မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မရိုးမသားလုပ်စေတဲ့ ဖိအားများ

မရိုးမသားလုပ်စေတဲ့ ဖိအားများ

မရိုးမသားလုပ်စေတဲ့ ဖိအားများ

“စီးပွားရေးမှာ ရိုးသားတယ်ဆိုတာ ခေတ်ကုန်သွားပါပြီ။ အခုအချိန်မှာ ရိုးသားနေရင်တော့ ဆုံးရှုံးဖို့ သေချာသလောက်ပဲ။”—အမေရိကန်နိုင်ငံမှ စတီဗင်။

စိတ်ပျက်စရာကောင်းတဲ့ အဲဒီမှတ်ချက်ကို သင် သဘောတူပါသလား။ မရိုးမသားလုပ်ရင် အကျိုးရှိတယ်၊ အနည်းဆုံး အချိန်တိုအတွက် အကျိုးအမြတ်ရရှိတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါကြောင့်လည်း ရိုးသားဖို့ကြိုးစားသူတွေဟာ အောက်ဖော်ပြပါအခြေအနေတွေမှာ ပြင်းထန်တဲ့ဖိအားနဲ့ ရင်ဆိုင်ကြရတယ်။

ကိုယ်ကိုယ်တိုင်ရဲ့ တပ်မက်မှု။ ပိုက်ဆံပိုရတဲ့အခါ ဒါမှမဟုတ် နောက်ဆုံးပေါ်ပစ္စည်းတွေ ထပ်ရတဲ့အခါ မပျော်တဲ့သူ ဘယ်သူရှိမလဲ။ ဒါကြောင့်လည်း မရိုးသားတဲ့နည်းနဲ့ ငွေကြေးအကျိုးအမြတ်ရမယ်ဆိုတဲ့ အခွင့်အရေးကြုံတဲ့အခါ ဒါကို ငြင်းဖို့ ခက်ခဲတာဖြစ်တယ်။

● “ကျွန်တော်က ကုမ္ပဏီကိုယ်စား စာချုပ်ချုပ်ပေးရတယ်။ လာဘ်ထိုးမှုတွေက ကြုံနေကျပဲ။ လွယ်လွယ်နဲ့ ငွေရမယ်ဆိုတဲ့ ဆွဲဆောင်မှုက တကယ့်ကို တွန်းလှန်ရခက်တယ်။”—အရှေ့အလယ်ပိုင်းမှ ဖရန့်။

အမြတ်အများဆုံးရဖို့ ဖိအားပေးခံရ။ မကြာသေးမီနှစ်တွေမှာ ကမ္ဘာတစ်ဝန်းက စီးပွားရေးလုပ်ငန်းတွေက စီးပွားရေးကျဆင်းမှုအခြေအနေနဲ့ ကြုံခဲ့ကြရတယ်။ အဲဒီအပြင် အလျင်အမြန်ပြောင်းလဲနေတဲ့ နည်းပညာနဲ့ တိုးများလာတဲ့ ပြည်တွင်း၊ ပြည်ပ ပြိုင်ဘက်တွေနဲ့လည်း ရင်ဆိုင်ကြရတယ်။ အဲဒီလိုအခြေအနေအောက်မှာ လုပ်ငန်းရှင်တွေနဲ့ မန်နေဂျာတွေ ချမှတ်ထားတဲ့ပန်းတိုင်တွေကို လိုက်မီဖို့ဆိုရင် မရိုးမသားလုပ်ဖို့တစ်နည်းပဲရှိတယ်လို့ အလုပ်သမားတွေ ခံစားကြရနိုင်တယ်။

● “အဲဒီလို လုပ်ကိုလုပ်ရမယ်လို့ ကျွန်တော်ထင်တယ်။ . . . အဲဒီလိုမှမလုပ်ရင် ကျွန်တော်တို့ရဲ့ကုမ္ပဏီ အရင်းပြုတ်သွားလိမ့်မယ်။”—လာဘ်ပေးလာဘ်ယူမှုကြောင့် အဖမ်းခံရတဲ့ ရစ်ချက် စီကာခရီ။—The New York Times.

တခြားသူတွေထံက ဖိအား။ တစ်ခါတလေ အလုပ်ဖော်တွေ၊ ဖောက်သည်တွေက သူတို့နဲ့အတူပူးပေါင်းပြီး မရိုးမသားလုပ်ဖို့ အကြံပေးနိုင်တယ်၊ အကျပ်ကိုင်တဲ့အခါတွေတောင် ရှိနိုင်တယ်။

● “အဓိကဖောက်သည်ရဲ့ မန်နေဂျာတစ်ဦးက သူ့ကို ‘ရှယ်ယာ’ မပေးရင်၊ ဆိုလိုတာက သူ့ကို တိတ်တဆိတ် ငွေမပေးဘူးဆိုရင် သူနဲ့ အလုပ်ဖြစ်မှာမဟုတ်ဘူးဆိုပြီး ပြောတယ်။”—တောင်အာဖရိကမှ ယိုဟန်။

ထုံးစံ။ တချို့ဒေသတွေမှာ စီးပွားရေးလုပ်ငန်းလုပ်ရင် လက်ဆောင်ပေးလေ့ရှိတဲ့ ထုံးစံဖြစ်နေတယ်။ အဲဒီလို လက်ဆောင်တွေ ပါလာတဲ့အခါ ရိုးသားတယ်၊ မရိုးသားဘူးဆိုတာကို ခွဲခြားရ အရမ်းခက်သွားတယ်။ နိုင်ငံများစွာမှာ အကျင့်ပျက်ဝန်ထမ်းတွေက ပိုက်ဆံမပေးမခြင်း သူတို့လုပ်ရမယ့်အလုပ်တွေကို မလုပ်ပေးကြဘူး။ တချို့တွေကျတော့ ပိုက်ဆံရမှ ကောင်းကောင်းဆက်ဆံတာတွေ ရှိတယ်။

