ်– “နေရာတိုင်းမှာ ရိုးသားတဲ့လူတွေရှိပါတယ်၊ ဒါပေမဲ့ ယေဟောဝါသက်သေတွေမှာ ကျင့်ဝတ်စံနှုန်းရှိပြီး အဲဒီအတိုင်း သူတို့ တစ်သဝေမတိမ်းလိုက်လျှောက်ကြတယ်။”

ဆင်းရဲသော်လည်း ယုံကြည်စိတ်ချရသူဖြစ်နိုင်

ဆင်းရဲတဲ့အတွက် ရိုးသားစရာမလိုဘူးလို့ လူတွေယူမှတ်ကြတယ်။ ဥပမာ၊ စီအန်အန်သတင်းတစ်ပိုဒ်က အင်တာနက်မှာ လူတွေကိုလှည့်စားဖို့ တစ်နေကုန်ကြိုးစားနေတဲ့ နိုင်ဂျီးရီးယားနိုင်ငံက ၁၄ နှစ်အရွယ် ကောင်လေးတစ်ယောက်အကြောင်း ဖော်ပြခဲ့တယ်။ “ကျွန်တော့်ကိုဘာလုပ်စေချင်တာလဲ။ ကျွန်တော့်ညီမလေး၊ ကျွန်တော့်အမေ၊ ကျွန်တော့်အဖေ၊ ကျွန်တော့်မိသားစုကို ရှာကျွေးနေတာလေ။ အသက်ဆက်ရှင်ဖို့လိုတယ်” ဆိုပြီး သူဆင်ခြေပေးခဲ့တယ်။

တည်ကြည်ဖြောင့်မတ်စွာနေတဲ့သူတွေ ချမ်းသာကြွယ်ဝမယ်လို့ ကျမ်းစာမှာ ကတိမပြုထားတာမှန်ပါတယ်၊ ဒါပေမဲ့ ဘဝလိုအပ်ရာတွေရရှိမယ်လို့တော့ အာမခံထားပါတယ်။ ဟေရှာယ ၃၃:၁၆ ကဒီလိုဖော်ပြထားပါတယ်– “ခိုင်ခံ့သောကျောက်မြို့၌ ခိုလှုံလိမ့်မည်။ ထိုသူအား အစာကိုအစဉ်ပေးရလိမ့်မည်။ သောက်ရေလည်းမပြတ်ရ။”

ဒါပေမဲ့ တချို့ ဒီလိုမေးကောင်းမေးမယ်– ‘တကယ့်ကိုခက်ခဲတဲ့အခြေအနေတွေမှာ ယုံကြည်စိတ်ချခံရတာက ဘာအကျိုးရှိလို့လဲ။ အစာစားရဖို့ နေ့တိုင်းရုန်းကန်နေရတဲ့သူတွေအတွက်ကော။’

ကင်မရွန်းနိုင်ငံက အနံ့မွှေးတဲ့ ပီလောပီနံဥနဲ့လုပ်ထားတဲ့မုန့်လေး မိန်ဒို ကိုရောင်းတဲ့ မုဆိုးမ ဘတ် ကိုသုံးသပ်ကြည့်ပါ။ “ပုံမှန်ဆိုရင် အထုပ်တစ်ထုပ်မှာ မိန်ဒို အချောင်း ၂၀ ရှိရမှာဖြစ်ပေမဲ့ ဆိုင်အများစုကတော့ ၁၇ ချောင်း၊ ၁၈ ချောင်းလောက်ပဲထည့်ပေးလေ့ရှိတယ်။ ဒါပေမဲ့ တခြားသူတွေကို လှည့်စားပြီးမှရတဲ့ငွေကို ကျွန်မ,မလိုချင်ပါဘူး” လို့သူပြောတယ်။

ဘတ်ရဲ့ဆိုင်က ရောင်းကောင်းခဲ့ပါသလား။ အမြဲတော့မဟုတ်ဘူး။ “တစ်နေကုန်တောင် ဘာမှမရောင်းရတဲ့အချိန်တွေရှိတယ်။ ကျွန်မ ခုထိ ဘာမှမရောင်းရသေးလို့ပိုက်ဆံတော့မရှိသေးဘူး၊ ဒါပေမဲ့ တစ်ပွဲလောက်ပေးလို့ရမလားလို့ အစားအစာရောင်းတဲ့သူတွေကိုပြောရင် သူတို့ကပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက ပိုက်ဆံရတာနဲ့ချက်ချင်းပေးမယ်ဆိုတာ သူတို့သိထားတဲ့အတွက်ဖြစ်တယ်။ သူတို့ ကျွန်မကို ယုံကြည်စိတ်ချကြတယ်။ ကျွန်မရဲ့လုပ်နေကျလုပ်ရပ်ကြောင့် ယုံကြည်စိတ်ချခံခဲ့ရတာ” လို့ပြောခဲ့တယ်။

