မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၂၀၁၁ ဂျပန်ဆူနာမီမှ လွတ်မြောက်လာသူတချို့ရဲ့ ပြောပြရာများ

၂၀၁၁ ဂျပန်ဆူနာမီမှ လွတ်မြောက်လာသူတချို့ရဲ့ ပြောပြရာများ

၂၀၁၁ ဂျပန်ဆူနာမီမှ လွတ်မြောက်လာသူတချို့ရဲ့ ပြောပြရာများ

ဂျပန်မြေငလျင်နဲ့ ဆူနာမီဖြစ်ပြီးနောက် အသက်ရှင်ကျန်ရစ်သူတွေပြောပြတဲ့ အကြောင်းအရာတွေကို ဖတ်ကြည့်ပါ။

မတ်လ ၁၁ ရက်၊ ၂၀၁၁၊ သောကြာနေ့ မွန်းလွဲ ၂ နာရီ ၄၆ မိနစ်မှာ ကမ္ဘာပေါ်မှာ စတုတ္ထအပြင်းထန်ဆုံး မြေငလျင်တစ်ခု ဂျပန်နိုင်ငံမှာ လှုပ်ခဲ့တယ်။ ဆူနာမီလှိုင်းလုံးကြီးတွေနဲ့ အင်အားပြင်း နောက်ဆက်တွဲငလျင်တွေကြောင့် အဲဒီဒေသကလူတွေဟာ အပတ်ပေါင်းများစွာ ကြောက်ရွံ့ထိတ်လန့်ခဲ့ကြတယ်။ လူ ၂၀,၀၀၀ ဝန်းကျင် သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးသွားတယ်။ ဒါပေမဲ့ လူများစွာဟာ အသက်ရှင်လွတ်မြောက်ခဲ့ကြပါတယ်။ ဒီဆောင်းပါးက အသက်ရှင်လွတ်မြောက်လာသူတချို့ အကြောင်းဖြစ်ပါတယ်။

မီယာဂီ ဒေသ၊ အီရှီနိုမာကီမြို့ မှာနေတဲ့ တာဒါယူကီ နဲ့ ဇနီး ဟာရူမီ တို့က အိမ်မှာရှိနေချိန်မှာ ခပ်အုန်းအုန်းမြည်ဟည်းသံ ကြားရပြီး သူတို့ရဲ့အိမ် ပြင်းပြင်းထန်ထန်လှုပ်ခါလာတယ်။ “အိမ်အပြင်ကို ပြေးထွက်တဲ့အခါ မြေအက်ကြောင်းတွေကို မြင်လိုက်ရတော့ အရမ်းလန့်သွားတာပဲ။ ကျွန်တော်တို့အိမ်ကလည်း ရှေ့နောက်ယိမ်းထိုးနေတယ်။ နံရံကနေလည်း မီးခိုးလို အမှုန့်တွေထွက်နေတယ်” လို့ တာဒါယူကီကပြောပြတယ်။

ငလျင်ရဲ့အလယ်ဗဟိုက မာယာဂီကမ်းရိုးတန်းကနေ မိုင် ၈၀ အကွာမှာ ဖြစ်တယ်။ ဒီဆူနာမီက ပစိဖိတ်သမုဒ္ဒရာဘက်အခြမ်းမှာရှိတဲ့ ဂျပန်ကမ်းရိုးတန်း မိုင် ၄၂၀ တစ်လျောက်ကို ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးစေခဲ့တယ်။ တစ်ချို့ကမ်းခြေမှာဆိုရင် လှိုင်းလုံးကြီးတွေက ၄၅ ပေအထိမြင့်တယ်။ ရေတွေက လှိုင်းတားနံရံတွေ၊ ပင်လယ်ကမ်းပါးတွေကို ဖျက်ဆီးပြီး ကုန်းတွင်းပိုင်း၂၅ မိုင်အကွာအထိ တစ်ရှိန်ထိုးတက်လာတယ်။

လျှပ်စစ်မီး၊ သဘာဝဓာတ်ငွေ့နဲ့ ရေသန့်စက်ရုံတွေ ပျက်စီးသွားတယ်။ စျေးဆိုင်၊ စက်ရုံအပါအဝင် အိမ်အလုံးပေါင်း ၁၆၀,၀၀၀ လောက် ပျက်စီး၊ မျောပါသွားတယ်။ ဒုက္ခသည်ပေါင်း ၄၄၀,၀၀၀ ကျော်က ကျောင်း၊ မြို့တော်ခန်းမလိုနေရာမျိုး ၂,၅၀၀ လောက်မှာ ယာယီနေထိုင်ခဲ့ရတဲ့အချိန်တောင် ရှိခဲ့တယ်။ တခြားသူများစွာကတော့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေရဲ့အိမ်မှာ သွားနေကြတယ်။ သောင်းနဲ့ချီတဲ့လူတွေ သေဆုံးသွားတယ်။ တော်တော်များများကို ပြန်ရှာမတွေ့တော့ဘူး။

