မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နာမည်ကျော် တေးတစ်ပုဒ်ရဲ့ နောက်ကွယ်

နာမည်ကျော် တေးတစ်ပုဒ်ရဲ့ နောက်ကွယ်

နာမည်ကျော် တေးတစ်ပုဒ်ရဲ့ နောက်ကွယ်

အပြောင်းအလဲမြန်တဲ့ပရိသတ်အကြိုက်နဲ့ လက်သွက်တဲ့ပြိုင်ဘက်တွေကြောင့် တေးသီချင်းထုတ်လုပ်သူတွေဟာ မျက်စိဖွင့်နားစွင့်ထားရတယ်။ အကြိုက်တွေပြောင်းပြီး သီချင်းတွေဟောင်းသွားတော့ ပုံစံအသစ်နဲ့ နည်းပညာတွေက အစားထိုးလာခဲ့ပါပြီ။ အသံသွင်းကုမ္ပဏီတွေကလည်း “လူထုကြားမှာ ထိုးဖောက်နိုင်ဖွယ်ရှိတဲ့သီချင်းအသစ်တွေကို ရှာဖွေနေလေ့ရှိ” တယ်လို့ လူထု-မီဒီယာ ကျွမ်းကျင်သူ ကယ်လီ အက်စ်. ဘမ်းစ်က ပြောတယ်။ သီချင်းတစ်ပုဒ်ကို ပေါက်သွားအောင်လုပ်ဖို့က မလွယ်ကူလှဘူး။ “လူငယ်များစွာမှာ နာမည်ကြီးအဆိုတော်ဖြစ်ဖို့ဆိုတဲ့ အိပ်မက်ရှိကြတယ်၊ . . . ဒါပေမယ့် တေးသံသွင်းကုမ္ပဏီမှာ တေးသံသွင်းနိုင်ဖို့ဆိုတာ သိပ်မလွယ်လှဘူး” လို့ ထုတ်လုပ်ရေးလမ်းညွှန်စာအုပ်တစ်အုပ်က ဆိုတယ်။—စာမျက်နှာ ၆ က “ပြောင်းလဲလာတဲ့ တေးဂီတထုတ်လုပ်မှုများ” လေးထောင့်ကွက်ကိုကြည့်ပါ။

တေးသွားများကြား စာသားထည့်ခြင်း

တေးရေးဆရာများ (၁) က လူတွေရဲ့မျှော်လင့်ချက်တွေ၊ အိပ်မက်တွေနဲ့ အနက်ရှိုင်းဆုံးခံစားချက်တွေကို လှုပ်နိုးစေမယ့်စာသားတွေကိုရေးဖို့ ကြိုစားတယ်။ ရေးပန်းအစားဆုံးအကြောင်းအရာက ဘာဖြစ်မလဲ။ အချစ်အကြောင်းဖြစ်မယ်ဆိုတာ သင် ခန့်မှန်းမိပါလိမ့်မယ်။ နားထောင်သူတွေရဲ့ အာရုံကိုညှို့ယူပြီး စိတ်ထဲစွဲကျန်ရစ်စေမယ့် သံစဉ်ကိုဖန်တီးဖို့လည်း တေးရေးဆရာတွေ ကြိုးစားကြတယ်။

အဲဒီနောက် တေးရေးဆရာက သီချင်းတစ်ပုဒ်ကို နမူနာအသံသွင်းလေ့ရှိတယ်။ ဒီသီချင်းဟာ စျေးကွက်ဝင်လောက်တယ်လို့ တေးသံသွင်းကုမ္ပဏီကယူဆတယ်ဆိုရင် တေးရေးဆရာနဲ့ အသံသွင်းစာချုပ် (၂) ချုပ်ဆိုပါလိမ့်မယ်။ ဒါပေမဲ့ ကုမ္ပဏီက တေးရေးတေးသံရှင်ကို (သိပ်မကျော်ကြားလို့ဖြစ်ဖြစ်) မကြိုက်ခဲ့ရင် သူ့သီချင်းကိုပဲဝယ်ပြီး နာမည်ရ နောက်တေးသံရှင်တစ်ဦးကို သီဆိုခိုင်းပါလိမ့်မယ်။

စတူဒီယိုသို့

တေးသံသွင်းကုမ္ပဏီတွေက အသံသွင်းလုပ်ငန်းစဉ် (၃) ကိုကြီးကြပ်ပေးဖို့ အတွေ့အကြုံရှိ တေးထုတ်လုပ်သူတစ်ယောက်ကို ငှားလေ့ရှိတယ်။ သူက သီချင်းနဲ့ သီချင်းပုံစံကို အတည်ပြုပေးတယ်။ ဒါ့အပြင် အသံသွင်းစတူဒီယို၊ တေးဂီတ စီစဉ်ပေးသူတွေ၊ တေးကူးသူတွေ၊ တီးခတ်မယ့်သူတွေ၊ အကူဆိုပေးမယ့် တေးသံရှင်တွေနဲ့ အသံဖမ်း အင်ဂျင်နီယာတွေကို ငှားရမ်းကြီးကြပ်ပေးတဲ့အပြင် အရည်အသွေးမြင့်ပြီး ပရိသတ်နှစ်သက်မယ့်အသံမျိုးဖြစ်ဖို့ လိုအပ်တဲ့ပစ္စည်းကိရိယာတွေကိုလည်း စီစဉ်ပေးတယ်။

