မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘယ်အမြင်က ပိုအကျိုးသင့်အကြောင်းသင့် ရှိသလဲ

ဘယ်အမြင်က ပိုအကျိုးသင့်အကြောင်းသင့် ရှိသလဲ

ဘယ်အမြင်က ပိုအကျိုးသင့်အကြောင်းသင့် ရှိသလဲ

ကမ္ဘာပေါ်မှာ သက်ရှိစတင်ဖြစ်ပေါ်လာတာကို တွေ့ဖူးတဲ့သူ မရှိသလို သက်ရှိပုံစံတစ်မျိုးကနေ နောက်သက်ရှိပုံစံတစ်မျိုး ကူးပြောင်းသွားတာ၊ ဥပမာ တွားသွားသတ္တဝါကနေ နို့တိုက်သတ္တဝါကို ကူးပြောင်းတာမျိုးကိုလည်း ဘယ်သူမှ မမြင်တွေ့ခဲ့ကြဘူး။ * ဒါကြောင့် သက်ရှိစတင်ဖြစ်လာပုံနဲ့ပတ်သက်ပြီး ကောက်ချက်ချတော့မယ်ဆိုရင် ရရှိနိုင်တဲ့အထောက်အထားကို ကျွန်တော်တို့အားထားရလိမ့်မယ်။ ဒါ့အပြင် အထောက်အထားတွေကို ကိုယ်လိုရာဆွဲယူမယ့်အစား အထောက်အထားညွှန်ပြရာကို လက်ခံဖို့ဖြစ်တယ်။

ဘုရားသခင်မဲ့ဝါဒီတွေက သိပ္ပံပညာကို ရုပ်ဝါဒရှုထောင့်ကနေပဲ ရှုမြင်ကြတယ်၊ အဲဒီရုပ်ဝါဒဆိုတာ သက်ရှိဟာ ရုပ်ဝတ္တုကနေသာ စတင်ဖြစ်ပေါ်လာရမယ်ဆိုတဲ့အယူအဆဖြစ်တယ်။ “ကျွန်တော်တို့က . . . ရုပ်ဝါဒကို ယုံကြည်ဖို့ ကြိုတင်ဆုံးဖြတ်ထားပြီးသားဖြစ်တယ်။ အဲဒီရုပ်ဝါဒက တစ်ခုတည်းသောအမှန်တရားပဲ၊ အကြောင်းကတော့ သိပ္ပံလောကထဲ ဘုရားသခင်ကို ကျွန်တော်တို့ ဝင်ခွင့်မပြုနိုင်လို့ပဲ” လို့ ဆင့်ကဲဝါဒီတစ်ဦးဖြစ်သူ ရစ်ချတ်ဒ် စီ. လဝင်တန်ကပြောတယ်။ ဒါကြောင့် ရုပ်ဝါဒသမားတွေအတွက် တစ်ခုတည်းသောရွေးချယ်စရာကတော့ ဆင့်ကဲဝါဒကို လက်ခံလိုက်ရခြင်းပါပဲ။