ဆုံးရှုံးမှုနဲ့ စိတ်သောက

မြေငလျင်ထက် ဆူနာမီကြောင့် လူတွေပိုသေဆုံးရတယ်။ အီဝါတေး ဒေသ၊ ရီကူဇန်တာကာတာမြို့မှာနေတဲ့ ယိုအီချီ က ဒီငလျင်ကြောင့် ဆူနာမီဖြစ်တော့မယ်ဆိုတာကို ရိပ်စားမိလို့ သဘာဝဘေးအန္တရာယ်ကျရောက်ရင် ခိုလှုံဖို့ဆောက်ထားတဲ့ အနီးအနားကအဆောက်အအုံမှာ သူ့ရဲ့မိဘတွေကို သွားထားခဲ့တယ်။ ပြီးတဲ့နောက် အိမ်နီးချင်းတွေကို သတိပေးဖို့ ပြန်သွားတယ်။ ဒါပေမဲ့ သူ့မိဘတွေကို စိတ်မချတာနဲ့ မိဘတွေဆီပြန်လှည့်မလို့လုပ်နေတုန်း ဆူနာမီလှိုင်းလုံးဝင်လာပြီဆိုတဲ့ သတင်းရလိုက်တယ်။

ယိုအီချီနဲ့ သူ့ဇနီးတာစူကို က ခိုလှုံဖို့ဆောက်ထားတဲ့ နောက်အဆောက်အအုံရှိရာကို ပြေးသွားကြပေမဲ့ အဝင်ဝမှာ အပျက်အစီးတွေနဲ့ ပိတ်နေတဲ့အတွက် ဝင်လို့မရဘူး။ အဲဒီနောက် သူတို့ဆီကို အနက်ရောင်သစ်စက်အဆောက်အအုံ ဦးတည်ရွေ့မျောလာတာကို တွေ့လိုက်ကြတယ်။ ဒါနဲ့ တာစူကိုက “ပြေးတော့” ဆိုပြီး အော်တော့တာပဲ။

နောက်ဆုံး ကုန်းမြင့်မှာရှိတဲ့ ကျောင်းဝင်းထဲ သူတို့ရောက်သွားကြတယ်။ အဲဒီကနေ သူတို့ရဲ့ရပ်ကွက်တစ်ခုလုံးကို ဆူနာမီလှိုင်းလုံးကြီး ဝါးမျိုလိုက်တာကို တွေ့ရတယ်။ “ငါ့အိမ်ပါသွားပြီ” ဆိုပြီး လူတစ်ယောက်က ပြောတယ်။ ရီကူဇန်တာကာတာမြို့ လေးပုံသုံးပုံနီးပါး ပျက်စီးသွားပြီး ယိုအီချီရဲ့မိဘတွေလည်း ရေထဲပါသွားတယ်။ သူ့အမေရဲ့အလောင်းကိုတော့ ပြန်တွေ့ပေမဲ့ သူ့အဖေကိုတော့ ပြန်မတွေ့ရတော့ဘူး။

တိုရူ က အီရှီနိုမာကီ ကမ်းရိုးတန်းနားက စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေတယ်။ ဦးဆုံးအကြိမ်ငလျင်လှုပ်တာရပ်သွားတဲ့အခါ ထွက်ပြေးဖို့ ကားထားတဲ့နေရာကို အမြန်ပြေးသွားတယ်။ ဆူနာမီလှိုင်းဖြစ်တော့မယ်ဆိုတာ ရိပ်မိတဲ့အတွက် တခြားသူတွေကိုလည်း ထွက်ပြေးဖို့အော်ပြောလိုက်တယ်။

တိုရူ ဒီလိုပြောပြတယ်– “ပထမတော့ ကုန်းမြင့်မှာရှိတဲ့ ကျွန်တော့်ရဲ့အိမ်ဘက်ကို ဦးတည်မောင်းခဲ့ပေမဲ့ လမ်းကြောပိတ်နေတယ်။ အဲဒီအချိန်မှာပဲ ကားရေဒီယိုကနေ ဆူနာမီလှိုင်းလုံးတွေ အနီးအနားကမြို့ကို ရောက်နေပြီဆိုတဲ့ သတင်းရလိုက်တယ်။ ဒီနေရာကိုရောက်လာခဲ့မယ်ဆိုရင် ကျွန်တော်ထွက်လို့ရအောင် ကားမှန်ကိုဖွင့်ထားလိုက်တယ်။ မကြာပါဘူး၊ ခြောက်ပေကျော်မြင့်တဲ့ ရေလုံးကြီးက ကျွန်တော်တို့ဘက် ဝုန်းခနဲရောက်လာပါလေရော။ ကျွန်တော့်ရှေ့ကကားတွေ ကျွန်တော့်ကားဘက်ကို အရှိန်နဲ့လွင့်လာကြပြီး ကျွန်တော်တို့အားလုံး ကုန်းတွင်းပိုင်းဘက် ရေနဲ့မျောပါသွားကြတယ်။

