မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဘုရားသခင်မဲ့ဝါဒီတစ်ဦးအဖြစ် ကျွန်တော်ကြီးပြင်းလာခဲ့”

“ဘုရားသခင်မဲ့ဝါဒီတစ်ဦးအဖြစ် ကျွန်တော်ကြီးပြင်းလာခဲ့”

“ဘုရားသခင်မဲ့ဝါဒီတစ်ဦးအဖြစ် ကျွန်တော်ကြီးပြင်းလာခဲ့”

ပရာ့ဂ်မြို့ ချားလ်စ်တက္ကသိုလ်ရဲ့ ပါမောက္ခ ဖရမ်းတီးရှက် ဘစ်ကိုးချယ်ကို အာရုံကြောစနစ်လေ့လာမှုဘာသာရပ်မှာ သူ့ရဲ့သုတေသနပြုမှုတွေကြောင့် ကမ္ဘာနှင့်အဝန်းသိကြတယ်။ တစ်ချိန်က ဘုရားသခင်မဲ့ဝါဒီတစ်ဦးဖြစ်ခဲ့သူဟာ အခု ဘုရားသခင်ကို အခိုင်အမာယုံကြည်သူတစ်ဦးဖြစ်နေပြီ။ နိုးလော့! နဲ့လူတွေ့မေးမြန်းရာမှာ ပါမောက္ခ ဘစ်ကိုးချယ်က သူ့အမြင်ပြောင်းသွားတဲ့အကြောင်းကို ရှင်းပြခဲ့တယ်။

သိပ္ပံပညာနဲ့ အသက်မွေးဝမ်းကျောင်းမပြုခင် ဘာသာတရားကို ခင်ဗျားဘယ်လိုမြင်ခဲ့သလဲ။

ကျွန်တော်ဟာ ဘုရားသခင်မဲ့ဝါဒီတစ်ဦးအနေနဲ့ကြီးပြင်းလာခဲ့ပြီး ကျွန်တော့်အဖေက ဘာသာရေးခေါင်းဆောင်တွေကို ပြောင်လှောင်လေ့ရှိတယ်။ ၁၉၆၃ ခုနှစ်မှာ ဇီဝဗေဒဘာသာ၊ ဓာတုဗေဒဘာသာနဲ့ ကောလိပ်ကနေဘွဲ့ရခဲ့တယ်။ ကျောင်းသားဘဝတုန်းက သက်ရှိအမျိုးမျိုးရဲ့ ကွဲပြားမှုအကြောင်း ဆင့်ကဲသီအိုရီက ရှင်းပြနိုင်တယ်လို့ ကျွန်တော်ယုံကြည်ခဲ့တယ်။

ခင်ဗျားရဲ့ သိပ္ပံဆိုင်ရာလုပ်ငန်းအကြောင်း နည်းနည်းပြောပြပါဦး။

ကျွန်တော် ဒေါက်တာဘွဲ့ရပြီးတဲ့နောက်မှာ နဗ်ကြောဆက်တွေရဲ့ ဓာတုနဲ့လျှပ်စစ်ဂုဏ်သတ္တိတွေအကြောင်း လေ့လာခဲ့တယ်။ နဗ်ကြောဆဲလ်၊ အမြှေးပါးလုပ်ဆောင်မှု၊ ကိုယ်အင်္ဂါအစားထိုးကုသမှုနဲ့ ဓာတ်မတည့်မှုအကြောင်းတွေကိုလည်း လေ့လာခဲ့တယ်။ ကျွန်တော့်ရဲ့လေ့လာမှုရလဒ်အတော်များများကို ပုံနှိပ်ထုတ်ဝေခဲ့ပြီး တချို့ဆောင်းပါးတွေဆိုရင် ကိုးကားဖို့ရွေးချယ်ခံရတယ်။ နောက်ဆုံးမှာ ချက်ပြည်ထောင်စုရဲ့ ပညာရှင်အဖွဲ့တစ်ဝင်တစ်ဦးဖြစ်လာတယ်။ အဲ့ဒီအဖွဲ့ဝင်တွေကို ပညာရှင်အသိုင်းအဝိုင်းက ရွေးချယ်ကြတယ်။ ၁၉၈၉ ဒီဇင်ဘာလက အကြမ်းမဖက်တော်လှန်ရေးပြီးနောက်မှာ ချားလ်စ်တက္ကသိုလ်ရဲ့ ပါမောက္ခတစ်ဦးဖြစ်လာခဲ့ပြီး တခြားသိပ္ပံပညာရှင်တွေနဲ့တွေ့ဖို့ အနောက်နိုင်ငံကိုသွားခွင့်ရခဲ့တယ်။ တချို့ဆိုရင် နိုဘယ်လ်ဆုရပညာရှင်တွေဖြစ်တယ်။

