မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“စကြဝဠာထဲမှာ သင်ယူနိုင်စွမ်းအကောင်းဆုံး စက်ပစ္စည်း”

“စကြဝဠာထဲမှာ သင်ယူနိုင်စွမ်းအကောင်းဆုံး စက်ပစ္စည်း”

“စကြဝဠာထဲမှာ သင်ယူနိုင်စွမ်းအကောင်းဆုံး စက်ပစ္စည်း”

ကလေးတစ်ယောက်ရဲ့ဦးနှောက်ကို “စကြဝဠာထဲမှာ သင်ယူနိုင်စွမ်းအကောင်းဆုံးစက်ပစ္စည်း” ဆိုပြီးခေါ်ဆိုကြတယ်၊ အဲဒီလိုခေါ်ရတဲ့အကြောင်းရင်းတွေလည်း ရှိပါတယ်။ ကလေးတစ်ဦးဟာ မွေးဖွားလာချိန်မှာ သူ မြင်ရ၊ ကြားရ၊ ထိတွေ့ခံစားလို့ရသမျှကို မှတ်သားဖို့အသင့်ဖြစ်နေတယ်။ *

နို့စို့ကလေးတစ်ဦးဟာ လူတွေရဲ့မျက်နှာ၊ အသံနဲ့ အထိအတွေ့တို့ကို အရမ်းစိတ်ဝင်စားနေတယ်။ ပဲန်းနီလော့ပ် လက်ခ်ျ ရေးတဲ့ စာအုပ်တစ်အုပ် (Babyhood) ကဒီလိုဖော်ပြတယ်– “နို့စို့ကလေး စိတ်အဝင်စားဆုံးမြင်ကွင်း၊ သူ့အာရုံကိုဆွဲဆောင်ထားနိုင်တဲ့ အသံနဲ့ သူအလိုချင်ဆုံးအထိအတွေ့က ဘာလဲဆိုတာကို အကြိမ်ကြိမ် လေ့လာဆန်းစစ်ခဲ့တယ်။ အဲဒီအရာတွေအားလုံးဟာ သူ့ကိုပြုစုစောင့်ရှောက်သူဆီမှာပဲ ရှိနေတတ်တယ်။” ဒါကြောင့် မိဘတွေဟာ ကလေးငယ်ရဲ့ကြီးထွားဖွံ့ဖြိုးမှုမှာ ဘယ်လောက်အရေးပါလိုက်သလဲ။

“ငါသည် နို့စို့ကလေးလို ပြောဆိုတတ်၏”

ကြားလိုက်တာနဲ့ပဲ သင်ယူနိုင်တဲ့ မွေးကင်းစကလေးငယ်တစ်ဦးရဲ့ ဘာသာစကားသင်ယူနိုင်စွမ်းကို မိဘတွေနဲ့ ဆရာဝန်တွေ အံ့အားသင့်ကြတယ်။ ရက်အနည်းငယ်အတွင်းမှာပဲ မိခင်ရဲ့အသံကို နားယဉ်သွားပြီး သူစိမ်းတစ်ဦးရဲ့အသံထက် မိခင်အသံကို ပိုနှစ်သက်ကြတယ်၊ အပတ်အနည်းငယ်အတွင်းမှာပဲ မိဘပြောတဲ့ဘာသာစကားနဲ့ တခြားဘာသာစကားကြားက ကွာခြားချက်ကို သူသိနိုင်တယ်၊ လအနည်းငယ်အတွင်းမှာပဲ စကားလုံးတွေကြားက အဖြတ်အတောက်၊ အရပ်အတန့်လေးတွေကို သူသိရှိနိုင်တယ်၊ ဒါကြောင့် ပုံမှန်စကားသံနဲ့ ပုံမှန်မဟုတ်တဲ့စကားသံကို ပိုင်းခြားသိမြင်နိုင်တယ်ဆိုတာ သုတေသီတွေ တွေ့ရှိကြတယ်။