ကျွန်တော် ကားပြတင်းပေါက်ကနေ ထွက်လိုက်ရုံပဲရှိသေးတယ်၊ ဆီတွေဝေ့နေပြီး အနံ့ဆိုးတဲ့ ရေစီးနဲ့အတူ ပြန်ပါသွားတယ်။ ကျွန်တော် ကားပြင်စက်ရုံတစ်ခုထဲရောက်သွားတယ်၊ အဲဒီမှာ လှေကားကို ဖမ်းဆွဲထားနိုင်လိုက်ပြီး ဒုတိယထပ်ပေါ် တက်နိုင်ခဲ့တယ်။ တခြားသူသုံးယောက်ကိုလည်း ကြိုးစားပမ်းစား ကယ်နိုင်ခဲ့တယ်။ တက်လာတဲ့ရေ၊ အအေးဒဏ်နဲ့ ညဘက်ဆီးနှင်းကျတာတွေကြောင့် အသက်ရှင်လွတ်မြောက်ခဲ့သူ နည်းနည်းပဲရှိတယ်။ အကူအညီတောင်းနေတဲ့ တခြားသူတွေကို မကယ်နိုင်ခဲ့ကြဘူး။”

ငလျင်မလှုပ်ခင်မှာ အီဝါတေးဒေသ၊ ကာမာရှီမြို့က မီဒိုရီ ဟာ အဘိုးအဘွားတွေနဲ့အတူ ပျော်ခဲ့တယ်။ သူက အထက်တန်းကျောင်းကို မကြာသေးခင်ကပဲ အောင်ခဲ့တာဖြစ်ပြီး အိုမင်းမစွမ်းဖြစ်နေတဲ့ အဘိုးကို သူ့ရဲ့အောင်လက်မှတ် ပြခဲ့တယ်။ အဘိုးက အောင်လက်မှတ်ကို အသံကျယ်ကျယ်ဖတ်ပြီး သူ့ရဲ့ကြိုးစားမှုကို ချီးမွမ်းတယ်။ ဒီဝမ်းသာစရာအဖြစ်အပျက်ဖြစ်ပြီး ငါးရက်ကြာတော့ ငလျင်လှုပ်တာဖြစ်တယ်။

မီဒိုရီနဲ့ သူ့အမေ ယူကို က ဆူနာမီလှိုင်းဝင်လာမယ်ဆိုတာသိပြီး ဘေးလွတ်ရာကိုသွားဖို့ အဘိုးအဘွားတွေကို တိုက်တွန်းကြတယ်။ ဒါပေမဲ့ အဘိုးက “ငါ မသွားဘူး။ ဆူနာမီလှိုင်းတွေ တစ်ခါမှ ဒီအထိမရောက်ဖူးဘူး” လို့ပြောတယ်။ သူတို့က အဘိုးကို အိမ်ထဲကနေ ချီထုတ်ဖို့ကြိုးစားကြပေမဲ့ မ,မနိုင်ကြဘူး။ ဒါကြောင့် အကူအညီတောင်းဖို့ ထွက်လာကြတယ်။ အဲဒီအချိန်မှာပဲ ဆူနာမီလှိုင်းက ကမ်းခြေကိုရောက်နေပြီ။ အနီးအနားတောင်ကုန်းပေါ်က အမျိုးသားတွေက “ပြေးကြဟေ့၊ ပြေးကြ” လို့ အော်ပြောကြတယ်။ လှိုင်းလုံးက တစ်အိမ်ပြီးတစ်အိမ်ကို ဝါးမျိုပစ်လိုက်တယ်။ မီဒိုရီရဲ့ “အဘိုး၊ အဘွား” ဆိုတဲ့ ထိတ်ထိတ်ပျာပျာအော်သံတွေက ကျယ်ကျယ်လောင်လောင် ပဲ့တင်ထပ်နေတယ်။ နောက်ပိုင်း သူ့အဘိုးရဲ့အလောင်းကို ပြန်တွေ့ပေမဲ့ အဘွားကိုတော့ ပြန်မတွေ့တော့ဘူး။

အကူအညီပေးဖို့ ကြိုးစားအားထုတ်မှုများ

ဂျပန်အစိုးရက ဂျပန်နိုင်ငံတစ်ဝန်းလုံးက မီးသတ်တပ်ဖွဲ့တွေ၊ ရဲသားတွေ၊ ကာကွယ်ရေးစစ်သားတွေကို စေလွှတ်ပေးခဲ့တယ်။ အချိန်တိုအတွင်းမှာပဲ ကယ်ဆယ်ရေးလုပ်ငန်းမှာ လူပေါင်း ၁၃၀,၀၀၀ ကျော်ပါဝင်ခဲ့ကြတယ်။ နောက်ပိုင်း တခြားနိုင်ငံတွေနဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေကနေလည်း အကူအညီတွေ ရခဲ့တယ်။ မကြာခင်မှာပဲ ကယ်ဆယ်ရေးအဖွဲ့တွေ၊ ဆေးဘက်ဆိုင်ရာ၀န်ထမ်းတွေ ရောက်လာကြတယ်။ သူတို့တွေက အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေကြ၊ ဆေးဝါးကုသပေးကြပြီး အပျက်အစီးတွေကို ရှင်းပေးကြတယ်။