ဘာသာတရားအမြင်အရလည်း တင်ကူးမှန်းဆချက်တွေ ရှိထားပြီးသားဖြစ်တတ်တယ်၊ အဲဒါက သိပ္ပံပညာအပေါ်ထားတဲ့ သူတို့ရဲ့အမြင်ကိုပြောင်းလဲစေတယ်။ ဥပမာ၊ အစောပိုင်းမှာဖော်ပြထားသလို ဘုရားသခင်က လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းအနည်းငယ်လောက်က ၂၄ နာရီရှိတဲ့ခြောက်ရက်အတွင်း ဒီကမ္ဘာကို ဖန်ဆင်းတယ်ဆိုတဲ့ မှားယွင်းတဲ့အယူအဆကို ဖန်ဆင်းခြင်းဝါဒီတချို့က စွဲကိုင်ထားကြတယ်။ အဲဒီလို ကြိုတင်ဆုံးဖြတ်ထားတဲ့အတွက် ကျမ်းစာကို စာသားအတိုင်း အနက်ပြန်ဆိုတတ်တဲ့ သူတို့ရဲ့အစွန်းရောက်မှုကို ရလာတဲ့အထောက်အထားနဲ့ မကိုက် ကိုက်အောင်လုပ်တတ်ကြတယ်။ (စာမျက်နှာ ၉ ရှိ  “‘နေ့’ ရက်တစ်ရက်က ဘယ်လောက်ကြာသလဲ” လေးထောင့်ကွက်ကို ကြည့်ပါ။) ကျမ်းစာနဲ့ သိပ္ပံပညာကို အဲဒီလိုတစ်ဖက်စွန်းအဓိပ္ပာယ်ကောက်တဲ့သူတွေဟာ သူတို့ယုံကြည်ရာအတွက် အထောက်အထားကိုကြိုးစားရှာတဲ့အခါ ကျေနပ်ဖွယ်အဖြေမတွေ့ဘဲ ဖြစ်တတ်ကြတယ်။

ဘယ်အမြင်က အချက်အလက်အားလုံးနဲ့ ကိုက်ညီသလဲ

သက်ရှိတွေအဖြစ်ဖွဲ့စည်းထားတဲ့ ခက်ခဲရှုပ်ထွေးတဲ့မော်လီကျူးရဲ့အစနဲ့ပတ်သက်ပြီး ဆင့်ကဲဝါဒီတချို့ အောက်ပါအတိုင်းယုံကြည်ကြတယ်–

၁။ အခြေခံမော်လီကျူးဖြစ်လာဖို့ အဓိကဒြပ်စင်တွေဟာ တစ်နည်းနည်းနဲ့ ပေါင်းစပ်သွားခဲ့ကြတယ်။

၂။ အဲဒီနောက်မှာ သက်ရှိအတွက် အရေးကြီးတဲ့အချက်အလက်ကို သိုလှောင်နိုင်စွမ်းရှိတဲ့ ဒီအင်အေ၊ အာရ်အင်အေ ဒါမှမဟုတ် ပရိုတင်းဖြစ်လာဖို့ အဲဒီမော်လီကျူးတွေဟာ တိကျတဲ့အစီအစဉ်အတိုင်း ချိတ်ဆက်သွားကြတယ်။

၃။ မော်လီကျူးတွေဟာ သူ့ဘာသာပုံတူပွားနိုင်အောင် တိကျတဲ့အစီအစဉ်တွေအဖြစ် တစ်နည်းနည်းနဲ့ ဖွဲ့စည်းသွားကြတယ်။ ပုံတူမပွားဘဲနဲ့တော့ ဆင့်ကဲဖြစ်စဉ် မဖြစ်နိုင်သလို တကယ်ဆိုရင် သက်ရှိဆိုတာလည်း မဖြစ်လာနိုင်ဘူး။

သက်ရှိအတွက် လိုအပ်တဲ့မော်လီကျူးတွေဟာ အသိဉာဏ်မြင့်မားတဲ့ပုံစံပြုသူမပါဘဲ ဘယ်လိုလုပ် ဖွဲ့စည်းခဲ့သလဲ၊ အံ့သြဖွယ်လုပ်ဆောင်နိုင်စွမ်းကော ဘယ်လိုဖြစ်လာသလဲ။ သက်ရှိရဲ့မူလအစနဲ့ပတ်သက်တဲ့မေးခွန်းတွေအတွက် တိကျတဲ့ရှင်းပြချက် ဒါမှမဟုတ် ကျေနပ်လောက်ဖွယ်အဖြေကို ဆင့်ကဲဖြစ်စဉ်ဆိုင်ရာသုတေသနပြုချက်က မပေးနိုင်ဘူး။ တကယ်တော့ ဖန်ဆင်းရှင်တစ်ပါးက ရည်ရွယ်ချက်ရှိရှိနဲ့ကြားဝင်လုပ်ဆောင်ပေးတယ်ဆိုတာကို လက်မခံနိုင်တဲ့သူတွေက အသိဉာဏ်မရှိတဲ့မော်လီကျူးနဲ့ သဘာဝအင်အားစုတွေမှာ ဘုရားသခင်လိုတန်ခိုးမျိုး ရှိတယ်လို့ ယူမှတ်နေကြခြင်းပဲ။

