မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာ တိုက်ခိုက်ခံခဲ့ရ

သမ္မာကျမ်းစာ တိုက်ခိုက်ခံခဲ့ရ

သမ္မာကျမ်းစာ တိုက်ခိုက်ခံခဲ့ရ

ကျမ်းစောင်တွေ တစ်စုတစ်ဝေးထဲ စုထားတဲ့ စာအုပ်ကို သမ္မာကျမ်းစာလို့ခေါ်တယ်။ အဲဒီကျမ်းစောင်တွေကို နှစ်ပေါင်း ၁,၆၀၀ ကျော်ကြာတဲ့ကာလ အတွင်းမှာ ရေးသားခဲ့ကြတယ်။ သမ္မာကျမ်းစာရဲ့ အစပိုင်းကို ဘုရားသခင်ရဲ့ ရှေးခေတ်ကျေးကျွန် မောရှေက ရေးသားခဲ့တာဖြစ်ပြီး နောက်ဆုံးပိုင်းကို ယေရှုခရစ်ရဲ့ တပည့်တစ်ဦးက ယေရှုမွေးပြီး အနှစ်တစ်ရာလောက်မှာ ရေးခဲ့တာဖြစ်တယ်။

သမ္မာကျမ်းစာကို လူတွေမဖတ်နိုင်အောင် ကြိုးစားခဲ့ကြတဲ့ သမိုင်းကြောင်းကတော့ အရမ်းကို ရှည်လျားတယ်။ ခရစ်နှစ်မတိုင်မီ၊ အလယ်ခေတ်များတစ်လျှောက်ကနေ ကနေ့ခေတ် အထိဖြစ်တယ်။ ယေရှုမမွေးခင် အနှစ် ၆၀၀ ကျော်လောက်မှာ အသက်ရှင်ခဲ့ပြီး ရှေ့မှာဖြစ်ပျက်လာမယ့်အရာတွေကိုကြိုဟောဖို့ ဘုရားသခင်အသုံးပြုခဲ့တဲ့ ယေရမိ အချိန်ကတည်းက ရှိခဲ့တယ်လို့ အစောပိုင်း မှတ်တမ်းတစ်ခုမှာ ဖော်ပြထားတယ်။

လူတွေမနှစ်သက်တဲ့ သတင်းဖြစ်လို့ တိုက်ခိုက်မှုခံခဲ့ရ

ဘုရားသခင်က ယေရမိကို သတင်းစကားတစ်ခု ရေးခိုင်းခဲ့တယ်။ ရှေးယုဒပြည်မှာရှိတဲ့ မြို့သူမြို့သားတွေဟာ မကောင်းမှုတွေကို များစွာကျူးလွန်နေကြတဲ့အတွက် သူတို့ကိုအပြစ်တင်ထားတဲ့ သတင်းစကားဖြစ်ပြီး သူတို့ရဲ့အကျင့်တွေ မပြောင်းလဲရင် သူတို့ရဲ့မြို့တော် ဂျေရုဆလင်ကို ဖျက်ဆီးမယ်ဆိုတဲ့ သတိပေးချက်ဖြစ်တယ်။ အဲဒီသတင်းစကားကို ယေရမိရဲ့အတွင်းရေးမှူး ဗာရုတ်က ဂျေရုဆလင်မြို့က ဝတ်ပြုရာအိမ်တော်မှာ အသံကျယ်ကျယ်နဲ့ ဖတ်ပြခဲ့တယ်။ သူ ဒုတိယအကြိမ် ဖတ်ပြတာကို ယုဒမင်းညီမင်းသားတွေ ကြားတဲ့အခါ စာလိပ်ကို ယောယကိမ်မင်းကြီးဆီ ယူသွားကြတယ်။ ဘုရားသခင့်သတိပေးချက်ကို ဘုရင်ကြားတဲ့အခါ လုံးဝမနှစ်သက်ဘူး။ အဲဒါကြောင့် စာလိပ်ကို ဓားနဲ့ခုတ်ဖျက်ပြီး မီးရှို့ပစ်လိုက်တယ်။—ယေရမိ ၃၆:၁-၂၃

“သင်သည် အခြားသောစာလိပ်ကိုယူ၍ ယုဒရှင်ဘုရင် ယောယကိမ် မီးရှို့သော အရင်စာလိပ်၌ ပါသမျှသောစကားရင်းအတိုင်း ရေးထားလော့” ဆိုပြီး ယေရမိဆီကို ဘုရားသခင့်အမိန့်တော် ထပ်ရောက်လာတယ်။ (ယေရမိ ၃၆:၂၈) အဲဒီအဖြစ်အပျက်ပြီးနောက် ၁၇ နှစ်လောက်အကြာမှာ ယေရမိကနေတစ်ဆင့် ဘုရားသခင်ကြိုဟောထားတဲ့အတိုင်း အတိအကျဖြစ်ပျက်လာတယ်။ ဂျေရုဆလင်မြို့ ဖျက်ဆီးခံခဲ့ရတယ်၊ မင်းအရာရှိများစွာ အသတ်ခံရပြီး တိုင်းသူပြည်သားတွေက သုံ့ပန်းတွေအနေနဲ့ ဗာဗုလုန်ကို ခေါ်သွားခံခဲ့ရတယ်။ အဲဒီစာလိပ်ထဲမှာ ပါတဲ့အကြောင်းအရာနဲ့ စာလိပ်ကိုဘယ်လို တိုက်ခိုက်ခဲ့ကြတယ်ဆိုတဲ့ မှတ်တမ်းကတော့ သမ္မာကျမ်းစာထဲက ယေရမိကျမ်းမှာ ကနေ့အချိန်အထိ ရှိနေတယ်။

