မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လျှို့ဝှက်ဆန်းကြယ်တဲ့အတတ်ကို လူတွေ ဘာကြောင့် စိတ်ဝင်စားသလဲ

လျှို့ဝှက်ဆန်းကြယ်တဲ့အတတ်ကို လူတွေ ဘာကြောင့် စိတ်ဝင်စားသလဲ

လျှို့ဝှက်ဆန်းကြယ်တဲ့အတတ်ကို လူတွေ ဘာကြောင့် စိတ်ဝင်စားသလဲ

အဲဒီမေးခွန်းရဲ့အဖြေက လူတစ်ဦးရဲ့ဘာသာရေးယုံကြည်ချက်၊ ယဉ်ကျေးမှုနောက်ခံအပြင် သူနေထိုင်တဲ့ဒေသအပေါ် အများကြီးမူတည်နိုင်ပါတယ်။ သင့်ဒေသရှိလူတချို့က လျှို့ဝှက်ဆန်းကြယ်တဲ့အတတ်ကို ဘာကြောင့်စိတ်ဝင်စားကြတာလဲ။ အောက်ပါတို့ထဲကတစ်ခုခုကြောင့် သူတို့စိတ်ဝင်စားတာဖြစ်နိုင်တယ်။

သိလိုစိတ် မှော်အတတ်ဟာ ဆန်းကြယ်ပုံရပြီး ဆန်းကြယ်ရာတွေကို သိချင်ကြတာ လူ့သဘာဝပဲ။ ဒါကြောင့် ဒီလိုဆန်းကြယ်တဲ့အတတ်ရဲ့နောက်ကွယ်မှာ မမြင်နိုင်တဲ့တန်ခိုးများရှိမလားဆိုပြီး တချို့သိချင်ကြတယ်။ တချို့ကျတော့ ဝီဂျာဘုတ် [သေသူဝိညာဉ်ခေါ်ရာမှာသုံးတဲ့ အထူးစီမံထားသောသင်ပုန်း] ကိုစမ်းသပ်ကြည့်ကြ (သို့) ဇာတာခွင်ကိုဖတ်ပြီး အဲဒီအတိုင်းဖြစ်လာမလာ စမ်းကြည့်ကြတယ်။ တချို့ကျပြန်တော့ နတ်ပွဲတက်ကြတယ် (သို့) နတ်ကတော်ကို မေးမြန်းတိုင်ပင်ကြတယ်။

ဖျော်ဖြေမှု လျှို့ဝှက်ဆန်းကြယ်တဲ့အတတ်နဲ့ ရှေးခေတ်အယူမှားဘာသာတရားရဲ့အယူသီးမှုတွေအပေါ်အခြေခံတဲ့ စာအုပ်၊ ရုပ်ရှင်နဲ့ ကွန်ပျူတာဂိမ်းတွေလို ဖျော်ဖြေမှုပုံစံတွေဟာ မကြာသေးခင်နှစ်တွေက တစ်ဟုန်ထိုးများပြားလာခဲ့တယ်။ တချို့သောဒီလိုဖျော်ဖြေမှုတွေထဲမှာ အကြမ်းဖက်မှုနဲ့ လိင်ကိစ္စတွေကိုလည်း ကွက်ကွက်ကွင်းကွင်းဖော်ပြထားတယ်။

