မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆင်းရဲခက်ခဲမှု အဆုံးတိုင်ဖို့ လိုအပ်နေ

ဆင်းရဲခက်ခဲမှု အဆုံးတိုင်ဖို့ လိုအပ်နေ

အနီးအနားက ပြောင်းဖူးခင်းထဲ နွားတွေ ဝင်သွားတဲ့အတွက် ဖခင် အသတ်ခံလိုက်ရတဲ့အချိန်က စပြီး ကီးအို ဒုက္ခတွေကြုံရတော့တယ်။ နောက်ပိုင်းမှာ သူ့အမေနဲ့ အစ်မနှစ်ယောက်ဟာ ကမ္ဘောဒီးယားနိုင်ငံက ခမာနီတွေရဲ့ သတ်ဖြတ်ခြင်း ခံခဲ့ရတယ်။ ဒါ့ပြင် ကီးအိုလည်း မြေမြှုပ်မိုင်း နင်းမိလို့ ဒဏ်ရာရသွားတယ်။ တောကြီးမျက်မည်းထဲမှာ သူ ၁၆ ရက်လောက် စောင့်ပြီးမှ အကူအညီရခဲ့တယ်။ နောက်ဆုံးမှာ သူ့ခြေထောက် ဖြတ်ပစ်လိုက်ရတယ်။ “ကျွန်တော် ဆက်အသက်မရှင်ချင်တော့ဘူး” လို့ ကီးအိုပြောတယ်။

ဆင်းရဲခက်ခဲမှုက ဘယ်သူ့ကိုမှ မခွဲခြားဘဲ အားလုံးကို ထိခိုက်နိုင်တယ်ဆိုတာ သင် သတိထားမိပါလိမ့်မယ်။ သဘာဝဘေးအန္တရာယ်တွေ၊ ဖျားနာမှုနဲ့ မသန်မစွမ်းဖြစ်မှု၊ အကြမ်းဖက် ရာဇဝတ်မှုနဲ့ တခြားဖြစ်ရပ်ဆိုးတွေက အချိန်မရွေး၊ နေရာမရွေး လူတိုင်းအပေါ် ကျရောက်လာနိုင်ပါတယ်။ လူသားချင်း စာနာထောက်ထားရေး အဖွဲ့အစည်းတွေက လူတွေ ကြုံတွေ့နေရတဲ့ ဆင်းရဲခက်ခဲမှုတွေကို တားဆီးဖို့၊ မတားဆီးနိုင်ရင်တောင် အနည်းဆုံးတော့ လျော့နည်းသက်သာစေဖို့ မမောနိုင်မပန်းနိုင် ကြိုးစားနေကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ အောင်မြင်ခဲ့ပါသလား။

ဥပမာအနေနဲ့ အငတ်ဘေးတိုက်ဖျက်ရေးကို သုံးသပ်ကြည့်ပါ။ တိုရွန်တိုစတား သတင်းစာအရ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပြီးပြီဆိုရင် လူများစွာဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်ပြီး အစားအစာလည်း ငတ်ပြတ်ကုန်ကြတယ်။ အဲဒီသတင်းစာက ဒီလိုဆက်ပြောတယ်– “အဖွဲ့အစည်းတွေက အငတ်ဘေး လျော့နည်းသွားအောင် ကြိုးစားနေကြပေမဲ့လည်း တိုးများလာတဲ့ အကြမ်းဖက်မှုတွေကြောင့် မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်နေတယ်။”

နိုင်ငံရေး၊ လူမှုရေးနဲ့ ဆေးဘက်ဆိုင်ရာ ဦးဆောင်ဦးရွက်ပြုသူတွေက ဆင်းရဲခက်ခဲမှုတွေကို လျော့နည်းသွားအောင် အတတ်နိုင်ဆုံး ကြိုးစားကြပေမဲ့လည်း ရလဒ်ကတော့ စိတ်ပျက်စရာတွေပဲ ဖြစ်ခဲ့တယ်။ စီးပွားရေးတိုးတက်အောင် အားပေးအားမြှောက်ပြုတဲ့ အစီအစဉ်တွေက ဆင်းရဲမွဲတေမှုကို မဖယ်ရှားပေးနိုင်ခဲ့ဘူး။ ကာကွယ်ဆေးတွေ၊ ဆေးဝါးတွေနဲ့ နောက်ဆုံးပေါ် ခွဲစိတ်နည်းစနစ်တွေက ဖျားနာမှုအားလုံးကို အမြစ်ပါမကျန် မဖယ်ရှားပေးနိုင်ဘူး။ ရဲအရာရှိတွေနဲ့ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ရာဇဝတ်မှုတွေ ဆက်လက်တည်ရှိနေတာ ဒါမှမဟုတ် တိုးများလာနေတာကို ဘာမှမလုပ်နိုင်ဘဲ ရပ်ကြည့်နေရတဲ့အဖြစ်မျိုး ရောက်နေတယ်။

ဆင်းရဲခက်ခဲမှုတွေ ဘာကြောင့် ဒီလောက်တောင် များနေရတာလဲ။ လူသားတွေ ကြုံတွေ့ခံစားနေရတာတွေကို ဘုရားသခင် အရေးမှစိုက်ရဲ့လား။ လူသန်းပေါင်းများစွာက အဲဒီမေးခွန်းတွေအတွက် ကျေနပ်လောက်တဲ့ အဖြေကို သမ္မာကျမ်းစာထဲမှာ တွေ့ခဲ့ကြတယ်၊ အဲဒီအကြောင်း နောက်ဆောင်းပါးတွေမှာ တွေ့ရပါလိမ့်မယ်။