မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သော့ချက် ၃—လှုပ်လှုပ်ရှားရှား နေပါ

သော့ချက် ၃—လှုပ်လှုပ်ရှားရှား နေပါ

“လေ့ကျင့်ခန်းသာ ဆေးတစ်လုံး ဖြစ်မယ်ဆိုရင် ဒီဆေးဟာ ကမ္ဘာမှာ အညွှန်းရဆုံးသောဆေး ဖြစ်ပါလိမ့်မယ်။” (Emory University School of Medicine) ကျန်းမာရေးကောင်းဖို့ လုပ်ဆောင်နိုင်တဲ့ အကောင်းဆုံးအရာတစ်ခုက လေ့ကျင့်ခန်းလုပ်ခြင်းပဲ ဖြစ်တယ်။

အားစိုက်ထုတ်ပါ။ တက်ကြွလှုပ်ရှားနေတဲ့ဘဝက ကျွန်တော်တို့ကို ပိုပျော်ရွှင်စေ၊ ကောင်းကောင်းစဉ်းစားနိုင်စေ၊ ခွန်အားပိုရှိစေပြီး ပိုတီထွင်ဖန်တီးနိုင်စေတယ်။ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ နာနာကျင်ကျင်နဲ့ ပြင်းပြင်းထန်ထန်လုပ်မှ အကျိုးရှိတာ မဟုတ်ပါ။ သင့်တင့်ပြီး အချိန်သတ်မှတ်ထားတဲ့ လေ့ကျင့်ခန်းကို တစ်ပတ်မှာ အကြိမ်များစွာလုပ်ခြင်းဖြင့် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းနိုင်တယ်။

ဖြေးဖြေးမှန်မှန် ပြေးခြင်း၊ ခပ်သွက်သွက် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းနဲ့ နှလုံးခုန်မြန်စေပြီး ချွေးထွက်စေတဲ့ အားကစားလုပ်ခြင်းက သင့်ခံနိုင်ရည်ကို တိုးတက်စေပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်တယ်။ အထက်ပါအေရိုးဗစ် လေ့ကျင့်ခန်းတွေကို သင့်တင့်တဲ့ အလေးမလေ့ကျင့်ခန်း၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေနဲ့ တွဲလုပ်ပေးခြင်းက သင့်အရိုး၊ ကြွက်သားတွေနဲ့ ခြေလက်တွေကို သန်မာစေတယ်။ ဒါ့အပြင် ခန္ဓာတွင်း အစာခြေချက်မှု၊ ကြီးထွားမှု၊ စွန့်ထုတ်မှုတို့ကို အားကောင်းစေပြီး ဒါက ကိုယ်အလေးချိန်ကို အလိုအလျောက် ထိန်းပေးတယ်။

လေ့ကျင့်ခန်းက ပျော်ရွှင်စရာဖြစ်နိုင်

လမ်းလျှောက်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းက ဘယ်အသက်အရွယ်အတွက်မဆို အကျိုးရှိတဲ့အပြင် လေ့ကျင့်ခန်းလုပ်ဖို့ အားကစားရုံမှာ အသင်းဝင်ဖြစ်စရာ မလိုပါ။ ဘတ်စကား၊ မော်တော်ဆိုင်ကယ် ဒါမှမဟုတ် ဓာတ်လှေကားစီးမယ့်အစား လမ်းလျှောက်လိုက်ရုံနဲ့ လေ့ကျင့်ခန်း စလုပ်နိုင်ပါတယ်။ လမ်းလျှောက်သွားရင် ပိုလို့တောင် မြန်မြန်ရောက်နိုင်တဲ့နေရာကို ဘာလို့ ကားစောင့်စီးရမှာလဲ။ မိဘတို့၊ ကလေးတွေကို ဖြစ်နိုင်သ၍ အိမ်ပြင်ဘက်ထွက်ပြီး လှုပ်လှုပ်ရှားရှား ကစားဖို့ အားပေးပါ။ ဒီလိုကစားတာက သူတို့လေးတွေရဲ့ ခန္ဓာကိုယ်ကို ကြံ့ခိုင်စေနိုင်ပြီး ကိုယ်ခန္ဓာတစ်ခုလုံး ဟန်ချက်ညီညီ လှုပ်ရှားဆောင်ရွက်မှုကို ကောင်းမွန်စေတယ်၊ ဒါကို ဗီဒီယိုဂိမ်းလို ထိုင်ပြီးကစားရတဲ့ နည်းတွေကနေ မရရှိနိုင်ပါ။

သင့်အသက်အရွယ် ဘယ်လောက်ပဲရှိပါစေ သင့်တင့်မျှတတဲ့ လေ့ကျင့်ခန်း လုပ်ခြင်းကနေ အကျိုးရနိုင်ပါတယ်။ အသက်ကြီးလို့ ဒါမှမဟုတ် ကျန်းမာရေးမကောင်းလို့ လေ့ကျင့်ခန်းမလုပ်ဖြစ်ဘူးဆိုရင် ဘယ်လိုစလုပ်ရမယ်ဆိုတာကို ဆရာဝန်နဲ့တိုင်ပင်တာက ပညာရှိရာရောက်တယ်။ ဘာပဲဖြစ်ဖြစ် စသာလုပ်လိုက်ပါ။ ဖြည်းဖြည်းချင်း စတင်ပြီး အလွန်အကျွံမဖြစ်တဲ့ လေ့ကျင့်ခန်းက အသက်ကြီးသူတွေရဲ့ ကြွက်သားနဲ့ အရိုးတွေကိုတောင် ဆက်သန်မာနေစေနိုင်တယ်။ ဒါက သူတို့တွေကို မလဲကျအောင်လည်း ကူညီပေးတယ်။

ဒီဆောင်းပါးတွဲရဲ့ ဦးဆုံးအပိုင်းမှာပြောခဲ့တဲ့ ရက်စ်တမ်ကို ကူညီပေးခဲ့တာ လေ့ကျင့်ခန်းလုပ်ခြင်းပါပဲ။ သူနဲ့ သူ့ဇနီးက လွန်ခဲ့တဲ့ခုနစ်နှစ်ကစပြီး တစ်ပတ်ကို ငါးရက် မနက်တိုင်း ခဏတဖြုတ် ဖြေးဖြေးမှန်မှန် ပြေးတယ်။ “ပထမတော့ဗျာ၊ မပြေးချင်တာနဲ့ အကြောင်းအမျိုးမျိုး ပြကြတာပေါ့။ ဒါပေမဲ့ အဖော်ရှိတာက ကျွန်တော်တို့နှစ်ယောက်လုံးအတွက် လှုံ့ဆော်မှုဖြစ်စေတယ်။ အခုတော့ ပြေးရတာ ပျော်စရာကောင်းတဲ့အလေ့အကျင့်တစ်ခုဖြစ်လာပြီ” လို့ သူပြန်ပြောပြတယ်။