ဒါဆိုရင် သိရှိခဲ့တဲ့အချက်အလက်တွေက ဘာဖော်ပြသလဲ။ ရရှိလာတဲ့အထောက်အထားတွေက မော်လီကျူးတွေဟာ ရှုပ်ထွေးတဲ့သက်ရှိပုံစံတွေအဖြစ် တိုးတက်ပြောင်းလဲသွားတယ်ဆိုတဲ့ အယူအဆနဲ့ ဆန့်ကျင်နေတယ်၊ ခက်ခဲရှုပ်ထွေးတဲ့အရာတွေဖြစ်တဲ့ စက်ကိရိယာတွေ၊ အိမ်တွေနဲ့ သက်ရှိဆဲလ်တွေတောင် နောက်ဆုံးမှာ ယိုယွင်းပျက်စီးသွားတယ်ဆိုတာ ရူပနိယာမတရားတွေက ဖော်ပြတယ်။ * ဒါပေမဲ့ ဆင့်ကဲဝါဒီတွေက အဲဒီအချက်နဲ့ဆန့်ကျင်တဲ့အရာ ဖြစ်ပျက်နိုင်တယ်လို့ ပြောကြတယ်။ ဥပမာ၊ ကမ္ဘာကြီးဟာ “နေကနေ စွမ်းအင်တွေအများကြီးရရှိပြီး အဲဒီစွမ်းအင်တွေကြောင့်ပဲ အရာဝတ္ထုတွေဟာ ပိုရှုပ်ထွေးလာတာ” လို့ Evolution for Dummies ဆိုတဲ့စာအုပ်က ဖော်ပြတယ်။

ဖရိုဖရဲဖြစ်ရာကနေ စည်းစနစ်တကျဖြစ်လာဖို့ဆိုရင် စွမ်းအင်လိုအပ်တယ်ဆိုတာကတော့ သေချာတယ်၊ ဥပမာ အုတ်ခဲတွေ၊ သစ်သားတွေနဲ့ သံချောင်းတွေကနေ အိမ်တစ်အိမ်ဖြစ်လာဖို့ စွမ်းအင်လိုအပ်သလိုပေါ့။ ဒါပေမဲ့ အဲဒီစွမ်းအင်ကို ဂရုတစိုက်နဲ့ထိန်းချုပ်ပြီး တိတိကျကျညွှန်ကြားဖို့တော့လိုတယ်၊ အကြောင်းကတော့ နေနဲ့ ရာသီဥတုကရတဲ့စွမ်းအင်တွေကြောင့် အဆောက်အဦးရဲ့ ပျက်စီးယိုယွင်းမှု ပိုမြန်နိုင်သလိုပဲ ထိန်းချုပ်မှုမရှိတဲ့စွမ်းအင်ဟာ ပိုပြီးအလျင်အမြန်ပျက်စီးစေနိုင်ဖွယ်ရှိတယ်။ * ပိုရှုပ်ထွေးတဲ့အရာတွေကိုဖြစ်ပေါ်လာအောင် စွမ်းအင်ဟာ ဘယ်လိုနည်းနဲ့ ထိန်းချုပ်ခံရသလဲဆိုတာကို ဆင့်ကဲဝါဒီတွေက ကျေနပ်လောက်အောင် မရှင်းပြနိုင်ကြဘူး။