ခရစ်ယာန်တမန်တော်ပေါလု ဒီလိုရေးတယ်– “ငါသည် နို့စို့အရွယ်မှာ နို့စို့ကလေးလို ပြောဆိုတတ်၏။” (၁ ကောရိန္သု ၁၃:၁၁Modern King James Version) နို့စို့ကလေးတစ်ဦးက ဘယ်လိုစကားပြောသလဲ။ သာမန်အားဖြင့်တော့ ဗလုံးဗထွေးသာပြောတတ်ကြတယ်။ အဲဒီအသံတွေက ဘာမှအဓိပ္ပာယ်မရှိတဲ့အသံတွေပဲလား။ လုံးဝမဟုတ်ဘူး။ ဒေါက်တာ လက်ဇ် အီးလီးယက် ရေးတဲ့စာအုပ်တစ်အုပ် (What’s Going On in There—How the Brain and Mind Develop in the First Five Years of Life) က စကားပြောတဲ့နည်းပညာဟာ တကယ်တော့ “ခက်ခဲနက်နဲတယ်၊ နှုတ်ခမ်း၊ လျှာ၊ အာခေါင်နဲ့ လည်မျိုတို့ကိုထိန်းချုပ်တဲ့ ဒါဇင်ပေါင်းများစွာရှိတဲ့ကြွက်သားတွေ လျင်မြန်စွာ၊ ကျွမ်းကျင်ပိုင်နိုင်စွာ ပူးပေါင်းလုပ်ဆောင်ရတယ်” ဆိုတာ ကျွန်တော်တို့ကို သတိရစေတယ်။ သူဒီလိုထပ်ပြောတယ်– “သူတို့တွေ ဗလုံးဗထွေးနဲ့ပြောနေတာက သူတို့ကိုဂရုစိုက်စေချင်လို့လုပ်တာလို့သာ ထင်ရပေမဲ့ စကားပြောဆိုဖို့လိုအပ်တဲ့ ကြွက်သားပူးပေါင်းလုပ်ဆောင်မှုကို လေ့ကျင့်နေခြင်းလည်း ဖြစ်တဲ့အတွက် အရမ်းအရေးပါတယ်။”

မိဘတွေကလည်း နို့စို့ကလေးပြောတဲ့အတိုင်း ဗလုံးဗထွေးနဲ့ ပြန်ပြောတတ်တယ်၊ ဒီလိုပုံစံနဲ့ပြန်ပြောတာကလည်း အရာတစ်ခုကိုဖြစ်မြောက်စေတယ်။ နို့စို့ကလေးဟာ မိဘတွေရဲ့ ဗလုံးဗထွေးစကားသံကြားတဲ့အခါ ပြန်တုံ့ပြန်တယ်။ အဲဒီလိုအပြန်အလှန်ပြောတာက လူတစ်ဦးနဲ့စကားပြောခြင်းမှာ ဘာပါဝင်သလဲဆိုတာ နို့စို့ကလေးကို သိရှိစေတယ်၊ ဒီစွမ်းရည်ကို ဘဝတစ်လျှောက်လုံးမှာ သူ အသုံးပြုသွားပါလိမ့်မယ်။

နေရာပြောင်းသွား

မိဘတွေဟာ သူတို့ရဲ့နို့စို့ကလေးအလုပ်တွေနဲ့ပဲ အလုပ်ရှုပ်နေတတ်တယ်။ ကလေးငိုတိုင်း တစ်ယောက်ယောက်က သူ့ကို အစားအသောက်လာကျွေးရတယ်၊ တစ်ယောက်ယောက်က အနှီးကို လာလဲပေးရတယ် ဒါမှမဟုတ်ရင်လည်း တစ်ယောက်ယောက်က လာချီပေးရတယ်။ ဒီလိုဂရုစိုက်တာက သင့်တော်ပြီး လိုအပ်ပါတယ်။ ဒီလိုလုပ်တာက မိဘတွေအနေနဲ့ ပြုစုစောင့်ရှောက်သူဆိုတဲ့ သူတို့ရဲ့အခန်းကဏ္ဍကို ကျွေပွန်အောင်လုပ်ဆောင်နေခြင်းဖြစ်တယ်။—၁ သက်သာလောနိတ် ၂:၇

