မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်မဲ့ဝါဒီတို့၏ လှုပ်ရှားမှု

ဘုရားသခင်မဲ့ဝါဒီတို့၏ လှုပ်ရှားမှု

ဘုရားသခင်မဲ့ဝါဒီတို့၏ လှုပ်ရှားမှု

လူ့ဘောင်အဖွဲ့အစည်းမှာ ဘုရားသခင်မဲ့ဝါဒီအုပ်စုအသစ် ထွက်ပေါ်လာခဲ့တယ်။ ဘုရားသခင်မဲ့ဝါဒီအသစ်လို့ခေါ်တဲ့သူတို့ဟာ သူတို့ရဲ့ယူဆချက်တွေကို ကိုယ်တိုင်လက်ခံထားရုံနဲ့ မရောင့်ရဲကြဘူး။ အဲဒီအစား သူတို့လှုပ်ရှားနေကြတယ်၊ သူတို့ရဲ့ရှုမြင်ချက်တွေကို “ဘာသာရေးကိုင်းရှိုင်းတဲ့သူတွေလက်ခံလာအောင် တက်တက်ကြွကြွ၊ ဒေါသတကြီး၊ အသည်းအသန်ကြိုးစားသွေးဆောင်ကြတယ်” လို့ပင်တိုင်ဆောင်းပါးရှင် ရစ်ချတ်စ် ဘန်စတိန်းက ရေးခဲ့တယ်။ ဒီဘုရားသခင်မဲ့ဝါဒီအသစ်တွေက သူတို့ရဲ့ယုံကြည်ချက်ကို လုံးဝသံသယမရှိတဲ့အတွက် ဘုရားသခင်တည်ရှိမှုကို သံသယဝင်တဲ့သူတွေကိုတောင် ပစ်မှတ်ထားကြတယ်။ သူတို့အတွက် ဘုရားသခင်ဆိုတာ လုံးဝမရှိဘူး။ ခပ်ပြတ်ပြတ်ပဲ။

“ဒီလောကကြီးက ဘာသာရေးယုံကြည်ချက်အိပ်မက်ဆိုးကြီးကနေ နိုးထဖို့လိုနေပြီ။ ဘာသာရေးသြဇာလွှမ်းမိုးမှုကို လျော့နည်းသွားစေဖို့ ကျွန်တော်တို့သိပ္ပံပညာရှင်တွေလုပ်နိုင်တဲ့ ဘယ်အရာကိုမဆို လုပ်သင့်တယ်၊ ဒါဟာ နောက်ဆုံးမှာ ကျွန်တော်တို့ရဲ့ အကြီးကျယ်ဆုံးသောအောင်မြင်မှုဖြစ်လာပါလိမ့်မယ်” လို့နိုဘယ်ဆုရှင် စတီဗင် ဝင်းဘာ့ဂ်က ပြောတယ်။ ဘာသာရေးသြဇာကို အားနည်းသွားစေတဲ့ကိရိယာတစ်ခုကတော့ စာအုပ်တွေဖြစ်ပြီး ဘုရားသခင်မဲ့ဝါဒီအသစ်ရဲ့စာအုပ်တချို့က ရောင်းအားအကောင်းဆုံးဖြစ်တဲ့အတွက် စိတ်ဝင်စားမှုကို အလွန်နှိုးဆွပေးနိုင်ပုံရတယ်။