အခြားတစ်ဖက်မှာတော့ သက်ရှိတွေနဲ့ စကြဝဠာကြီးကို “ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံတော်မူသော” အသိဉာဏ်မြင့်မားတဲ့ဖန်ဆင်းရှင်တစ်ပါးရဲ့လက်ရာအဖြစ် ကျွန်တော်တို့ရှုမြင်တဲ့အခါ သက်ရှိမှာရှိတဲ့အချက်အလက်တွေရဲ့ရှုပ်ထွေးမှုကိုသာမက ကျယ်ပြောလှတဲ့ဂလက်ဆီကနေ သေးငယ်တဲ့အက်တမ်အထိ ဒြပ်ဝတ္တုကို ထိန်းညှိပေးတဲ့အင်အားစုတွေကိုပါ ကျွန်တော်တို့ရှင်းပြနိုင်တယ်။ *ဟေရှာယ ၄၀:၂၆

ဖန်ဆင်းရှင်ရှိကြောင်းယုံကြည်တာဟာ ရူပစကြဝဠာမှာ အစရှိတယ်ဆိုတဲ့ ဒီနေ့အချိန်မှာ ယေဘုယျလက်ခံထားတဲ့အမြင်နဲ့လည်း ကိုက်ညီတယ်။ “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏” လို့ ကမ္ဘာဦးကျမ်း ၁:၁ ဖော်ပြတယ်။

အသစ်အသစ်တွေရှာဖွေတွေ့ရှိလေ ရုပ်ဝါဒီသမားတွေဟာ သူတို့ရဲ့အယူအဆတွေကို ခုခံကာကွယ်ဖို့ ပိုခက်လာလေပဲ၊ ဒါကြောင့်၊ ဘုရားသခင်မဲ့ဝါဒီတချို့က သူတို့ရဲ့ရှုမြင်ပုံတွေကို ပြုပြင်ပြောင်းလဲခဲ့ကြတယ်။ * မှန်ပါတယ်၊ စကြဝဠာရဲ့အံ့သြမိန်းမောဖွယ်ကောင်းပုံဟာ ကျွန်တော်တို့ရဲ့ဖန်ဆင်းရှင်၊ ယေဟောဝါဘုရားသခင်ရဲ့ ‘မျက်မြင်မရသောဂုဏ်ရည်များ’ နဲ့ “ထာဝရတန်ခိုးတော်” ဆိုင်ရာ မြင်ရတဲ့အထောက်အထားတွေပဲဆိုပြီး အရင်က ဘုရားသခင်မဲ့ဝါဒီဖြစ်ခဲ့ဖူးသူတချို့ ကောက်ချက်ချလာတော့တယ်။ (ရောမ ၁:၂၀) သင်ကော ဒီအကြောင်းအရာကို ထပ်ပြီး မသုံးသပ်ချင်ဘူးလား။ အဲဒီအကြောင်းကို သိရှိနားလည်တာထက် ပိုအရေးကြီးတဲ့အရာ၊ ပိုအကျိုးရှိတဲ့အရာ မရှိနိုင်တော့ဘူး။ *

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 2 ဇီဝဗေဒပညာရှင် အင်းမိုင်းဟာ ဆင့်ကဲဖြစ်စဉ်ကို ခိုင်မာစွာယုံကြည်ထားပေမယ့် “ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းက အချိတ်အဆက်မိမိ ဖော်ပြနိုင်ခြင်းမရှိဘူး၊” သက်ရှိအမျိုးအစားအသစ်တွေဟာ ရုတ်တရက်ဖြစ်ပေါ်လာတယ်လို့ ဝန်ခံခဲ့တယ်။

^ အပိုဒ်၊ 11 အဲဒီလိုယိုယွင်းပျက်စီးခြင်းဟာ thermodynamics (အပူနဲ့ တခြားစွမ်းအင်တွေ ဆက်စပ်ပုံကိုလေ့လာသော သိပ္ပံပညာရပ်) ရဲ့ ဒုတိယနိယာမတရားလို့ သိပ္ပံပညာရှင်တွေခေါ်ဆိုတဲ့အရာကြောင့် ဖြစ်တယ်။ ရိုးရိုးလေးပြောမယ်ဆိုရင် သဘာဝဖြစ်စဉ်ဆိုတာ အစီအစဉ်တကျဖြစ်နေရာကနေ ဆုတ်ယုတ်ယိုယွင်းပြီး ဖရိုဖရဲဖြစ်လာဖို့ပဲ ဆိုတာကို ဒီနိယာမတရားကဖော်ပြတယ်။