အသံသွင်းမှုအများစုက တစ်ဆင့်ပြီးတစ်ဆင့် ပြုလုပ်လေ့ရှိတယ်။ ဒရမ်၊ ဂစ်တာ၊ ဘေ့စ်နဲ့ ကီးဘုတ်သံတွေကို အရင်သွင်းပြီးတဲ့နောက် အဓိကသီဆိုသံ၊ ဟာမိုနီသံ၊ တူရိယာသံတွေ သွင်းတယ်။ ပြီးနောက် အသံ အထူးပြုလုပ်ချက်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ မူရင်းခွေ (၄) ရရှိလာပါတယ်။

စျေးကွက်

ထုတ်လုပ်လိုက်တဲ့တေးသီချင်းကို အရောင်းမြှင့်တင်ဖို့ အသံသွင်းကုမ္ပဏီတွေက တေးဂီတဗီဒီယို (၅) ကို ထုတ်လုပ်လေ့ရှိတယ်။ သုံးမိနစ်ကနေ ငါးမိနစ်သာကြာတဲ့ ဒီဗီဒီယိုက တေးသံရှင်တွေကို တွေ့မြင်ခွင့်ရစေတယ်။ ဒီတေးဂီတဗီဒီယိုတွေကနေလည်း ဝင်ငွေများစွာ ရရှိတတ်ကြတယ်။

တေးဂီတဖျော်ဖြေပွဲတွေ (၆) လုပ်တဲ့ဒေသမှာ အဲဒီတေးသီချင်းက ပိုရောင်းအားကောင်းလေ့ရှိတယ်။ ဒါကြောင့် နယ်တကာလှည့်ပြီး တေးဂီတဖျော်ဖြေပွဲတွေလုပ်ခြင်းအားဖြင့် အရောင်းမြှင့်တင်လေ့ရှိကြတယ်။ တေးသံရှင်အများစုက ကိုယ်ပိုင် ဝက်ဘ်ဆိုက် (၇) ဖန်တီးလေ့ရှိပြီး အဲဒီမှာ သီချင်းနမူနာ၊ ဓာတ်ပုံ၊ ဗီဒီယို၊ ကိုယ်ပိုင်ဘလော့ဂ်၊ လာမယ့်ဂီတဖျော်ဖြေပွဲသတင်းတွေ ဖော်ပြထားတယ်၊ အားပေးသူပရိသတ်အချင်းချင်းကို ချိတ်ဆက်ပေးထားတဲ့အပြင် အရေးကြီးဆုံးအနေနဲ့ တေးဂီတအွန်လိုင်းစတိုးနဲ့ ချိတ်ဆက်ပေးထားတယ်။

တေးတစ်ပုဒ် နာမည်ကြီးလာမယ်၊ မကြီးလာဘူးဆိုတာကို ဘယ်သူဆုံးဖြတ်ပေးသလဲ။ အဓိကကတော့ နားထောင်သူ သင် သာလျှင်ဖြစ်တယ်။ ဘာကိုကြည့်ပြီး သင် တေးသီချင်းရွေးချယ်သလဲ။ တေးသံအရပဲလား၊ တေးသံရှင်အရလား ဒါမှမဟုတ် ဒီသီချင်းရဲ့ တန်ဖိုးထားအလေးပေးတဲ့ အကြောင်းအရာတွေအရလား။ ဒါတွေက အရေးကြီးတဲ့မေးခွန်းတွေဖြစ်တယ်၊ အကြောင်းက တေးသီချင်းတွေဟာ ကျွန်တော်တို့ရဲ့ အတွင်းအကျဆုံးခံစားချက်အထိ ဩဇာလွှမ်းမိုးနိုင်တဲ့အတွက်ဖြစ်တယ်။ ဒီအချက်က ကျွန်တော်တို့ရဲ့ ဖန်ဆင်းရှင်ဆီကနေလာတဲ့ အရေးကြီးအကြံပြုချက်တစ်ခုကို သတိရစေတယ်– “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့် သင်၏နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့။”—သု. ၄:၂၃

တေးဂီတနဲ့ပတ်သက်လို့ ဒီအကြံပြုချက်ကို ဘယ်လိုလိုက်လျှောက်နိုင်မလဲ။ သင်ဟာ မိဘတစ်ဦးဖြစ်မယ်ဆိုရင် သင့်ကလေးတွေ ဘုရားသခင်ကို ကောင်းကောင်းသိကျွမ်းအောင်၊ သူတို့ရဲ့ စိတ်ဓာတ်နဲ့ ခံစားမှုပိုင်းတွေမှာ ဘေးမဖြစ်အောင် ဘယ်လိုကာကွယ်ပေးနိုင်မလဲ။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

ပြောင်းလဲလာတဲ့ တေးဂီတထုတ်လုပ်မှုများ

အင်တာနက်အပြင် စျေးချိုတဲ့အသံသွင်း ကွန်ပျူတာပစ္စည်းတွေနဲ့ ဆော့ဖ်ဝဲတွေက တေးဂီတထုတ်လုပ်မှုကို ပြောင်းလဲလာစေပါတယ်။ ဒီနေ့ခေတ်မှာ တီးခတ်သူအများစုက အရည်အသွေးမီတေးသံတွေကို အိမ်မှာပဲတီးခတ်ကာ တစ်ကမ္ဘာလုံးကို ဖြန့်ချိနိုင်ပါပြီ။ “နာမည်ကြီး တေးသံရှင်အချို့တောင် တေးသံသွင်း ကုမ္ပဏီတွေနဲ့ မဆက်သွယ်တော့ဘဲ အသံသွင်းဖြန့်ဝေခဲ့ကြတယ်” လို့ မဂ္ဂဇင်းတစ်စောင် (The Economist) က ၂၀၀၉ မှာ ပြောကြားခဲ့တယ်။