အထက်ပါအချက်တွေကြောင့် ကလေးငယ်တစ်ဦးဟာ သူသာလျှင် တစ်လောကလုံးမှာ အရေးအကြီးဆုံးပုဂ္ဂိုလ်၊ လူကြီးတွေ အထူးသဖြင့် မိဘတွေဟာ သူပြောတဲ့အတိုင်းလုပ်ဖို့သာ ရှိနေတာလို့ ထင်နေမယ်ဆိုရင် ဒါက သဘာဝပါပဲ။ အဲဒီလိုထင်နေတာက မမှန်ကန်ပေမယ့်လည်း နားလည်ပေးနိုင်ပါတယ်။ တစ်နှစ်ကျော်ကြာတဲ့အထိ ကလေးငယ်တစ်ဦးအတွက် ဒါဟာ အဖြစ်မှန်ပဲ ဆိုတာကို သတိရပါ။ နို့စို့ကလေးရဲ့အမြင်မှာတော့ သူဟာ လူကြီးတွေနဲ့ဝိုင်းရံခံထားရတဲ့၊ အင်ပါယာတစ်ခုရဲ့ ဧကရာဇ်မင်းပေါ့။ မိသားစုရေးရာ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဂျော်န်ရိုဇ်မန် ဒီလိုရေးခဲ့တယ်– “မှန်ကန်မှုမရှိတဲ့အဲဒီအတွေးကို ကလေးငယ် ယုံကြည်လာအောင်လုပ်ဖို့ နှစ်နှစ်လောက်ပဲကြာတယ်၊ ဒါပေမဲ့ ဒီအမှားကို ပြန်ပြင်ဖို့ကျတော့ အနည်းဆုံး ဆယ့်ခြောက်နှစ်ထက်မက ကြာတယ်။ ဖြစ်ချင်တော့၊ အဲဒီအတွေးကို မှန်တယ်လို့ထင်အောင်လုပ်မယ်၊ ပြီးရင် အဲဒါက မှားတယ်လို့ ကောင်းကောင်းမွန်မွန်ပြန်သင်ပေးခြင်းက မိဘတစ်ဦးရဲ့အလုပ်ဖြစ်နေတယ်။”

ကလေးနှစ်နှစ်အရွယ်လောက်မှာ မိဘတစ်ဦးဟာ ပြုစုစောင့်ရှောက်သူနေရာကနေ သွန်သင်ပဲ့ပြင်သူနေရာပြောင်းသွားတာနဲ့အမျှ ကလေးကလည်း သူထင်ခဲ့တာ မှားနေတယ်ဆိုတာ စပြီးသိလာတယ်။ အခုတော့ မိဘတွေဟာ သူ့ဦးဆောင်မှုအောက်မှာရှိနေတာမဟုတ်ဘူး၊ သူတို့ရဲ့ဦးဆောင်မှုအောက်မှာမှ သူရှိနေတယ်ဆိုတာ ကလေးငယ် သိလာတယ်။ ကလေးငယ်က သူ့ရဲ့ ဧကရာဇ်မင်းရာထူးကို လွှဲပေးလိုက်ရပြီ၊ ဒီအပြောင်းအလဲကို သူ သိပ်မကြိုက်ဘူး။ မချင့်မရဲဖြစ်လာပြီး မိဘတွေကို သူ့ထိန်းချုပ်မှုအောက် ပြန်ရောက်လာအောင် ကြိုးစားတတ်တယ်။ ဘယ်လိုနည်းနဲ့လဲ။

ဝုန်းဒိုင်းကြဲခြင်းကို ဖြေရှင်းခြင်း

နှစ်နှစ်အရွယ်ရောက်လာတဲ့ကလေးငယ်များစွာဟာ ဒေါသကြီး၊ ဝုန်းဒိုင်းကြဲပြီး အမူအကျင့်ပိုင်းမှာ တော်တော့်ကိုပြောင်းလဲလာတယ်။ အဲဒီအချိန်ကာလဟာ မိဘတွေအတွက် အရမ်းစိတ်ပျက်ဖို့ကောင်းတဲ့အချိန်ဖြစ်ပြီး “အတော့်ကိုစိတ်ညစ်ဖို့ကောင်းတဲ့ နှစ်နှစ်အရွယ်” လို့ ပြောတတ်ကြတယ်။ ရုတ်တရက်ဆိုသလို လမ်းလျှောက်တတ်ခါစကလေးငယ်ရဲ့ လက်စွဲစကားက “မဟုတ်ဘူး၊” “မလိုချင်ဘူး” ဆိုတာတွေဖြစ်လာတယ်။ ယောက်ယက်ခတ်နေတဲ့သူ့စိတ်နဲ့ ပြိုင်ဆိုင်တိုက်ခိုက်နေရလို့ သူ့ကိုယ်သူရော၊ သူ့မိဘတွေကိုပါ အလိုမကျဖြစ်လာတတ်တယ်။ မိဘတွေကို သူနဲ့ဝေးရာသွားခိုင်းပြီး တစ်ချိန်တည်းမှာ မိဘတွေရဲ့အနီးမှာနေချင်ပြန်ရော။ ဒီအတွက် မိဘတွေ အရမ်းစိတ်ရှုပ်ရပြီး သူတို့ရဲ့ကလေးလုပ်တာတွေက အဓိပ္ပာယ်မရှိဘူး၊ ဒီထက်ဆိုးတာက ဘာပဲလုပ်ပေးလုပ်ပေး အဆင်မပြေပါလားဆိုပြီး ခံစားကြရတယ်။ ဘာတွေဖြစ်နေတာလဲ။