^ အပိုဒ်၊ 12 ဒီအင်အေဟာ ဗီဇပြောင်းလဲခြင်းဖြင့် အသွင်ပြောင်းနိုင်တယ်၊ အဲဒီဗီဇပြောင်းလဲခြင်းဟာ ရောင်ခြည်နဲ့ တချို့သောဓာတုပစ္စည်းတွေကြောင့် ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒါတွေက အသစ်သောသက်ရှိတွေကိုတော့ မဖြစ်စေဘူး။—သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော ဘရိုရှာပါ “ဆင့်ကဲဖြစ်စဉ် ဒဏ္ဍာရီနှင့် အဖြစ်မှန်” ဆောင်းပါးကိုကြည့်ပါ။

^ အပိုဒ်၊ 13 ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သင့်အား ဂရုစိုက်စောင့်ရှောက်သည့်ဖန်ဆင်းရှင်တစ်ပါးရှိ၏လော စာအုပ်ကို ကြည့်ပါ။

^ အပိုဒ်၊ 15 ၂၀၁၀၊ နိုးလော့! နိုဝင်ဘာလထုတ်မှာ “ဘုရားသခင်မဲ့ဝါဒီတစ်ဦးအဖြစ် ကျွန်တော်ကြီးပြင်းလာခဲ့” ဆိုတဲ့ဆောင်းပါးကို ကြည့်ပါ။

^ အပိုဒ်၊ 15 ဖန်ဆင်းခြင်းနဲ့ ဆင့်ကဲဖြစ်စဉ်အကြောင်း ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေထုတ်ဝေထားတဲ့ သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော နဲ့ သက်ရှိများ၏မူလအစ—မေးသင့်မေးထိုက်သောမေးခွန်းငါးခု [အင်္ဂလိပ်] ကိုကြည့်ပါ။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]