ဘာသာရေးနဲ့ဆက်နွှယ်တဲ့ အစွန်းရောက်မှု၊ အကြမ်းဖက်မှုနဲ့ ကမ္ဘာ့ပဋိပက္ခတွေကို လူတွေစိတ်ပျက်လာကြတဲ့အတွက် ဘာသာတရားကလည်း ဘုရားသခင်မဲ့ဝါဒီအသစ် ဖြစ်ပေါ်လာအောင် တွန်းပို့ပေးရာရောက်တယ်။ ဘုရားသခင်မဲ့ဝါဒီဦးဆောင်သူတစ်ဦးက ဒီလိုပြောတယ်– “ဘယ်ကိစ္စမှာမဆို ဘာသာတရားက တကယ့်အဆိပ်ပဲ။” ဒါ့အပြင် အဲဒီ ‘အဆိပ်’ ထဲမှာ အစွန်းရောက်တဲ့အယူအဆလောက်ပဲမဟုတ်ဘဲ ဘာသာရေးယုံကြည်ချက်အများစုပါဝင်တယ်လို့ ပြောရမယ်။ အဓိကယုံကြည်ချက်တွေကို ဖော်ထုတ်စွန့်လွှတ်ပြီး ယုတ္တိတန်တဲ့အချက်အလက်တွေကိုအခြေခံတဲ့ စဉ်းစားတွေးခေါ်မှုတွေနဲ့ အစားထိုးရမယ်ဆိုပြီး ဘုရားသခင်မဲ့ဝါဒီအသစ်တွေက ပြောကြတယ်။ လူတွေဟာ ကျမ်းစာနဲ့ ကိုရန်ကျမ်းမှာတွေ့ရတဲ့၊ . . . “သတ်ဖြတ်တဲ့အကြောင်းတွေနဲ့ပဲပြည့်နေတဲ့ အဓိပ္ပာယ်မဲ့စကားတွေ” အကြောင်း ပွင့်ပွင့်လင်းလင်းပြောဖို့ မကြောက်ရဘူးလို့ ဘုရားသခင်မဲ့ဝါဒီဖြစ်သူ ဆမ် ဟာရစ်က ဖော်ပြတယ်။ ဘာသာရေးကိုင်းရှိုင်းတဲ့သူတွေကိုကြောက်လို့ ကိုယ့်အယူအဆတွေဖွင့်ပြောဖို့ တွန့်ဆုတ်တာ အန္တရာယ်ရှိတယ်လို့လည်း သူဆက်ပြောတယ်။

ဘုရားသခင်မဲ့ဝါဒီအသစ်တွေက ဘာသာတရားကို ပြစ်တင်ပြောကြပေမဲ့ သိပ္ပံပညာကိုတော့ သူတို့လေးမြတ်ကြတယ်၊ သိပ္ပံပညာက ဘုရားသခင်မရှိကြောင်း သက်သေထူလိုက်ပြီလို့တောင် တချို့အခိုင်အမာဆိုကြတယ်။ ဒါပေမဲ့ သူတို့အဆိုမှန်ရဲ့လား၊ တကယ်ရော သက်သေထူနိုင်ရဲ့လား။ ဟားရစ်က ဒီလိုပြောတယ်– “လုံလောက်တဲ့အချိန်ရရှိပြီးတဲ့နောက် ဒီအငြင်းအခုံမှာ တစ်ဖက်ကတော့ အမှန်တကယ်အနိုင်ရသွားမှာဖြစ်ပြီး ကျန်တစ်ဖက်ကတော့ ရှုံးနိမ့်သွားမှာ အမှန်ပဲ။”

ဒီငြင်းခုံမှုမှာ ဘယ်ဖက်ကအနိုင်ရသွားမယ်လို့ သင်ထင်သလဲ။ ဒီကိစ္စကိုသုံးသပ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးကြည့်ပါ– ‘ဖန်ဆင်းရှင်တစ်ပါးကို ယုံကြည်ခြင်းက အန္တရာယ်ရှိသလား။ လူသားအားလုံး ဘုရားသခင်မဲ့ဝါဒီတွေသာဖြစ်ခဲ့မယ်ဆိုရင် ကမ္ဘာကြီး ပိုကောင်းလာမှာလား။’ ရိုသေလေးစားခံရတဲ့သိပ္ပံပညာရှင်တချို့နဲ့ အတွေးအခေါ်ပညာရှင်တချို့က ဘုရားသခင်မဲ့ဝါဒ၊ ဘာသာတရားနဲ့ သိပ္ပံပညာအကြောင်းပြောဆိုခဲ့ရာကို သုံးသပ်ကြည့်ကြစို့။