လမ်းလျှောက်တတ်ခါစကလေးငယ်အတွက် ကြီးမားတဲ့အပြောင်းအလဲတစ်ခု ဖြစ်သွားခဲ့တယ်ဆိုတာ သတိရပါ။ မကြာသေးခင်အချိန်အထိ သူတရှုပ်ရှုပ်နဲ့ ငိုလိုက်၊ အီလိုက်ရုံနဲ့ လူကြီးတွေက သူ့ဆီပြေးလာတယ်။ အခုတော့ သူ့ရဲ့ “ဧကရာဇ်မင်း” ရာထူးက ယာယီပဲ၊ အနည်းဆုံးတော့ တချို့အရာတွေကို ကိုယ့်ဘာသာလုပ်ရတော့မယ်ဆိုတာ သူသဘောပေါက်လာပြီ။ သူဟာ မိဘတွေရဲ့လက်အောက်မှာရှိတဲ့သူဆိုတာ ပိုပိုပြီးနားလည်လာတယ်၊ “သားသမီးဖြစ်သူတို့၊ အရာရာ၌ မိဘတို့ကို နာခံကြလော့” ဆိုတဲ့ ကျမ်းစာဖော်ပြချက်အတိုင်းပဲပေါ့။—ကောလောသဲ ၃:၂၀

အဲဒီခက်ခဲတဲ့အချိန်အတွင်း မိဘတွေဟာ ထိန်းကျောင်းတဲ့အခွင့်အာဏာကို လက်မလွှတ်သင့်ဘူး။ ခိုင်မာမယ်၊ တစ်ချိန်တည်းမှာ မေတ္တာပါတဲ့နည်းနဲ့ လုပ်ဆောင်မယ်ဆိုရင် ကလေးက သူ့နေရာအသစ်နဲ့ တဖြည်းဖြည်းနေသားကျသွားပါလိမ့်မယ်။ ဒီအပြင် ကလေးအတွက်လည်း သူသင်ယူသိရှိလာရာတွေက အံ့သြဖွယ်ကြီးထွားမှုဖြစ်စဉ်အတွက် အသင့်ဖြစ်နေစေပါလိမ့်မယ်။

လူ့ကျင့်ဝတ်

တိရစ္ဆာန်တွေ၊ စက်တွေတောင်မှ စကားသံကို သိမှတ်တတ်ပြီး လိုက်တုပြောနိုင်ကြတယ်။ ဒါပေမဲ့ လူသားတွေပဲ ကိုယ်လုပ်ခဲ့တာတွေကို ပြန်တွေးပြီး ဆန်းစစ်ဆင်ခြင်နိုင်တယ်။ မှန်ပါတယ်၊ ကလေးတစ်ဦးဟာ ဂုဏ်ယူတယ်၊ ရှက်တယ်၊ အပြစ်ရှိတယ်၊ ကသိကအောက်ဖြစ်တယ်ဆိုတဲ့ စိတ်ခံစားမှုတွေကို လမ်းလျှောက်တတ်စ အသက်နှစ်နှစ်၊ သုံးနှစ်အရွယ်မှာ ခံစားနိုင်ပြီ။ တခြားသူတွေ မှားတာတွေလုပ်နေရင်တောင် အမှန်အတိုင်းသတ္တိရှိရှိလုပ်ခြင်းဆိုတဲ့ လူ့ကျင့်ဝတ်အရည်အသွေးပိုင်ဆိုင်တဲ့ လူကြီးတစ်ယောက်ဖြစ်လာဖို့အတွက် ခုနကခံစားမှုတွေက ဦးဆုံးအဆင့်ပါပဲ။

