“အဲဒီမနက်ကို ကျွန်တော် လုံးဝမေ့နိုင်မှာမဟုတ်ဘူး”
“အဲဒီမနက်ကို ကျွန်တော် လုံးဝမေ့နိုင်မှာမဟုတ်ဘူး”
တောင်အာဖရိကမှာမွေးဖွားပြီး နမီးဘီးယားနိုင်ငံမှာနေထိုင်တဲ့ အသားဖြူလူမျိုးတစ်ဦး အန်ဒရေက ဒီလိုပြောတယ်– “စာတိုက်ရုံးမှာကျွန်တော်ရှိနေတဲ့ အဲဒီတနင်္လာနေ့မနက်ကို လုံးဝမေ့နိုင်မှာမဟုတ်ဘူး။ အဲဒီနေရာမှာ လူတွေပြည့်ကျပ်နေတယ်။ အနီးအနားမှာ သံသယဖြစ်ဖွယ် ပိုင်ရှင်မဲ့အိတ်တစ်လုံးကို ကျွန်တော်တွေ့ခဲ့တယ်။ ကျွန်တော့်စာကိုယူပြီး ကားမောင်းထွက်ပြီးနောက် သုံးမိနစ်လောက်ပဲအကြာမှာ နားကွဲမတတ်ပေါက်ကွဲသံကြီးကို ကြားလိုက်ရတယ်။ ကျွန်တော်ရပ်ခဲ့တဲ့နေရာအနားမှာ ဗုံးပေါက်ကွဲခဲ့တယ်ဆိုတာကို နောက်မှသိလိုက်ရတယ်။”
အန်ဒရေ ဒီလိုရှင်းပြတယ်– “ကျွန်တော့်စာကို ယူဖို့အတွက်ပဲ သွားတာပါ၊ ဒါပေမဲ့ ကျွန်တော်သိတဲ့သူတွေအပါအဝင် အပြစ်မဲ့သူတွေ တစ်စစီဖြစ်ကုန်တာ တွေ့လိုက်ရတော့ တော်တော်လေး ထိတ်လန့်တုန်လှုပ်သွားတယ်။ အဖြစ်အပျက်က ၂၅ နှစ်တောင်ကြာခဲ့ပြီဖြစ်ပေမဲ့ တွေးမိရင် စိတ်ချောက်ချားနေတုန်းပဲ။ ဒဏ်ရာရ၊ သေဆုံးသူတွေကို ပြန်မြင်ယောင်မိတဲ့အခါတိုင်း ငါလည်းသေခါနီးနီးပဲလို့ စဉ်းစားမိတယ်။”
ကမ္ဘာချီ ပြဿနာ
ဒီလိုတိုက်ခိုက်မှုမျိုးကို သင်ကြုံဖူးချင်မှ ကြုံဖူးမယ်။ မကြုံဖူးရင်လည်း ကမ္ဘာတစ်ဝန်းလုံးမှာ အလားတူဖြစ်ရပ်တွေ ဖြစ်ပျက်နေကြောင်း သင် ကြားဖူးပါလိမ့်မယ်။ မိမိတို့ရဲ့ရည်ရွယ်ချက်အထမြောက်စေဖို့ အကြမ်းဖက်မှုကို သုံးတဲ့သူတွေ ပိုပိုများလာတယ်။—နောက်စာမျက်နှာပါ “အကြမ်းဖက်သမားတွေက ဘယ်သူတွေလဲ” လေးထောင့်ကွက်ကို ကြည့်ပါ။
၁၉၉၇ ခုနှစ်မှာ “အချိန်အတိုင်းအတာတစ်ခုအထိ အသေခံတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်တဲ့နေရာဆိုလို့ လေးနိုင်ငံလောက်ပဲရှိတယ်” လို့ သတင်းထောက်ဆောင်းပါးရှင်တစ်ဦးက ဖော်ပြခဲ့တယ်။ ဒါပေမဲ့ အဲဒီသုတေသီကပဲ ၂၀၀၈ မှာ ခုလိုရေးသားခဲ့တယ်– “ဩစတြေးလျနဲ့ အန္တာတိကတိုက်ကလွဲလို့ တိုက်အသီးသီးမှာရှိတဲ့
နိုင်ငံပေါင်းသုံးဆယ်ကျော်ဟာ အသေခံတိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို တွေ့ကြုံခံစားခဲ့ကြရတယ်။” ဒီလိုတိုက်ခိုက်မှုတွေကို “ကျူးလွန်တဲ့အဖွဲ့အစည်း ပိုပိုများလာပြီး နှစ်စဉ်နှစ်တိုင်း သေဆုံးသူနှုန်းလည်း ပိုများလာတယ်” လို့ သူကောက်ချက်ချခဲ့တယ်။—The Globalization of Martyrdom.အစမှာဖော်ပြခဲ့တဲ့တိုက်ခိုက်မှုကို သုံးသပ်ကြည့်ပါ။ ဗုံးထောင်တဲ့အဖွဲ့က သူတို့ကိုယ်သူတို့ လွတ်လပ်မှုအတွက်တိုက်ခိုက်သူတွေလို့ ယူဆကြတယ်။ သူတို့ဟာ လွတ်လပ်ရေးရဖို့ ကြိုးစားနေကြခြင်းဖြစ်တယ်။ ဒါပေမဲ့ ရည်ရွယ်ချက်တွေအောင်မြင်ဖို့အတွက် ဒီလိုအရာတွေလုပ်ဖို့ လူတွေကို ဘာကလှုံ့ဆော်တာလဲ။ ဟာဖာနီရဲ့ အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။