မနက်ဖြန်အတွက် စိုးရိမ်ခြင်း ကျမ်းစာက ဒီလိုကြိုပြောထားတယ်– “နောက်ဆုံးသောနေ့ရက်များသည် ခက်ခဲကျပ်တည်းသောကာလဖြစ်မည်ကို သိမှတ်လော့။” (၂ တိမောသေ ၃:၁) လက်ရှိအချိန်ဟာ ခက်ခဲကျပ်တည်းတဲ့အချိန်ဖြစ်လို့ လူတွေက အကူအညီအတွက် နက္ခတ်ဗေဒင်ဆရာ၊ အကြားအမြင်ရသူ၊ လက္ခဏာဖတ်သူနဲ့ စိတ်တန်ခိုးရှိတယ်ဆိုသူတွေလို လျှို့ဝှက်ဆန်းကြယ်တဲ့အတတ်လိုက်စားသူတွေနဲ့ ဆွေးနွေးတိုင်ပင်ကြတယ်။ “ဒီလုပ်ငန်းက စီးပွားရေးကျဆင်းမှုကြောင့် ထိခိုက်မှုမရှိတဲ့လုပ်ငန်းတွေထဲကတစ်ခုပဲ။ လူတွေက သူတို့အဆင်ပြေနေတဲ့အချိန်မှာ ကျွန်တော်တို့ကို လာတွေ့မှာမဟုတ်ဘူး” လို့ စိတ်တန်ခိုးရှိသည်ဆိုသူတစ်ဦးပြောတယ်။ ကနေဒါမှ အကြားအမြင်ရသူတစ်ဦးက ဒီလိုပြောတယ်– “စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့ရဲ့ရုံးခန်းကနေ ကိုယ်ပိုင်ဖုန်းလိုင်းနဲ့ (သို့) ခန်းမကျယ်ကြီးထဲကနေ ကိုယ့်ဆဲလ်ဖုန်းနဲ့ တိုးတိုးတိတ်တိတ် အကူအညီတောင်းခံကြတယ်။” သူက ဒီလိုထပ်ဖြည့်စွက်တယ်– “အရင်တုန်းက ဒီလူတွေဟာ နတ်ကတော်တွေကို အယုံအကြည်မရှိသလို သိပ်တိုင်ပင်ချင်တဲ့သူတွေမဟုတ်ဘူး။”

ဖျားနာမှုများ ဒေသတချို့မှာ အသည်းအသန်ဖျားနာသူတွေဟာ ဆရာဝန်တွေဆီမသွားတော့ဘဲ မှော်ပညာသုံးတဲ့ ရိုးရာကုသသူတွေဆီ ခြေဦးလှည့်တတ်ကြတယ်။ သူတို့ဖျားနာရတာက ကျိန်စာသင့်လို့၊ ပြုစားခံရလို့ဆိုပြီး ပြောတတ်ကြတယ်။ ကျိန်စာပျက်ပြယ်ဖို့ ဖျားနာသူရဲ့မိတ်ဆွေ (သို့) ဆွေမျိုးတွေက ငွေအများကြီးတောင်းခံတတ်တဲ့ မှော်ပညာလိုက်စားသူရဲ့အကူအညီကို ရယူကြတယ်။

အကာအကွယ်ရလိုခြင်းနဲ့ကံကောင်းခြင်း အာဖရိကဒေသတချို့မှာ ရွာသားတွေက ရပ်ကွက်ကနေ မကောင်းဆိုးဝါးတွေကိုမောင်းထုတ်ဖို့ ဩဇာရှိတဲ့ချာ့ခ်ျတစ်ခုက “ပရောဖက်” တစ်ဦးကို ငှားရတယ်။ ထုံးတမ်းစဉ်လာတွေအရ မန်းထားတဲ့ဆေးရည်တွေနဲ့ “သန့်ရှင်းသောရေ” ကို သောက်သုံးကြတယ်။ ဒါ့အပြင် လူတွေဟာ အိမ်အသစ် (သို့) အုတ်ဂူအသစ်ကို လာဘ်ကောင်းစေဖို့ နတ်ဝင်သည်တွေကို မေးမြန်းတိုင်ပင်ကြတယ်။

ကလေးငယ်များကိုခြိမ်းခြောက်မှု ပါပူဝါနယူးဂီနီနိုင်ငံမှာ မိခင်တစ်ဦးဟာ သူ့မွေးကင်းစကလေးငယ်နဲ့အတူ ညအချိန် အိမ်အပြင်မထွက်လိုဘူး။ ဘာကြောင့်လဲ။ မကောင်းဆိုးဝါးတွေက ကလေးငယ်ကို အန္တရာယ်ပြုမှာစိုးရိမ်တဲ့အတွက်ဖြစ်တယ်။ ယူဂန္ဓာနိုင်ငံမှာလည်း မိခင်တွေက ကလေးငယ်တွေကို အန္တရာယ်ကနေကာကွယ်ဖို့ ခြေချင်းဝတ်နဲ့ လက်ကောက်ဝတ်တွေမှာ ကြိုးတွေ၊ တစ်ခါတစ်လေ ပတီးတွေ၊ ခရုခွံလိုအရာတွေကို စည်းထားပေးလေ့ရှိတယ်။