အဖွဲ့အစည်းအသီးသီးက သူတို့ရဲ့အဖွဲ့ဝင်တွေကို ကူညီပေးကြတယ်။ ယေဟောဝါသက်သေတွေလည်း အဲဒီလိုပဲ။ သောကြာနေ့မွန်းလွဲပိုင်းမှာ ငလျင်လှုပ်ပြီး ဆူနာမီဝင်ပြီးတာနဲ့ချက်ချင်းလိုလိုပဲ သက်သေခံတွေဟာ သူတို့နဲ့ပုံမှန်စည်းဝေးဝတ်ပြုသူတွေ လုံခြုံမှုရှိမရှိ စစ်ဆေးခဲ့ကြတယ်။ ဒါပေမဲ့ နေရာများစွာမှာ လမ်းတွေပိတ်နေတယ်၊ လျှပ်စစ်မီးနဲ့ တယ်လီဖုန်းလိုင်းတွေလည်း ပျက်တောက်နေတယ်။ အဲဒီအပြင် ထိခိုက်ပျက်စီးတဲ့ဒေသက ကျယ်ပြန့်လွန်းတော့ လူရှာရတာ မလွယ်လှဘူး။

ဖူကူရှီးမားဒေသ၊ စိုမာမြို့က ယေဟောဝါသက်သေအသင်းတော် အကြီးအကဲတစ်ဦးဖြစ်တဲ့ တာကာယူကီ က အဲဒီဆိုးရွားတဲ့သောကြာနေ့မွန်းလွဲပိုင်းမှာ မိသားစုအနည်းငယ်နဲ့ပဲ အဆက်အသွယ်ရခဲ့တယ်။ သူဒီလိုပြောတယ်– “နောက်နေ့ ဆက်ရှာမယ်ဆိုပြီး ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ မိုးလင်းတာနဲ့ ကားနဲ့ထွက်လာပြီး နောက်တော့ ခြေလျင်နဲ့ ကျွန်တော့်လူတွေကို ညနေပိုင်းအထိ ဆက်ရှာခဲ့တယ်။ ခိုလှုံဖို့ဆောက်ထားတဲ့အဆောက်အအုံတွေအပါအဝင် နေရာ ၂၀ မှာ သွားရှာခဲ့တယ်။ သူတို့ကိုတွေ့တဲ့အခါ ကျမ်းချက်တွေဖတ်ပြပြီး သူတို့နဲ့အတူ ဆုတောင်းတယ်။”

အီရှီနိုမာကီမြို့က ရှန်ဂျီ ဒီလိုပြောပြတယ်– “ယုံကြည်သူချင်းတွေကိုရှာဖို့ ကျွန်တော်တို့ အုပ်စုတွေဖွဲ့လိုက်တယ်။ ဘေးအန္တရာယ်ကျတဲ့ဒေသကိုလည်းရောက်ရော ကျွန်တော်တို့ စကားတောင်မပြောနိုင်တော့ဘူး။ ကားတွေက ဓာတ်တိုင်တွေပေါ်မှာ ချိတ်နေတယ်။ အိမ်တွေဆိုရင် တစ်ခုအပေါ်တစ်ခု အထပ်လိုက်ပဲ။ အပျက်အစီးတွေဆိုရင် အိမ်တွေထက်တောင် ပိုမြင့်သေးတယ်။ ကားတစ်စီးရဲ့အမိုးမှာ အလောင်းတစ်ခုတွေ့တယ်၊ ညအအေးဒဏ်ကိုမခံနိုင်လို့ သေဆုံးသွားပုံရတယ်။ နောက်ကားတစ်စီးဆိုရင် အိမ်နှစ်အိမ်ကြားမှာ ဇောက်ထိုးကြီးချိတ်နေတယ်။ အဲဒီအထဲမှာလည်း လူသေအလောင်းရှိတယ်။”

ရှန်ဂျီဟာ ခိုလှုံတဲ့အဆောက်အအုံတွေမှာ ၀တ်ပြုသူချင်းတွေကို ရှာတွေ့တဲ့အခါ စိတ်သက်သာသွားတယ်။ “သူတို့ကိုတွေ့တဲ့အခါ သူတို့ကို ကျွန်တော် ဘယ်လောက်ချစ်တယ်၊ ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ ကျွန်တော်သိခဲ့ရတယ်” လို့သူပြောတယ်။

“ရောက်လာတာမြန်လိုက်တာ”