ဟာဖာနီဟာ ဇမ်ဘီယာနိုင်ငံမှာမွေးဖွားခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ ဒုက္ခသည်စခန်းမှာ ကြီးပြင်းလာခဲ့တယ်။ “ကျွန်တော့်မိသားစုနဲ့ တခြားသူတွေအပေါ် လူမဆန်စွာနဲ့ မမျှမတဆက်ဆံပုံတွေကြောင့် ကျွန်တော် အမျက်ခြောင်းခြောင်းထွက်မိတယ်” လို့သူပြောပြတယ်။ ဒါကြောင့် သူ့မိဘတွေပါဝင်တဲ့ လက်နက်ကိုင်အုပ်စုမှာ သူလည်းပါဝင်ခဲ့တယ်။
အဲဒီအချိန်တွေကို ပြန်တွေးရင်း ဟာဖာနီ ဒီလိုဆက်ပြောတယ်– “ဝမ်းနည်းစရာအကောင်းဆုံးကတော့ ဒုက္ခသည်စခန်းမှာကြုံခဲ့ရတဲ့ စိတ်ထိခိုက်နာကျင်မှုပဲ။ ကလေးတွေနဲ့ သူတို့အဖေ၊ အမေ၊ မွေးချင်းတွေကို အတင်းခွဲပစ်လိုက်ကြတယ်။ အရွယ်ရောက်ပြီးသူတွေက တိုက်ခိုက်ဖို့ထွက်သွားကြတယ်။ အများစုက ဘယ်တော့မှ ပြန်မလာကြတော့ဘူး။ ကျွန်တော်ဆိုရင် အဖေ့ကို တစ်ခါမှမမြင်ဖူးဘူး၊ ဓာတ်ပုံမှာတောင် မတွေ့ဖူးဘူး။ တိုက်ပွဲမှာ သေသွားတယ်ဆိုတာပဲ ကျွန်တော်သိခဲ့ရတယ်။ အဲဒီစိတ်ဒဏ်ရာက အခုထိရှိနေတုန်းပဲ။”
အကြမ်းဖက်မှုဖြစ်စေတဲ့ အကြောင်းရင်းတွေဟာ ရှုပ်ထွေးနေတယ်ဆိုတာ သိသာပါတယ်။ ဒီအကြောင်း ပိုနားလည်လာခြင်းက အကြမ်းဖက်မှုမရှိတဲ့ကမ္ဘာဖြစ်ဖို့ ဘာလိုအပ်သလဲဆိုတာ သင့်ကိုပိုနားလည်စေပါလိမ့်မယ်။
[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
အကြမ်းဖက်သမားတွေက ဘယ်သူတွေလဲ
သုတေသီ မာ့ခ် ဂျာဂင်မိုင်ရာက ခုလိုရှင်းပြတယ်– “‘အကြမ်းဖက်သမား’ ဆိုတဲ့အသုံးအနှုန်းကို လူတစ်ယောက် သုံးမယ်၊ မသုံးဘူးဆိုတာဟာ အဲဒီကြမ်းတမ်းတဲ့လုပ်ရပ်က တရားတယ်၊ မတရားဘူးဆိုတဲ့ သူ့အမြင်အပေါ် မူတည်တယ်။ ကျယ်ပြန့်တဲ့အတိုင်းအတာနဲ့ ပြောရမယ်ဆိုရင် လူတစ်ဦးရဲ့ ကမ္ဘာကြီးကိုရှုမြင်ပုံပေါ် မူတည်ပါတယ်– ကမ္ဘာကြီးဟာ ငြိမ်းချမ်းနေတယ်လို့ ယူဆမယ်ဆိုရင် အကြမ်းဖက်လုပ်ရပ်ဟာ အကြမ်းဖက်မှုဖြစ်လာတယ်။ ဒီကမ္ဘာကြီးက စစ်ဖြစ်နေတယ်လို့ယူမှတ်မယ်ဆိုရင်တော့ အကြမ်းဖက်လုပ်ရပ်တွေဟာ တရားဝင်တယ်လို့ ယူဆနိုင်တယ်။”
ဒါကြောင့် “အကြမ်းဖက်သမား” လို့သုံးနှုန်းတဲ့အခါ နိုင်ငံရေးပါဝင်ပတ်သက်လေ့ရှိတယ်။ အုပ်စုများစွာက သူတို့ကိုယ်သူတို့ အကြမ်းဖက်သမားတွေအနေနဲ့မဟုတ်ဘဲ လွတ်လပ်မှုအတွက် တိုက်ခိုက်သူတွေအဖြစ် ခံယူထားကြတယ်။ စာရေးဆရာတစ်ဦးအဆိုအရ အကြမ်းဖက်မှုမှာ (၁) အရပ်သားတွေကို ရည်ရွယ်တဲ့လုပ်ရပ်နဲ့ (၂) အထိတ်တလန့်ဖြစ်အောင်ရည်ရွယ်ပြီး ကြမ်းတမ်းရမ်းကားမှုတွေပါဝင်တယ်။ ဒါကြောင့် သောင်းကျန်းသူတွေပဲဖြစ်ပါစေ၊ တခြားဘယ်အုပ်စုပဲဖြစ်ပါစေ အကြမ်းဖက်နည်းဗျူဟာ (သို့) နည်းလမ်းတွေကို သုံးလေ့ရှိတယ်။