ဘုရားသခင်အကြောင်း ခင်းဗျားစဉ်စားခဲ့ဖူးသလား။

အမှန်အတိုင်းပြောရရင်တော့ စဉ်းစားဖူးပါတယ်။ ကျွန်တော့်ရဲ့ပါမောက္ခတချို့အပါအဝင် အဆင့်မြင့်ပညာတတ်တွေက ဘုရားသခင်ကိုယုံကြည်နေကြတာကို ကျွန်တော်အံ့သြမိတယ်။ ကွန်မြူနစ်ကြီးစိုးမှုကြောင့် သူတို့ရဲ့ယုံကြည်ချက်ကို ပွင့်ပွင့်လင်းလင်းတော့ မပြောရဲကြဘူး။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ဘုရားသခင်ဆိုတာ တကယ်ရှိတာမဟုတ်ဘဲ လူတွေရဲ့ယုံကြည်ချက်ပဲဖြစ်တယ်။ ဘာသာရေးအမည်ခံပြီးကျူးလွန်တဲ့ ရက်စက်ယုတ်မာမှုတွေကြောင့် ကျွန်တော်စိတ်နာကြည်းခဲ့တယ်။

ဆင့်ကဲဖြစ်စဉ်နဲ့ပတ်သက်ပြီး ခင်ဗျားရဲ့အမြင် ဘယ်လိုကြောင့် ပြောင်းလဲသွားတာလဲ။

နဗ်ကြောဆက်အကြောင်း လေ့လာတဲ့အချိန်ကစပြီး ဆင့်ကဲဖြစ်စဉ်ကို ကျွန်တော်သံသယဝင်လာတယ်။ နဗ်ကြောဆဲလ်တွေစပ်ကြားက ရိုးရှင်းတယ်လို့ထင်ရတဲ့ အဆက်တွေရဲ့ အံ့သြလောက်ဖွယ်ရှုပ်ထွေးမှုကို ကျွန်တော်အရမ်းစိတ်စွဲမှတ်သွားခဲ့တယ်။ ‘နဗ်ကြောဆက်တွေနဲ့ သူတို့ရဲ့ဖြစ်ပေါ်ဆောင်ရွက်မှုကိုထိန်းချုပ်တဲ့ မျိုးရိုးဗီဇဆိုင်ရာအချက်အလက်တွေက မတော်တဆမှုသက်သက်ကြောင့် ဘယ်လိုလို့ဖြစ်လာနိုင်မှာလဲ’ လို့ ကျွန်တော်စဉ်းစားမိတယ်။ ဒါ လုံးဝအဓိပ္ပာယ်မရှိဘူး။

အဲ့ဒီနောက် ၁၉၇၀ ပြည့်လွန်နှစ်အစောပိုင်းမှာ နာမည်ကြီးရုရှားသိပ္ပံပညာရှင်လည်းဖြစ်၊ ပါမောက္ခလည်းဖြစ်သူတစ်ဦးရဲ့ ပို့ချချက်ကို ကျွန်တော်တက်ရောက်ခဲ့တယ်။ ကြုံရာကျပန်း ဗီဇပြောင်းလဲမှု၊ မျိုးစိတ်တချို့သေဆုံးသွားပေမဲ့ တချို့ ဆက်လက်ရှင်သန်နေတယ်ဆိုတဲ့ သဘာဝရွေးချယ်မှုတွေကြောင့် သက်ရှိတွေ ဖြစ်ပေါ်မလာနိုင်ဘူးလို့ သူပြောခဲ့တယ်။ ဒါနဲ့ ပရိသတ်ထဲကတစ်ယောက်က ဒါဆိုရင် သက်ရှိတွေဘယ်လိုဖြစ်လာသလဲ ဆိုပြီးမေးလိုက်တယ်။ ပါမောက္ခက သူ့အိတ်ကပ်ထဲကနေ ရုရှားကျမ်းစာအုပ်ငယ်လေးကိုထုတ်ပြပြီး ဒီလိုပြောတယ်– “ကျမ်းစာကိုဖတ်၊ အထူးသဖြင့် ကမ္ဘာဦးကျမ်းက ဖန်ဆင်းခြင်းအကြောင်းကို ဖတ်ပါ။”