အမျိုးသမီးငယ်နှစ်ဦးဖြစ်တဲ့ ယူအီ နဲ့ မီဇူကီ က မီယာဂီဒေသ၊ မီနာမီစန်ရီကူမြို့မှာနေတဲ့ အိမ်နီးချင်းတွေဖြစ်တယ်။ ဦးဆုံးအကြိမ်ငလျင်လှုပ်တာရပ်သွားတာနဲ့ သူတို့နှစ်ယောက်စလုံး အိမ်ပြင်ကိုထွက်လာတော့ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြတယ်။ သူတို့နှစ်ယောက် အတူတူ ကုန်းမြင့်ဘက်ကို ထွက်ပြေးခဲ့ကြတယ်။ ဆယ်မိနစ်တောင်မကြာလိုက်ဘူး၊ တစ်လုံးပြီးတစ်လုံးတက်လာတဲ့ လှိုင်းတွေကြောင့် သူတို့ရဲ့အိမ်အပါအဝင် မြို့တစ်မြို့လုံး ရေထဲပါသွားတော့တယ်။

ယူအီ နဲ့ မီဇူကီ က ခိုလှုံတဲ့အဆောက်အအုံမှာ တခြားသက်သေခံတွေကိုတွေ့ကြပြီး သူတို့တွေ အတူတူဆုတောင်းကြတယ်။ နောက်နေ့မနက်မှာ သူတို့အသင်းတော်နဲ့ အနီးအနားအသင်းတော်က သက်သေခံတွေက အစားအစာတွေနဲ့ အထောက်အပံ့ပစ္စည်းတွေယူလာပေးဖို့ တောင်ကိုကျော်လာခဲ့ကြတယ်။ ယူအီနဲ့ မီဇူကီက “ရောက်လာကြမယ်ဆိုတာကိုတော့ သိပါတယ်။ ဒါပေမဲ့ ရောက်လာတာမြန်လိုက်တာ” လို့တအံ့တသြနဲ့ ပြောကြတယ်။

တိုမီအသင်းတော်က သက်သေခံအကြီးအကဲတစ်ဦးဖြစ်တဲ့ ဟီဒီဟာရူ က လူတွေခိုလှုံနေတဲ့ ကျောင်းအဆောက်အအုံတစ်ခုဆီ ရောက်သွားခဲ့ပုံကို ဒီလိုပြောပြတယ်– “ကမ်းရိုးတန်းတစ်လျှောက်မှာနေတဲ့ မိတ်ဆွေတွေကို ကျွန်တော် တစ်ညလုံး ကြိုးစားရှာခဲ့တယ်။ တချို့သူတွေဟာ ကျောင်းတစ်ကျောင်းမှာ ခိုလှုံနေကြတယ်ဆိုတဲ့ သတင်းကို မနက် ၄ နာရီမှာရတယ်။ မနက် ၇ နာရီမှာ ကျွန်တော်တို့ဆယ်ယောက်က ထမင်းထုတ်တွေပြင်ဆင်ပြီး သုံးယောက်က ကားနဲ့သွားပို့တယ်။ ခုလို တခြားသူတွေကိုကူညီဖို့ ကြိုးစားတဲ့သူတွေထဲမှာ ကိုယ့်အိမ်တွေဆုံးရှုံးသွားတဲ့ သူတွေတောင်ပါတယ်။ လမ်းအများစုက သွားလို့မရတော့ တော်တော်လေးကြိုးစားပြီးမှ ကျောင်းကို ရောက်ခဲ့ကြတယ်။”

ကျမ်းစာလေ့လာဖို့ အတူစုဝေးခဲ့ကြ

ယေဟောဝါသက်သေတွေဟာ သမ္မာကျမ်းစာလေ့လာဖို့ ပုံမှန်စုဝေးကြတယ်။ တချို့အသင်းတော်တွေက သောကြာနေ့ညတွေမှာ စုဝေးလေ့ရှိတယ်။ ရီကူဇန်တာကာတာအသင်းတော်မှာလည်း သောကြာနေ့ညမှာ စုဝေးလေ့ရှိပေမဲ့ သူတို့ရဲ့ခန်းမက ဆူနာမီရေလှိုင်းကြောင့် ပျက်စီးသွားပြီ။ ဒါပေမဲ့ သက်သေခံတစ်ဦးက “ဘာပဲဖြစ်ဖြစ် အစည်းအဝေးတော့ လုပ်ကြရအောင်” လို့အကြံပေးတယ်။ ဒါနဲ့ ဆိုးဆိုးရွားရွား မပျက်စီးတဲ့ အိမ်တစ်လုံးကိုရွေးလိုက်ပြီး အသင်းသားတွေကို အကြောင်းကြားလိုက်တယ်။