အဲဒီအချိန်လောက်မှာ အံ့သြဖို့ကောင်းတဲ့နောက်ထပ်အတွေ့အကြုံကို မိဘတွေကြုံတွေ့ရတော့မယ်။ သူတို့ရဲ့ကလေးဟာ တခြားသူတွေရဲ့ခံစားချက်တွေကို သိရှိလာတယ်။ အသက်နှစ်နှစ်အရွယ်လောက်အထိ သူ့ဘာသာသူကစားနေပေမဲ့ အခုတော့ အခြားသူတွေနဲ့အတူတူ ကစားတတ်လာပြီ။ မိဘတွေရဲ့ အရိပ်အခြည်ကိုလည်း သူသိတတ်လာပြီး မိဘတွေကို ပျော်အောင်လုပ်ချင်လာတယ်။ ဒါကြောင့် ဒီကလေးငယ်လေးဟာ သွန်သင်ရ ပိုလွယ်ကူလာတယ်။

သုံးနှစ်အရွယ်ရှိပြီဖြစ်တဲ့ကလေးဟာ အမှန်နဲ့အမှား၊ အကောင်းနဲ့အဆိုး သဘောတရားတွေကို အရင်ကထက်ပိုပြီး သင်ယူလေ့လာနေပြီ။ မိဘတွေအတွက် ဒီအချိန်ဟာ ကိုယ့်ကလေးတွေကို တာဝန်သိတတ်တဲ့လူကြီးတွေဖြစ်လာအောင် သင်ပေးသင့်တဲ့အချိန်ပါပဲ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ရှင်းရှင်းလင်းလင်းဖြစ်စေဖို့ ဒီမဂ္ဂဇင်းတစ်အုပ်လုံးမှာ ကလေးကို ယောက်ျားလေးအနေနဲ့ ရည်ညွှန်းသွားမှာဖြစ်တယ်။ ဒါပေမဲ့ ဆွေးနွေးထားတဲ့မူတွေက မိန်းကလေးနဲ့လည်း သက်ဆိုင်ပါတယ်။

[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

နို့စို့ကလေးတစ်ဦးဟာ ရက်အနည်းငယ်အတွင်းမှာပဲ မိခင်ရဲ့အသံကို နားယဉ်သွားပြီး သူစိမ်းတစ်ဦးရဲ့အသံထက် မိခင်အသံကိုပိုနှစ်သက်တယ်

[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]

သုံးနှစ်အရွယ်ရှိပြီဖြစ်တဲ့ကလေးဟာ အမှန်နဲ့အမှား၊ အကောင်းနဲ့အဆိုး သဘောတရားတွေကို အရင်ကထက်ပိုပြီး သင်ယူလေ့လာနေပြီ

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

ဝုန်းဒိုင်းကြဲနေရတဲ့ အကြောင်းရင်း

ဂျော်န်ရိုဇ်မန် ရေးတဲ့စာအုပ်တစ်အုပ် (New Parent Power) မှာ ခုလိုဖော်ပြထားတယ်– “ကလေးဝုန်းဒိုင်းကြဲတဲ့အခါ သူ့ဆန္ဒကိုမလိုက်လျောတာမှားများမှားနေလားလို့ မိဘတချို့တွေးမိကြတယ်။ အကယ်၍ သူတို့ဘက်ကမှားလို့ ကလေးက ဝုန်းဒိုင်းကြဲနေတာဆိုရင် အမှားကိုချက်ချင်းပြင်ရမယ်လို့ ယူဆကြတယ်။ ဒီလိုနဲ့ သူတို့တောင်းတဲ့အတိုင်း မလုပ်ပေးတာ မှားတယ်လို့ယူဆပြီး လုပ်ပေးလိုက်ကြတယ်။ ဒါမှမဟုတ် မိဘတွေဟာ ကလေးကို ရိုက်ပြီးနောက်မှာ အပြစ်ရှိတယ်လို့ မခံစားချင်တဲ့အတွက် ကလေးတောင်းတာထက်တောင် ပိုလုပ်ပေးကြတယ်။ အလုပ်တော့ဖြစ်ပါတယ်။ ဝုန်းဒိုင်းကြဲတာ ရပ်သွားတယ်။ မိဘလည်း စိတ်ချမ်းသာသွားတယ်။ ဒါပေမဲ့ ကလေးကျတော့ ကိုယ်လိုချင်ပြီဆိုရင် ဝုန်းဒိုင်းကြဲလိုက်တာနဲ့ရပြီ၊ များများသောင်းကျန်းပြလေ ပိုကောင်းတာရလေဆိုပြီး ထင်သွားရော။”