ကျွန်ုပ်တို့ရဲ့ယုံကြည်စိတ်ချမှုကို ရထိုက်တဲ့ဘုရားသခင်

လူတစ်ယောက်က ပြောတဲ့အတိုင်းလုပ်တဲ့အခါ သူ့ကို ကျွန်တော်တို့ ပိုပြီးယုံကြည်စိတ်ချလာကြတယ်။ ရှေးအစ္စရေးလူမျိုးကို ဦးဆောင်သူ ယောရှုက ဘုရားသခင်နဲ့ပတ်သက်ပြီး ဒီလိုပြောတယ်– ‘အစ္စရေးလူမျိုးအဖို့ ယေဟောဝါ မိန့်တော်မူသောကောင်းကျိုးတစ်စုံတစ်ပါးမျှမလျော့၊ ရှိသမျှတို့သည် ပြည့်စုံကြ၏။’ (ယောရှု ၂၁:၄၅) ကျွန်တော်တို့မှာကော ဘုရားသခင်ကို ယုံကြည်စိတ်ချဖို့ အကြောင်းကောင်းရှိသလား။

ဘုရားသခင့်ကတိတော်တွေဟာ အလွန်ယုံကြည်စိတ်ချနိုင်တဲ့အတွက် ကိုယ်တော်ပြောတဲ့စကားကို မိုးရေနဲ့ ခိုင်းနှိုင်းထားတယ်။ (ဟေရှာယ ၅၅:၁၀၊ ၁၁) တကယ်တော့ မိုးမရွာအောင်၊ မိုးရေကို မြေကြီးကစုပ်မယူအောင်၊ အပင်တွေပေါက်မလာအောင် ဘာကတားဆီးနိုင်မှာလဲ။ ဘာကမှ မတားဆီးနိုင်ပါဘူး။ ဒီလိုပဲ ဘုရားသခင့်ကတိတော်တွေမပြည်စုံအောင် ဘာကမှ တာဆီးနိုင်မှာမဟုတ်ဘူး။

အဲ့ဒီကတိတော်တွေထဲကတစ်ခုကို ၂ ပေတရု ၃:၁၃ မှာ ခုလိုမှတ်တမ်းတင်ထားတယ်– “ငါတို့သည် ဖြောင့်မတ်ခြင်းတည်နေရာ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ကတိတော်နှင့်အညီ စောင့်မျှော်လျက်ရှိကြ၏။” လူသားချင်းအပေါ် အမြတ်ထုတ်နေသူတွေနဲ့ ပြည့်နေတဲ့ကမ္ဘာကြီးကို သုတ်သင်ရှင်းလင်းဖို့ ဘုရားသခင်ရည်ရွယ်ထားပါတယ်။ ဘုရားသခင်က သူ့ရည်ရွယ်ချက်ကို ဘယ်လိုအကောင်အထည်ဖော်မယ်ဆိုတဲ့အကြောင်း ထပ်ဆင့်သင်ယူလိုပါသလား။ သင့်ဒေသက ယေဟောဝါသက်သေတွေနဲ့ ဆက်သွယ်ပါ (သို့) စာမျက်နှာ ၅ မှာပါတဲ့ သင့်လျော်ရာလိပ်စာကို စာရေးပါ။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ရိုးသားမှု ဆုချခံရ

ဖိလစ်ပိုင်နိုင်ငံမှ ယေဟောဝါသက်သေတစ်ဦးဖြစ်တဲ့ လူစီရိုဟာ မရိုးမသားလုပ်မယ်ဆိုရင် လုပ်နိုင်တယ်။ သန့်ရှင်းရေးလုပ်ဖို့ သူ့ကို တာဝန်ပေးထားတဲ့ရုံးခန်းထဲက ဖိုင်အပြည့်ရှိတဲ့ဗီရိုဟောင်းတစ်ခုထဲမှာ ဒေါ်လာ ၂၇,၅၀၀ သူတွေ့လိုက်တယ်။ အဲဒီရုံးခန်းနဲ့ ပိုက်ဆံတွေဟာ စီးပွားရေးကိစ္စနဲ့ခရီးဝေးထွက်နေတဲ့ သူ့အလုပ်ရှင်ရဲ့ပိုင်ဆိုင်ရာတွေဖြစ်တယ်။ “ဒါက ကျွန်တော့်အတွက် ဒေါ်လာကို ပထမဆုံးအကြိမ်တွေ့ ဖူးတာဖြစ်တယ်” လို့ လူစီရိုပြောတယ်။