လူသားတွေဟာ ဆင့်ကဲဖြစ်ပေါ်တိုးတက်နေတာလား၊ ယိုယွင်းပျက်စီးနေတာလား

လူသားတွေရဲ့ဂျီနို(မ်) ဟာ ဗီဇပြောင်းလဲတာတွေ စုပြုံလာမှုကြောင့် ဒါမှမဟုတ် ချို့တဲ့အားနည်းမှုတွေကြောင့် အမှန်ပဲ ယိုယွင်းပျက်စီးလာနေတာကို စိုးရိမ်ပူပန်မိကြောင်း သိပ္ပံပညာရှင်တချို့ ဖော်ပြကြတယ်။ တကယ်လို့ အဲဒီအချက်မှန်တယ်ဆိုရင် ကျွန်တော်တို့က ဆင့်ကဲဖြစ်ပေါ်တိုးတက်နေတယ် ဒါမှမဟုတ် တိုးတက်ကောင်းမွန်နေတယ်ဆိုတဲ့အမြင်ဟာ ယိုင်နဲ့ပြိုလဲသွားပါလိမ့်မယ်။ ဒါပေမဲ့ လူ့ဂျီနို(မ်) ဟာ ဘုရားသခင်ဖန်ဆင်းခဲ့တယ်ဆိုရင် ဘာဖြစ်လို့ ချို့ယွင်းချက်တွေ ရှိနေရတာလဲ။ သိပ္ပံပညာက မပြောနိုင်ရာကို ကျမ်းစာကပြောပြတယ်၊ အဲဒါကတော့ လူ့ချို့ယွင်းအားနည်းချက်တွေဟာ အပြစ်တရားကြောင့်ဖြစ်တယ်။ တစ်နည်းအားဖြင့် ဘုရားသခင်ကို မနာခံမှုကနေ အရင်းခံလာတယ်ဆိုတာပဲ။ ဒါနဲ့ပတ်သက်ပြီး ရောမ ၅:၁၂ က “အပြစ်တရားသည် တစ်ယောက်သောသူ [အာဒံ] အားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏” ဆိုပြီးဖော်ပြထားတယ်။ ဒါကြောင့် ယိုယွင်းပျက်စီးလာတဲ့လူ့ဂျီနို(မ်) က ဆင့်ကဲပြောင်းလဲလာတာကို ဆန့်ကျင်ပြီး ကျမ်းစာပြောတာကို ထောက်ခံနေတယ်။ ဒါဆိုရင် လူ့ဂျီနို(မ်)က အမြဲတမ်းယိုယွင်းပျက်စီးသွားနေမယ်ဆိုတဲ့ သဘောလား။ မဟုတ်ဘူး။ ဘုရားသခင်ဟာ လူ့အရေးကိစ္စတွေမှာ ကြားဝင်ဆောင်ရွက်မယ်၊ အာဒံနဲ့ဧဝကြောင့်ဖြစ်ပေါ်လာတဲ့ ပျက်စီးမှုအားလုံးကို ချေဖျက်ပစ်မယ်ဆိုပြီး ကတိပြုထားတယ်။ မှန်ပါတယ်၊ ကျွန်တော်တို့ရဲ့ ဖန်ဆင်းရှင်သာ ကျွန်တော်တို့ရဲ့ ဂျီနို(မ်) ကို ပြန်လည် ပြည့်စုံကောင်းမွန်စေမှာဖြစ်တယ်၊ အသိဉာဏ်မဲ့တဲ့ဆင့်ကဲဖြစ်စဉ်က လုပ်ပေးမှာမဟုတ်ဘူး။—ဗျာ. ၂၁:၃၊ ၄

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]

 “နေ့” ရက်တစ်ရက်က ဘယ်လောက်ကြာသလဲ

ကျမ်းစာထဲမှာပါတဲ့ “နေ့” (ဒါမှမဟုတ် ရက်) ဆိုတဲ့စကားလုံးက အချိန်အတိုင်းအတာ အမျိုးမျိုးကို ရည်ညွှန်းနိုင်တယ်။ ဥပမာ၊ ကမ္ဘာဦး ၂:၄ မှာ ဖန်ဆင်းရာကာလတစ်ခုလုံးဖြစ်တဲ့ ခြောက်ရက်ကို “ထာဝရအရှင်ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသောနေ့” ဆိုပြီး ဖော်ပြတယ်။ ဒါကြောင့် နေ့ရက်တစ်ရက်စီမှာ အတော်အတန်ကြာတဲ့ အချိန်ကာလတစ်ခု ပါဝင်တယ်ဆိုတာ ထင်ရှားနေပါတယ်။ စိတ်ဝင်စားစရာက ကျမ်းစာမှာ ဖန်ဆင်းရာခြောက်ရက်ရဲ့ အဆုံးကို တစ်ရက်ပြီးတစ်ရက် သတ်သတ်မှတ်မှတ်ဖော်ပြပေမဲ့ ခုနစ်ရက်မြောက်နေ့ရဲ့အဆုံးကိုတော့ ဖော်ပြထားခြင်းမရှိဘူး။ ဘာဖြစ်လို့လဲ။ အဲဒီနေ့က အခုအချိန်အထိ မကုန်ဆုံးသေးလို့ပါပဲ။—ကမ္ဘာဦး ၂:၃; ဟေဗြဲ ၄:၄-၆၊ ၁၁

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

အရာဝတ္တုတွေဟာ ထိန်းသိမ်းမထားဘူးဆိုရင် ဖရိုဖရဲဖြစ်တတ်တယ်

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံများ]

ဘုရားသခင့်တန်ခိုးနဲ့ တခြားအရည်အသွေးတွေဟာ စကြဝဠာမှာ ထင်ရှားနေ