လျှပ်စစ်မီးတွေပျက်တောက်နေပေမဲ့ မီးစက်တော့ရနိုင်တဲ့အတွက် မီးရခဲ့တယ်။ ဆယ့်ခြောက်ယောက် တက်ရောက်ခဲ့ကြတယ်။ “ကျွန်တော်တို့ ဝမ်းသာလို့ မျက်ရည်တောင်ကျတယ်။ ဒါက အကောင်းဆုံးခိုလှုံရာနေရာပဲ” လို့ လူငယ် ယာစူယူကီ ကပြောတယ်။ သူ့ရဲ့တိုက်ခန်းကလည်း ဆူနာမီလှိုင်းကြောင့် ပျက်စီးသွားပြီ။ ဟီဒီကို ကလည်း ဒီလိုပြောတယ်– “အင်အားပြင်း နောက်ဆက်တွဲငလျင်တွေက အစည်းအဝေးကို အနှောင့်အယှက်ဖြစ်စေပေမဲ့ ကျွန်မတို့ အတူရှိနေကြတဲ့အတွက် ကျွန်မ မကြောက်တော့ဘူး၊ မစိုးရိမ်တော့ဘူး။”

အဲဒီအသင်းတော်က အစည်းအဝေးတွေကို ပုံမှန်ပြုလုပ်ခဲ့ပြီး တစ်ခါမှမပျက်ခဲ့ဘူး။ နောက်နှစ်ရက်အကြာဖြစ်တဲ့ တနင်္ဂနွေနေ့မှာ “ကပ်ဘေးမှကယ်တင်ခံရသော ကမ္ဘာချီညီအစ်ကိုအသင်းအပင်းတစ်ရပ်” ဆိုတဲ့ ဟောပြောချက်ကို သူတို့ကြားခဲ့ကြရတယ်။

ကယ်ဆယ်ရေးလုပ်ငန်း စီစဉ်ဖွဲ့စည်း

မကြာခင်မှာပဲ အစိုးရအဖွဲ့အသီးသီးက ကယ်ဆယ်ရေးလုပ်ငန်းတွေကို စခဲ့ကြသလို တိုကျိုမြို့အနီး အဘီနာမြို့မှာတည်ရှိတဲ့ ယေဟောဝါသက်သေဌာနခွဲရုံးကလည်း လုပ်ဆောင်ခဲ့တယ်။ ငလျင်လှုပ်ပြီး နောက်နေ့ဖြစ်တဲ့ စနေနေ့မှာ ဌာနခွဲရုံးက ငလျင်ဒဏ်ခံရတဲ့နယ်မြေကို သုံးပိုင်း ပိုင်းခြားတယ်။ ငလျင်လှုပ်ပြီး သုံးရက်မြောက်နေ့ဖြစ်တဲ့ တနင်္လာနေ့မှာ ဌာနခွဲရုံးကကိုယ်စားလှယ်တွေက အဲဒီနယ်မြေတွေကို သွားရောက်ကြည့်ရှုကြတယ်။

ကယ်ဆယ်ရေးလုပ်ငန်းကို လနဲ့ချီပြီး ဆက်လုပ်ဆောင်ခဲ့ကြတယ်။ သက်သေခံတွေပေးပို့တဲ့ ထောက်ပံ့ရေးပစ္စည်း တန်နဲ့ချီကို ဖြန့်ဝေပေးကြတယ်။ တစ်ကြိမ်မှာဆိုရင် ကယ်ဆယ်ရေးဌာနသုံးခု၊ ဂိုဒေါင် ၂၁ ခုနဲ့ တခြားနေရာတွေကနေ ကယ်ဆယ်ရေးပစ္စည်းတွေကို အလျင်အမြန်ပဲ ဖြန့်ဝေပေးခဲ့ကြတယ်။ ပထမနှစ်လအတွင်းမှာ ရာနဲ့ချီတဲ့စေတနာ့ဝန်ထမ်းတွေက အစားအစာ၊ အဝတ်အထည်နဲ့ တခြားလိုအပ်ရာပစ္စည်းစုစုပေါင်းတန်ချိန် ၂၅၀ ကျော်ကို ဖြန့်ဝေပေးကြတယ်။ သက်သေခံတွေက အဲဒီထောက်ပံ့ရေးပစ္စည်းတွေကို အိမ်နီးချင်းတွေနဲ့ မျှဝေသုံးစွဲခဲ့ကြတယ်။

ရီကူဇန်တာကာတာအသင်းတော်နဲ့ အနားက အိုဖူနာတိုအသင်းတော်က ယေဟောဝါသက်သေတွေဟာ လူတွေကို ကျမ်းစာနဲ့အားပေးဖို့ ပြန်လည်တည်ဆောက်ထားတဲ့ ၀တ်ပြုရာခန်းမကို တွဲသုံးခဲ့ကြတယ်။ အဲဒါက ဒေသခံလူတွေ သူတို့ရဲ့ဘဝကို ပြန်တည်ဆောက်ရာမှာနဲ့ ငလျင်နဲ့ဆူနာမီကြောင့်ရတဲ့ စိတ်ဒဏ်ရာကိုကုစားရာမှာ အထောက်အကူပြုပါလိမ့်မယ်။ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့တဲ့ဒေသမှာ သက်သေခံ ၁၄,၀၀၀ ကျော်ရှိတဲ့အထဲမှာ ၁၂ ယောက်သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး ၂ ယောက်က ပျောက်ဆုံးနေဆဲဖြစ်တယ်။

