လက်ဆောင်မွန် တေးဂီတ
လက်ဆောင်မွန် တေးဂီတ
တေးဂီတမရှိတဲ့ဘဝအသက်တာကို စဉ်းစားကြည့်နိုင်သလား။ ကလေးချော့သိပ်တေး ရှိမှာမဟုတ်သလို အချစ်တေးသီချင်းလည်း ရှိမှာမဟုတ်ဘူး။ ခေတ်ပေါ်သီချင်းတွေရှိမှာမဟုတ်သလို သံစုံတီးဝိုင်းလည်း ရှိမှာမဟုတ်ဘူး။ စိတ်ကိုလှုံ့ဆော်ပေးနိုင်တဲ့တေးသွားတွေလည်း ရှိမှာမဟုတ်ဘူး။ အဲဒီလိုတေးဂီတမရှိတဲ့ဘဝအသက်တာဟာ ပျင်းဖို့ကောင်းလိမ့်မယ်လို့ လူအတော်များများခံစားကြတယ်။
မှန်ပါတယ်၊ တေးဂီတက ကျွန်တော်တို့ကို စိတ်လှုပ်ရှားမှု အမျိုးမျိုးပေးနိုင်တယ်။ ကျွန်တော်တို့ကို စိတ်လက်ပေါ့ပါးစေနိုင်သလို စိတ်တက်ကြွစေနိုင်တယ်၊ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်သလို စိတ်ကိုလှုံ့ဆော် ပေးနိုင်တယ်။ ကျွန်တော်တို့ကို ပျော်ရွှင်စေနိုင်သလို မျက်ရည်ကျအောင်လည်း လုပ်နိုင်တယ်။ ခံစားချက်အပေါ် လွှမ်းမိုးနိုင်တဲ့အတွက် တေးဂီတမှာ တန်ခိုးအာနိသင်ရှိတယ်။ တေးဂီတက ကျွန်တော်တို့ရဲ့စိတ်ကို ဘာကြောင့် ဒီလောက်ထိ လှုံ့ဆော်နိုင်တာလဲ။ အဖြေကတော့ ရိုးရှင်းပါတယ်၊ တေးဂီတဟာ ဘုရားသခင်ပေးတဲ့ လက်ဆောင်မွန်ဖြစ်လို့ပဲ။ (ယာကုပ် ၁:၁၇) ဒါကြောင့် လူငယ်၊ လူကြီးအားလုံးဟာ အကျိုးပြုတဲ့တေးဂီတကို ခံစားနားဆင်ထိုက်ပါတယ်၊ တေးဂီတကို တန်ဖိုးထားသင့်ပါတယ်။
တေးဂီတရဲ့သမိုင်းကြောင်းက အလွန်ရှည်လျားတယ်။ ဥပမာ၊ ကျွန်တော်တို့ခေတ်မတိုင်မီ ရာစုနှစ်များစွာကတည်းက အာဖရိကလူမျိုးတွေဟာ ဗုံ၊ ချိုနဲ့ ခေါင်းလောင်းတွေကို တီးမှုတ်ခဲ့ကြတယ်လို့ ရှေးဟောင်းသုတေသနတွေ့ရှိချက်က ဖော်ပြတယ်။ ရှေးတရုတ်လူမျိုးတွေလည်း ဘာဂျာနဲ့ လေမှုတ်ကိရိယာတွေကို တီးမှုတ်ခဲ့ကြတယ်။ အီဂျစ်၊ အိန္ဒိယ၊ အစ္စရေးနဲ့ မက်ဆိုပိုတေးမီးယားလူမျိုးတွေဟာ စောင်းကို တီးခတ်ခဲ့ကြတယ်။ တေးဂီတသမိုင်းတွေထဲမှာ အများဆုံးရည်ညွှန်းတတ်တဲ့အကိုးအကားတစ်ခုက ကမ္ဘာဦးကျမ်း ၄:၂၁ ဖြစ်နိုင်တယ်။ အဲဒီကျမ်းချက်မှာ ယုဗလအမည်ရှိတဲ့အမျိုးသားတစ်ဦးဟာ “စောင်းမျိုး၊ နှဲခရာမျိုးတို့ကို တီးမှုတ်တတ်သောသူအပေါင်းတို့၏ အဘဆရာဖြစ်လေသတည်း” လို့ကျွန်တော်တို့ဖတ်ရတယ်။ ရာစုနှစ်များစွာကြာပြီးနောက်မှာ အစ္စရေးဘုရင်ရှောလမုန်ဟာ တေးဂီတကို အလွန်စိတ်ဝင်စားခဲ့ပြီး သူ့မှာ ရရှိနိုင်တဲ့အကောင်းဆုံးသစ်သားနဲ့လုပ်ထားတဲ့ စောင်းတွေနဲ့ တခြားကြိုးတပ်ကိရိယာတွေရှိတယ်။—၃ ရာ. ၁၀:၁၁၊ ၁၂။