သမ္မာကျမ်းစာကို ဆက်မီးရှို့ခဲ့ကြ

ခရစ်ယာန်ခေတ်မတိုင်မီက သမ္မာကျမ်းစာကို မီးရှို့ဖျက်ဆီးဖို့ကြိုးစားခဲ့တာ ယောယကိမ်တစ်ယောက်တည်း မဟုတ်ဘူး။ ဂရိအင်ပါယာကွဲပြားသွားပြီးနောက် အစ္စရေးပြည်က ဆီလူးဆဒ်မင်းဆက်ရဲ့ လက်အောက်ရောက်ရှိခဲ့တယ်။ ဘီစီအီး ၁၇၅ ကနေ ၁၆၄ အထိ အုပ်ချုပ်ခဲ့တဲ့ ဆီလူးဆဒ်ဘုရင် အန်တိုင်းအားကပ်စ် အီပီဖနစ္စက သူ့ရဲ့အင်ပါယာကို ဂရိယဉ်ကျေးမှုအောက်မှာ စည်းလုံးစေချင်တယ်။ ဒါကြောင့် ဂျူးတွေကို ဂရိလမ်းစဉ်၊ ဂရိထုံးစံနဲ့ ဂရိဘာသာရေးကို လက်ခံစေဖို့ ဖိအားပေးခဲ့တယ်။

ဘီစီအီး ၁၆၈ လောက်မှာ အန်တိုင်းအားကပ်စ်က ဂျေရုဆလင်မြို့မှာရှိတဲ့ ယေဟောဝါရဲ့ ဝတ်ပြုရာအိမ်တော်ကို သိမ်းပိုက်လုယက်တယ်။ ယေဟောဝါရဲ့ယဇ်စင်မြင့်အပေါ်မှာ ဂရိနတ်ဘုရား ဇုသအတွက် ယဇ်စင်မြင့်ကို တည်ဆောက်တယ်။ သတ္တမနေ့စောင့်ထိန်းခြင်းနဲ့ အရေဖျားလှီးခြင်းကိုလည်း တားမြစ်ခဲ့တယ်။ ဒီအမိန့်ကိုမလိုက်လျှောက်သူတွေအတွက် ပြစ်ဒဏ်ကတော့ သေဒဏ်ပဲ။

ဂျူးတွေဘာသာပြောင်းဖို့ အန်တိုင်းအားကပ်စ် အသုံးပြုတဲ့ နည်းတစ်ခုက ဟေဗြဲကျမ်းစောင်အားလုံးကို အစအနပါမကျန်ဖယ်ရှားဖို့ ကြိုးစားခြင်းဖြစ်တယ်။ အန်တိုင်းအားကပ်စ်က အစ္စရေးပြည်တစ်လျှောက် ရှာဖွေခဲ့ပေမဲ့ ဟေဗြဲကျမ်းလိပ်အားလုံးကို မဖျက်ဆီးနိုင်ခဲ့ဘူး။ အစ္စရေးနိုင်ငံမှာနေတဲ့ ဂျူးတချို့က စာလိပ်တချို့ကို သေသေချာချာဝှက်ထားခဲ့ကြသလို တိုင်းတစ်ပါးမှာ ရောက်နေတဲ့ဂျူးတွေကလည်း သမ္မာကျမ်းစာ မိတ္တူတွေကို ထိန်းသိမ်းခဲ့ကြတယ်။