ဒီဆိုးရွားလှတဲ့သဘာဝဘေးကြုံခဲ့ရတဲ့ သက်သေခံများစွာဟာ မိသားစုတစ်စုပြောတဲ့ ဒီစကားမျိုးကို ပြောကြတယ်– “ကျွန်တော်တို့ ထွက်ပြေးတုန်းက တစ်ယောက်ကို အိတ်တစ်လုံးစီပဲရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့လိုအပ်ရာအားလုံးကို ယုံကြည်သူချင်းတွေက ပေးခဲ့ကြတယ်။” စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါရဲ့ကျေးကျွန်တစ်ဦးအနေနဲ့ ယေရှုနဲ့ တမန်တော်တွေပြောခဲ့တဲ့ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းမေတ္တာကို အခုအချိန်မှာခံစားနေရတာက ဝမ်းသာစရာကောင်းလှပါတယ်။ ဒီမေတ္တာကို ဘယ်ဆူနာမီ၊ ဘယ်သဘာဝဘေးအန္တရာယ်ကမှ ပျောက်ပျက်သွားအောင် မလုပ်နိုင်ဘူး။—ယောဟန် ၁၃:၃၄၊ ၃၅; ဟေဗြဲ ၁၀: ၂၄၊ ၂၅; ၁ ပေတရု ၅:၉

[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

နျူကလီးယားယိုစိမ့်မှုကြောင့် အန္တရာယ်ပေါ်

ဆူနာမီလှိုင်းကြောင့် ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ ဓာတ်ပေါင်းဖိုယိုစိမ့်မှုသတင်းက ကမ္ဘာတစ်ဝန်းလုံးမှာ သတင်းခေါင်းစီးဖြစ်ခဲ့တယ်။ ရေဒီယိုသတ္တိကြွဓာတ်ရောင်ခြည်တွေက ဂျပန်နဲ့ တခြားနိုင်ငံတွေအထိ ပျံ့နှံ့ခဲ့တယ်။ ဓာတ်ရောင်ခြည်သင့်နိုင်တဲ့အတွက် ထောင်နဲ့ချီတဲ့သူတွေကို သူတို့ဒေသကနေ ပြောင်းရွှေ့ပေးခဲ့ရတယ်။

မာဂူမီ ဒီလိုပြောတယ်– “ကျွန်မတို့အိမ်က နျူကလီးယားစက်ရုံနားမှာ ရှိတယ်။ ငလျင်လှုပ်ပြီးနောက်နေ့မှာ နျူကလီးယားစက်ရုံ ထိခိုက်ပျက်စီးတဲ့သတင်းရပြီး ထွက်ပြေးကြဖို့ ကျွန်မတို့ကို ပြောတယ်။” သူ့ရဲ့ညီမ နာစူမီ ဒီလိုပြောပြတယ်– “ရဟတ်ယာဉ်တွေ ကောင်းကင်မှာ ပျံဝဲနေတယ်၊ အချက်ပေးဥသြသံတွေလည်း မြည်နေတယ်၊ ထွက်ခွာသွားကြဖို့ အဆက်မပြတ်သတိပေးကြတယ်။” အဲဒီနောက်ပိုင်း သူတို့ဟာ နေရာကိုးနေရာအထိ တစ်နေရာပြီးတစ်နေရာ ပြောင်းခဲ့ရတယ်။ နောက်တော့ ပစ္စည်းတချို့ပြန်ယူဖို့ နှစ်နာရီပဲ အိမ်ပြန်ခွင့်ရခဲ့တယ်။

အသက် ၆၀ ကျော်ရှိပြီဖြစ်တဲ့ ချီကာကို ဟာ ဖူကူရှီးမားဒေသ၊ နာမီယာမြို့မှာ နေတယ်။ “ငလျင်လှုပ်တော့ ကျွန်မက အနားက ခိုလှုံတဲ့အဆောက်အအုံကို သွားလိုက်တယ်။ အင်အားပြင်းတဲ့ နောက်ဆက်တွဲငလျင်တွေ လှုပ်တဲ့အတွက် အဲဒီမှာ ကျွန်မနဲ့ ကျွန်မကလေးနှစ်ယောက် တစ်ညလုံး မအိပ်ခဲ့ရဘူး။ နောက်နေ့မနက် ၇ နာရီမှာ နောက်မြို့ တစ်မြို့မှာရှိတဲ့ ခိုလှုံတဲ့အဆောက်အအုံကို ချက်ချင်းပြောင်းကြဖို့ ကျွန်မတို့ကိုပြောတယ်။