နောက်ပိုင်း၊ ဧည့်ခန်းမှာ ကျွန်တော်က ပါမောက္ခကို ကျမ်းစာကိုအလေးအနက်ထားသလားလို့ မေးလိုက်တယ်။ ခြုံပြီးသူပြောလိုက်တာက– “ရိုးရိုးဘက်တီးရီးယားဟာ မိနစ် ၂၀ တိုင်းမှာ ရာနဲ့ချီတဲ့ပရိုတင်းအမျိုးမျိုးနဲ့တကွ ကွဲထွက်သွားနိုင်တယ်၊ အဲဒီပရိုတင်းတစ်ခုစီမှာ ချိန်းကြိုးကွင်းပုံစံ အမီနိုအက်စစ် အမျိုး ၂၀ ပါဝင်ပြီး ကွင်းဆက်ပေါင်းရာနဲ့ချီရှိနိုင်တယ်။ အကျိုးပြုဗီဇပြောင်းလဲခြင်းကြောင့် ဘက်တီးရီးယားပိုး တစ်ကြိမ်ဆင့်ကဲဖြစ်ပေါ်လာဖို့အတွက်ဆိုရင် ကမ္ဘာပေါ်မှာသက်ရှိတွေတည်ရှိခဲ့တဲ့အချိန်လို့ သိပ္ပံပညာရှင်တွေယုံကြည်ထားကြတဲ့ နှစ်ပေါင်း သုံးလေးဘီလီယံထက်မက အများကြီးပိုကြာလိမ့်မယ်။” ကမ္ဘာဦးကျမ်းက အများကြီးပိုအဓိပ္ပာယ်ရှိတယ်လို့ သူယူဆတယ်။

ပါမောက္ခရဲ့မှတ်ချက်က ခင်ဗျားအပေါ် ဘယ်လိုအကျိုးသက်ရောက်ခဲ့သလဲ။

လေ့လာတွေ့ရှိချက်ကိုအခြေပြုတဲ့ သူ့မှတ်ချက်တွေနဲ့ ကျွန်တော့်ရဲ့သံသယစိတ်ကြောင့် ဘာသာတရားကိုင်းရှိုင်းတဲ့ အလုပ်ဖော်တွေနဲ့ အဲ့ဒီအကြောင်း ဆွေးနွေးဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့အမြင်တွေက ခိုင်လုံမှုမရှိဘူး။ နောက်ပိုင်း ယေဟောဝါသက်သေတစ်ယောက်ဖြစ်တဲ့ ဆေးဝါးဗေဒပညာရှင်တစ်ယောက်နဲ့ စကားပြောဖြစ်ခဲ့တယ်။ သူက ကျွန်တော်နဲ့ ကျွန်တော့်ဇနီး အမ်မာကို သုံးနှစ်လောက် ကျမ်းစာအကြောင်းရှင်းပြခဲ့တယ်။ အချက်နှစ်ချက်ကို ကျွန်တော်အံ့သြမိခဲ့တယ်။ ပထမ၊ ထုံးတမ်းစဉ်လာခရစ်ယာန်အယူဝါဒဟာ တကယ်တော့ ကျမ်းစာပြောတာနဲ့ တော်တော်ကွာတယ်။ ဒုတိယ၊ ကျမ်းစာဟာ သိပ္ပံစာအုပ်တစ်အုပ်မဟုတ်ပေမဲ့ စစ်မှန်တဲ့သိပ္ပံပညာနဲ့ တကယ်ပဲ ကိုက်ညီတယ်။

ခင်ဗျားရဲ့ ပြောင်းလဲသွားတဲ့အမြင်က သိပ္ပံဆိုင်ရာသုတေသနပြုလုပ်ရာမှာ အဟန့်အတားဖြစ်စေသလား။

လုံးဝမဖြစ်ပါဘူး။ ရိုးသားတဲ့သိပ္ပံပညာရှင်တိုင်းဟာ ဘာကိုပဲယုံကြည်ပါစေ အတတ်နိုင်ဆုံး အရှိကိုအရှိအတိုင်းဖော်ပြရမယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့ယုံကြည်ချက်က ကျွန်တော့်ကို ပြောင်းလဲစေခဲ့တယ်။ တစ်ချက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချလွန်းတာ၊ အလွန်အမင်းယှဉ်ပြိုင်ချင်တာ၊ သိပ္ပံဆိုင်ရာတတ်ကျွမ်းမှုတွေကြောင့် မာနထောင်လွှားလွန်းတာမျိုးမရှိဘဲ ကျွန်တော်ပိုင်ဆိုင်ထားတဲ့အရည်အသွေးတွေအတွက် ဘုရားသခင်ကို အခု ကျွန်တော်အရမ်းကျေးဇူးတင်တယ်။ ဒါ့အပြင် ဖန်ဆင်းရာတွေမှာထင်ရှားတဲ့ အံ့ဖွယ်ဒီဇိုင်းတွေဟာ မတော်တဆမှုကြောင့်လို့ တစ်ဖက်သတ်ဆန်ဆန်ယူဆမဲ့အစား ကျွန်တော်နဲ့သိပ္ပံပညာရှင်အတော်များများက ‘ဒါတွေကို ဘုရားသခင်ဘယ်လိုပုံစံပြုထားတာလဲ’ လို့မေးလေ့ရှိတယ်။

[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]

ကျွန်တော်နဲ့ သိပ္ပံပညာရှင် အတော်များများက ‘ဒါတွေကို ဘုရားသခင် ဘယ်လိုပုံစံပြုထား တာလဲ’ လို့မေးလေ့ရှိတယ်