ချစ်ရသူတစ်ဦးဆုံးရှုံးခြင်း ဗြိတိသျှစာရေးဆရာ ဆာ အာသာ ကိုနန် ဒိုလေဟာ သူ့သား၊ သူ့ညီ၊ ယောက်ဖနဲ့ တူလေးကို ပထမကမ္ဘာစစ်မှာ ဆုံးရှုံးလိုက်ရတယ်။ စိတ်ကယောက်ကယက်နဲ့ ကြံရာမရဖြစ်နေကြတဲ့ ဒိုလေနဲ့ သူ့ဇနီးက သေဆုံးသွားတဲ့သားဖြစ်သူနဲ့ စကားပြောခွင့်ရနိုင်မယ်ဆိုပြီး နတ်ပွဲတွေကို တက်ခဲ့ကြတယ်။ ယနေ့အချိန်မှာလည်း လူအတော်များများက သေဆုံးသွားတဲ့ကိုယ့်ချစ်ရသူတွေနဲ့ စကားပြောဖို့ နတ်ဝင်သည်တွေနဲ့ မေးမြန်းတိုင်ပင်ကြတယ်။ အချို့နိုင်ငံတွေမှာ မိရိုးဖလာဘာသာတရားတွေနဲ့ နာမည်ခံခရစ်ယာန်ချာ့ခ်ျတွေမှာ သေခြင်းဆိုတာ စိတ်ဆိုးနေတဲ့မကောင်းဆိုးဝါးတွေရဲ့ယုတ်မာတဲ့လုပ်ရပ်ဖြစ်တယ်လို့ သွန်သင်ပေးကြတယ်။ ရပ်ကွက်ထဲမှာ နောက်ထပ်လူတွေမသေရအောင် အကုန်အကျများတဲ့ဓလေ့ထုံးစံတွေကို မဖြစ်မနေလုပ်ဖို့ ကွယ်လွန်သူရဲ့မိသားစုဝင်တွေကို ချာ့ခ်ျကတောင်းဆိုလေ့ရှိတယ်။

သေလွန်သူကိုကြောက်ရွံ့ခြင်း သေခြင်း၊ သေလွန်သူတွေနဲ့ပတ်သက်တဲ့ယုံကြည်ချက်တွေက လူတွေအပေါ် များစွာသြဇာညောင်းနေတယ်။ ဒါ့ကြောင့် နိုင်ငံများစွာမှာ လူတွေက သေလွန်သူတွေကို စိတ်ကျေနပ်စေဖို့ (သို့) သူတို့ကိုချစ်ကြောင်း “သက်သေပြ” ဖို့ ကိုယ့်ကိုယ်ကိုယ်အနာတရဖြစ်အောင်လုပ်တာအပါအဝင် ဓလေ့ထုံးစံပေါင်းစုံကို ပြုလုပ်ကြတယ်။ ပစိဖိတ်ကျွန်းသားတချို့က မုဆိုးဖို (သို့) မုဆိုးမတွေကို အနက်ရောင်ဝတ်စုံဝတ်ပြီး လနဲ့ချီညည်းညူမြည်တမ်းဖို့ ဖိအားပေးကြတယ်၊ အိမ်တစ်အိမ်ထဲမှာ လှောင်ပိတ်ထားပြီး ကွယ်လွန်သူရဲ့အနှစ်သက်ဆုံးအစားအစာတွေကို ရှောင်ခိုင်းတယ်။ ဒီဓလေ့ထုံးစံတွေကို ပြုကျင့်သူတွေဟာ စိတ်ဓာတ်ကျလာနိုင် (သို့) ဆာလောင်လို့ ဖျားနာနိုင် (သို့) သေတောင်သေသွားနိုင်တယ်။

ရှင်းနေတာက လျှို့ဝှက်ဆန်းကြယ်တဲ့အတတ်တွေကို စမ်းကြည့်ဖို့ လူတွေကိုဆွဲဆောင်တဲ့အရာများစွာရှိတယ်။ ဒါကြောင့် လျှို့ဝှက်ဆန်းကြယ်တဲ့အတတ်ရဲ့ ရင်းမြစ်အမှန်ကိုသိဖို့ အရမ်းအရေးကြီးတယ်။ ဒါကြောင့် လျှို့ဝှက်ဆန်းကြယ်တဲ့အတတ်အကြောင်း အစအဆုံးရှင်းပြတဲ့ တစ်ခုတည်းသောစာအုပ် ကျမ်းစာကို ဆန်းစစ်ကြစို့။