“လမ်းတွေပိတ်နေတဲ့အတွက် မွန်းလွဲ ၃ နာရီလောက်မှ အဲဒီနေရာကို ရောက်ခဲ့တယ်။ အဲဒီကိုရောက်တော့မှ နျူကလီးယားစက်ရုံမှာ ပေါက်ကွဲမှုဖြစ်တဲ့အကြောင်း သိလိုက်ရတယ်။ သိပ်မကြာခင် အိမ်ပြန်ရမယ်လို့ထင်တဲ့အတွက် ကျွန်မတို့ ဘာမှယူမလာခဲ့ကြဘူး။” သူနဲ့ သူ့မိသားစုက တစ်နေရာပြီး တစ်နေရာ ရွှေ့ပြောင်းခဲ့ရပြီး နောက်ဆုံး သူတို့အိမ်နဲ့ အလှမ်းဝေးတဲ့နေရာမှာရှိတဲ့ တိုက်ခန်းတစ်ခုမှာ နေထိုင်ခဲ့ကြရတယ်။

[Credit Line]

Photo by DigitalGlobe via Getty Images

[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ကျွန်ုပ်တို့အားလုံးအတွက် သင်ခန်းစာ

အစပိုင်းမှာဖော်ပြခဲ့တဲ့ ရီကူဇန်တာကာတာမြို့မှာနေတဲ့ ယိုအီချီရဲ့ပစ္စည်းအားလုံးနီးပါး ဆုံးရှုံးသွားတယ်။ သူဒီလိုပြောတယ်– “ရုပ်ပစ္စည်းက လုံခြုံမှုမပေးနိုင်ဘူးဆိုတာ ကျွန်တော့်ကိုယ်တွေ့အရ ကောင်းကောင်းပြောပြနိုင်ပြီ။” ဒီသဘောထားကို ဟိုးအရင်အတည်းက ယေဟောဝါဘုရားသခင်ရဲ့ကျေးကျွန်တွေ တင်ပြခဲ့ကြတယ်။ ဘုရားသခင့်မျက်နှာသာ၊ ကောင်းချီးတွေနဲ့နှိုင်းယှဉ်ရင် ရုပ်ပစ္စည်းတွေက သိပ်အရေးမကြီးကြောင်း ယေရှု ရှင်းပြခဲ့တယ်။ ကိုယ်တော်ရဲ့သွန်သင်ချက်ကို သိရှိခဲ့သူတွေဟာ အထူးသဖြင့် ဒီသဘောထားကို တင်ပြကြတယ်။—မဿဲ ၆:၁၉၊ ၂၀၊ ၃၃၊ ၃၄

နောက်သင်ခန်းစာတစ်ခုကတော့ သတိပေးချက်ရတဲ့အခါ တုံ့ပြန်လုပ်ဆောင်ရမယ်ဆိုတဲ့အချက် ဖြစ်တယ်။ ဒါက သေရေးရှင်ရေးနဲ့သက်ဆိုင်တယ်။ ငလျင်လှုပ်ခဲ့တဲ့ အဲဒီဒေသမှာ သတိပေးချက်အတိုင်း ချက်ချင်းပဲ ကုန်းမြင့်ဘက်ကိုပြေးသွားကြသူတွေက အသက်ရှင်လွတ်မြောက်တာများတယ်။

[စာမျက်နှာ ၁၂ ပါ မြေပုံ/ရုပ်ပုံများ]

(ကားချပ်အပြည့်အစုံများကို စာစောင်တွင်ကြည့်ပါ)

ဂျပန်

တိုကျို

ကာမာရှီ

ရီကူဇန်တာကာတာ

မီနာမီစန်ရီကူ

အီရှီနိုမာကီ

စိုမာ

ဖူကူရှီးမား နျူကလီးယားစက်ရုံ

အဘီနာ

ယေဟောဝါသက်သေ ဌာနခွဲရုံး

[ရုပ်ပုံများ]

ရီကူဇန်တာကာတာမြို့၊ အီဝါတေး

စိုမာမြို့၊ ဖူကူရှီးမား

အီရှီနိုမာကီမြို့၊ မီယာဂီ

ကာမာရှီမြို့၊ အီဝါတေး

မီနာမီစန်ရီကူမြို့၊ မီယာဂီ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဟာရူမီနဲ့ တာဒါယူကီ

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ယိုအီချီနဲ့ တာစူကို

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

တိုရူ

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

တိုရူရဲ့ ကား

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ယူကို နဲ့ မီဒိုရီ

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

တာကာယူကီ

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ရှန်ဂျီ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

မီဇူကီနဲ့ ယူအီ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဟီဒီဟာရူ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေကြ

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ဆူနာမီလှိုင်းဒဏ်ခံရပြီးနောက် ရီကူဇန်တာကာတာ ဝတ်ပြုရာခန်းမ

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

သုံးလကြာပြီးနောက် အခြေအနေ

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ပြီးစီးသွားပြီဖြစ်တဲ့ ဝတ်ပြုရာခန်းမ

[Picture Credit Line on page 14]

JIJI PRESS/​AFP/​Getty Images