အလုပ်ရှင်ပြန်ရောက်လာတဲ့အခါ လူစီရိုက အဲဒီပိုက်ဆံတွေကို ပြန်ပေးလိုက်တယ်။ ရလဒ်က ဘာလဲ။ “နောက်ထပ်အလုပ်တွေ ကျွန်တော်ရခဲ့တယ်။ ကျွန်တော့်မိသားစုတစ်ခုလုံးနေနိုင်တဲ့ အခန်းတစ်ခန်းကိုတောင် အလုပ်ရှင်က ပေးတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ နေထိုင်ရတာမလွယ်ကူပေမဲ့ ယေဟောဝါဘုရားသခင်ရဲ့ပညတ်တွေကို ကျွန်တော်တို့လိုက်နာတဲ့အတွက် ကိုယ်တော် ကျွန်တော်တို့ကို ဂရုစိုက်တယ်လို့ တကယ်ခံစားရတယ်။”

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ရိုးသားတဲ့ချိန်ခွင်

ကင်မရွန်းနိုင်ငံ၊ ဒူအာလာမြို့ကစျေးမှာ မိုစီရဲ့ငါးဆိုင်ဟာ လူသိများတယ်။ မိုစီ ဒီလိုပြောတယ်- “ကျွန်တော့်ရဲ့ဆိုင်လေးကို ချိန်ခွင်လို့ နာမည်ပေးထားတယ်။ အကြောင်းကတော့ ကျွန်တော့်ရဲ့ချိန်ခွင်က စျေးတစ်ခုလုံးမှာရှိတဲ့ အလေးမခိုးတဲ့ ချိန်ခွင်အနည်းငယ်ထဲက တစ်ခုဖြစ်လို့ပဲ။ လူတွေက ကျွန်တော့်ကို အမြဲစမ်းသပ်နေမှန်း ကျွန်တော်သိတယ်။ ကျွန်တော့်ဆီက ငါးတစ်ပိဿာဝယ်ပြီး ဒီအထုပ်ကို တခြားတစ်နေရာမှာ သူတို့ပြန်ချိန်လေ့ရှိကြတယ်။ အဲလိုပြန်ချိန်တဲ့အခါမှာ တစ်ပိဿာထက်တောင် ပိုနေတာကိုတွေ့ရတယ်။ အဲဒီအခါ သူတို့ကို ကျွန်တော်မလှည့်စားမှန်း သူတို့သိသွားကြတယ်။ လူတွေက ‘ခင်ဗျားက ရိုးသားလို့ ခင်ဗျားဆီ ကျွန်တော်တို့လာတာ’ လို့ကျွန်တော့်ကို ပြောကြတယ်။”

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

“မောင်းထုတ်ခံရမယ်ဆိုရင်တောင် ကျွန်တော်တို့လိမ်မှာမဟုတ်ဘူးလို့ အလုပ်ရှင်ကို ကျွန်တော်တို့ပြောပြတယ်”—ဒိုမင်ဂို၊ ဖိလစ်ပိုင်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

“စာရင်းစစ်တွေက ကျွန်တော့်ရဲ့ရိုးသားမှုအတွက် ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲချီးမွမ်းကြတယ်။”—ပီးယား၊ ကင်မရွန်း။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

“ရှေ့နေတစ်ဦးက ကျွန်တော့်ကို လာဘ်ထိုးဖို့ကြိုးစားခဲ့တယ်။ . . . ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက အဲဒီလက်ဆောင်ပစ္စည်းကို ဖွင့်တောင်မကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။”—ရီကာဒို၊ ဘရာဇီး။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဘတ်အတွက် တစ်နေကုန် ဘာမှမရောင်းရတဲ့အချိန်တွေရှိတယ်။ ဒါပေမဲ့ သူ ပိုက်ဆံရတာနဲ့ချက်ချင်းပေးမယ်ဆိုတာ တခြားအစားအစာရောင်းတဲ့သူတွေ သိထားလို့ သူ့ကို စားဖို့ပေးကြတယ်။