ဒိုင်အိုကလစ်လျှံရဲ့အမိန့်

ကျမ်းစာကို ဖျက်ဆီးဖို့ နောက်ထပ်ကြိုးစားခဲ့တဲ့ ထင်ရှားတဲ့အုပ်စိုးရှင်ကတော့ ရောမဧကရာဇ်မင်း ဒိုင်အိုကလစ်လျှံ ဖြစ်တယ်။ အေဒီ ၃၀၃ မှာ ဒိုင်အိုကလစ်လျှံက ခရစ်ယာန်တွေကို အပြင်းအထန်ဖိနှိပ်တဲ့အမိန့် တစ်သီတစ်တန်းထုတ်ပြန်ခဲ့တယ်။ အဲဒီအမိန့်တွေကြောင့် သမိုင်းပညာရှင်တချို့က “ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းဆဲခြင်း” လို့နာမည်တပ်ခဲ့တဲ့ အဖြစ်အပျက်တွေ ဖြစ်ပေါ်လာခဲ့တယ်။ သူ့ရဲ့ ပထမအမိန့်က သမ္မာကျမ်းစာတွေကိုမီးရှို့ပြီး ခရစ်ယာန်ဝတ်ပြုရာနေရာတွေကို ဖြိုချဖို့ဖြစ်တယ်။ “ခရစ်ယာန် အသိုင်းအဝိုင်းတိုင်းမှာ ကျမ်းစာရှိရမယ်၊ အဲဒီကျမ်းစာက ခရစ်ယာန်တွေကို ဆက်တည်ရှိစေတဲ့အရာဖြစ်တယ်လို့ ဒိုင်အိုကလစ်လျှံက ယူဆထားတယ်” ဆိုပြီး ဗာဂျီးနီးယားတက္ကသိုလ်က ဘာသာရေးပါမောက္ခ ဟယ်ရီ ဝိုင်. ဂမ်ဘဲလ်က ရေးသားခဲ့တယ်။ အဲဒီအချိန်မှာ အသက်ရှင်ခဲ့တဲ့ ပါလက်စတိုင်းနိုင်ငံ၊ စီစရီအာမြို့က ခရစ်ယာန်သမိုင်းပညာရှင် ယူစီးဘီးယက်စ်က ဒီလိုရေးသားခဲ့တယ်– “ဆုတောင်းရာအိမ်တွေကို အုတ်မြစ်ပါမကျန် ဖြိုချတာ၊ ကျမ်းစာမိတ္တူတွေကို စျေးလယ်ခေါင်မှာ မီးရှို့ပစ်တာကို ကျွန်တော်ကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်။”

ဒိုင်အိုကလစ်လျှံ အမိန့်ထုတ်ပြီး သုံးလအကြာမှာ မြောက်အာဖရိက ဆာတာမြို့ရဲ့ (ယခု ကွန်စတင်တိုင်းမြို့) မြို့တော်ဝန်က ခရစ်ယာန်တွေလက်ထဲမှာရှိတဲ့ ဟေဗြဲကျမ်းစောင်တွေ၊ သမ္မာကျမ်းစာမိတ္တူတွေကို ပြန်အပ်ခိုင်းတယ်။ အဲဒီအချိန်အကြောင်းဖော်ပြတဲ့ တခြားမှတ်တမ်းတွေမှာ ခရစ်ယာန်တွေဟာ ကျမ်းစာမိတ္တူတွေကို ဖျက်ဆီးဖို့ပေးမယ့်အစား နှိပ်စက်ညှဉ်းပန်းခံဖို့နဲ့ အသေခံဖို့ ပိုနှစ်သက်တယ်ဆိုပြီး ဖော်ပြထားတယ်။

တိုက်ခိုက်ခြင်းရဲ့ ရည်ရွယ်ချက်

ယောယကိမ်၊ အန်တိုင်းအားကပ်စ်နဲ့ ဒိုင်အိုကလစ်လျှံတို့က ကျမ်းစာကို ဖယ်ရှားဖို့၊ ပပျောက်သွားစေဖို့ ရည်ရွယ်ခဲ့ကြတယ်။ နည်းမျိုးစုံနဲ့ ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြပေမဲ့ ကျမ်းစာကတော့ ရှိနေတုန်းပါပဲ။ ဒိုင်အိုကလစ်လျှံနောက်ပိုင်း ရောမအုပ်စိုးရှင်တွေက မိမိတို့ဟာ ခရစ်ယာန်ဘာသာဝင်ပါလို့ ကြေညာခဲ့ကြတယ်။ ဒါပေမဲ့ ကျမ်းစာကို ဆက်ပြီးတိုက်ခိုက်ခဲ့ကြတယ်။ ဘာကြောင့်လဲ။

ကျမ်းစာကိုမီးရှို့တာက ဖျက်ဆီးဖို့ကြိုးပမ်းတာမဟုတ်ဘဲ ကျမ်းစာကိုထိန်းသိမ်းဖို့၊ သာမန်လူတန်းစားလက်ထဲကို ကျမ်းစာမရောက်စေဖို့ ကြိုးပမ်းနေခြင်းသာဖြစ်တယ်လို့ အုပ်စိုးရှင်တွေနဲ့ ချာ့ခ်ျခေါင်းဆောင်တွေက အခိုင်အမာဆိုကြတယ်။ ချာ့ခ်ျခေါင်းဆောင်တွေ ဘာကြောင့် သာမန်လူတန်းစားလက်ထဲကို ကျမ်းစာမရောက်စေချင်ရတာလဲ။ လူတွေ ကျမ်းစာမဖတ်နိုင်အောင် ဘာတွေလုပ်ဆောင်ခဲ့ကြသလဲ။ ဆက်ကြည့်ရအောင်။