အဲဒီခေတ်မှာ တေးဂီတကိုခံစားနိုင်ဖို့ဆိုရင် သင်ကိုယ်တိုင် တီးခတ်တတ်ရမယ်၊ ဒါမှမဟုတ် တီးခတ်တတ်သူတစ်ဦးက တီးခတ်ပြဖို့လိုလိမ့်မယ်။ အခုအခါမှာတော့ လူသန်းပေါင်းများစွာက ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့၊ ကွန်ပျူတာမောက်စ်ကို နှိပ်လိုက်ရုံနဲ့ တေးဂီတကို ခံစားနားဆင်နိုင်ပါပြီ။ အမှန်ဆိုရင် တေးဂီတပုံစံအမျိုးမျိုးကို သွင်းထားနိုင် (သို့) ကူးယူနိုင်သလို အိတ်ကပ်ထဲထည့်နိုင်လောက်တဲ့ ကိရိယာလေးနဲ့လည်း ဖွင့်နားထောင်နိုင်တယ်။ ၂၀၀၉ မှာ အနောက်နိုင်ငံတစ်နိုင်ငံမှာ လေ့လာမှုတစ်ခုလုပ်ကြည့်တဲ့အခါ အသက် ၈ နှစ်ကနေ ၁၈ နှစ်ကြားရှိတဲ့သူတွေက တေးဂီတနဲ့ တခြားအသံသွင်းထားရာတွေကို တစ်နေ့မှာ နှစ်နာရီကျော် နားထောင်ကြတယ်လို့ သိရတယ်။
ဒီအချက်ဟာ အဆန်းမဟုတ်ပေမဲ့ တေးဂီတနဲ့ ဆက်စပ်နေတဲ့နည်းပညာတွေဟာ ဘာကြောင့် အဓိကစီးပွားဖြစ်ပစ္စည်းတွေဖြစ်တာလဲဆိုတာကို နားလည်စေတယ်။ တကယ်ဆိုရင် တေးဂီတဟာ ဧရာမစီးပွားရေးလုပ်ငန်းဖြစ်နေပါပြီ။ ဒါပေမဲ့ လူကြိုက်များတဲ့ သီချင်းတစ်ပုဒ်ကို ဘယ်လိုထုတ်လုပ်သလဲဆိုတာ စဉ်းစားဖူးပါသလား။
[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
အွန်လိုင်းပေါ်က တေးဂီတ
ကူးယူခြင်း– ကူးယူသူတွေက သူတို့ကူးယူတဲ့ အရာအတွက် ငွေပေးရလေ့ရှိတယ်၊ ကူးယူပြီးပြီ ဆိုရင် သူတို့ပိုင်ဆိုင်သွားပြီ။ တခြားသူတွေကျတော့ နှစ်စဉ်ကြေးပေးပြီး တေးသီချင်းတွေကို ကူးယူနားထောင်ကြတယ်၊ ဒါပေမဲ့ သတ်မှတ်ထားတဲ့ကာလအတွင်းမှာသာ ကူးယူနိုင်တယ်၊ ဒီလိုဝန်ဆောင်မှုမျိုးကို ဆယ်လ်ဖုန်း (သို့) တခြားဝယ်ယူမှုတွေကနေလည်း ရရှိတတ်ကြတယ်။
တိုက်ရိုက်ဖွင့်နားထောင်ခြင်း– တေးဂီတကို အီလက်ထရွန်နစ်စနစ်နဲ့ ကူးယူသိမ်းထားတာမျိုးမဟုတ်ဘဲ တိုက်ရိုက်ဖွင့်နားထောင်နိုင်တယ်။ အများအားဖြင့် အခမဲ့ဖြစ်ပေမဲ့ အထူးဝန်ဆောင်မှုတချို့ကိုတော့ နှစ်စဉ်ကြေးပေးပြီး ရယူနိုင်တယ်။
[စာမျက်နှာ ၃ ပါ ဇယား/ရုပ်ပုံများ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
မှတ်သားဖွယ်ရာများ
၁၈၈၀ ပြည့်လွန်နှစ်များ
ဓာတ်ပြားစက်
၁၈၉၀ ပြည့်လွန်နှစ်များ
သံမဏိဝါယာ
၁၉၄၀ ပြည့်လွန်နှစ်များ
ရစ်လုံးကြိုးခွေ
၁၉၆၀ ပြည့်လွန်နှစ်များ
ကက်ဆက်ခွေ
၁၉၈၀ ပြည့်လွန်နှစ်များ
လေဆာဓာတ်ပြား (စီဒီ)
၁၉၉၀ ပြည့်လွန်နှစ်များ
ဒီဂျစ်တယ်လ်အသံဖမ်းစက်ကိရိယာ (MP3, AAC, WAV စသည်ဖြင့်)