● “ဘောက်ဆူးပေးတာလား၊ လာဘ်ထိုးတာလားဆိုတာ ခွဲခြားရတာ အမြဲခက်တယ်။”—ကိုလံဘီယာမှ ဝီလီယံ။

ပတ်ဝန်းကျင်။ ဆင်းရဲတွင်းနက်လွန်းတဲ့ ဒါမှမဟုတ် တိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့ဒေသမှာ နေထိုင်သူတွေဟာ မရိုးမသားလုပ်ဖို့ အကြီးအကျယ် ဖိအားပေးခံရကြတယ်။ အဲဒီလိုဝန်းကျင်မျိုးမှာ မလိမ်ချင်၊ မခိုးချင်တဲ့သူကို မိသားစုကို ကောင်းကောင်းမရှာကျွေးသူအဖြစ် ရှုမြင်ကြတယ်။

● “အဖမ်းမခံရမချင်း မရိုးမသားလုပ်တာကို လိုအပ်တဲ့၊ လက်ခံနိုင်တဲ့ သာမန်လုပ်ရပ်တစ်ခုအဖြစ် ရှုမြင်ကြတယ်။”—ကွန်ဂို ကင်ရှာဆာမှ တိုမစီ။

ရိုးသားမှုစံချိန် လျော့ကျလာ

မရိုးမသားလုပ်စေတဲ့ ဖိအားတွေဟာ တော်တော်လေးကို ဩဇာလွှမ်းနိုင်တယ်။ စစ်တမ်းတစ်ခုအရ ဩစတြေးလျက လုပ်ငန်းမန်နေဂျာ ၁၀ ဦးမှာ ၉ ဦးက လာဘ်ပေးလာဘ်ယူမှုဟာ “မှားယွင်းတယ်၊ ဒါပေမဲ့ ရှောင်လွှဲလို့မရနိုင်ရာဖြစ်တယ်” ဆိုပြီး ရှုမြင်ကြတယ်။ အမေးခံရသူတွေက သူတို့ဟာ အလုပ်ဖြစ်မြောက်ဖို့၊ သူတို့ကုမ္ပဏီအတွက် အကျိုးအမြတ်ရစေဖို့ဆိုရင် ကိုယ်ကျင့်တရားကို ဘေးချိတ်ဖို့ ဝန်မလေးဘူးလို့ ပြောကြတယ်။

ဒီလိုမရိုးမသားလုပ်နေသူတွေက သူတို့ကိုယ်သူတို့ ရိုးသားသူတွေပါလို့ ရှုမြင်လေ့ရှိကြတယ်။ ဘယ်လိုလုပ်ပြီး အဲဒီလို ရှုမြင်နိုင်တာလဲ။ ဂျာနယ်တစ်စောင် (Journal of Marketing Research) က ခုလို ရှင်းပြတယ်– “လူတွေက အကျိုးအမြတ်ရတဲ့အထိ မရိုးမသားလုပ်ကြပြီး သူတို့ကိုယ်သူတို့ ရိုးသားသူတွေပါလို့ နာမည်တပ်နိုင်လောက်အောင်တော့ ရိုးသားတဲ့လုပ်ရပ်တွေ လုပ်ကြတယ်။” သူတို့ရဲ့ အတွင်းစိတ်နှောင့်ယှက်မှုကို လျော့ပါးအောင် နည်းအမျိုးမျိုးနဲ့ ဆင်ခြေပေးကြတယ်၊ သူတို့လုပ်ရပ်ကို ဘာမှမဟုတ်သလို လုပ်တတ်ကြတယ်။

ဥပမာ၊ မရိုးသားတဲ့လုပ်ရပ်ကို အပြစ်လို့မမြင်အောင် လှည့်ပတ်ပြောဆိုကြတယ်။ လိမ်ညာတာကို “ဝယ်သူစိတ်ချမ်းသာအောင် ပြောတာပါ” ဒါမှမဟုတ် “စီးပွားရေးလောကမှာ အားလုံးလည်း ဒီလိုပဲလုပ်နေကျပါ” ဆိုပြီး ဆင်ခြေပေးကြတယ်။ လာဘ်ထိုးတာကိုလည်း “လက်ဖက်ရည်ဖိုး” ဒါမှမဟုတ် “အမြန်ကြေး” ဆိုပြီး သုံးနှုန်းကြတယ်။

တချို့ကျပြန်တော့ ရိုးသားမှုကို တစ်မျိုးတစ်မည်အဓိပ္ပာယ်ဖွင့်ဆိုပြီး မရိုးသားတဲ့လုပ်ရပ်တွေကို ဆင်ခြေပေးကြတယ်။ ငွေကြေးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ တွမ်က ခုလိုမှတ်ချက်ချတယ်– “လူတွေက ရိုးသားမှုကို တကယ်မှန်ကန်တဲ့အရာဟုတ်မဟုတ်ထက် ပြစ်ဒဏ်ခံရမရဆိုတဲ့အပေါ်မူတည်ပြီး ဆုံးဖြတ်ကြတယ်။” စီးပွားရေး အလုပ်အမှုဆောင်ဟောင်းတစ်ဦးဖြစ်သူ ဒေးဗစ်က ခုလိုပြောတယ်– “မရိုးသားမှုပေါ်သွားတာကိုတော့ မကြိုက်ကြပေမဲ့ မပေါ်မချင်းတော့ လက်ခံနိုင်ဖွယ်ရာအဖြစ် ရှုမြင်ကြတယ်။ လက်တစ်လုံးခြားလုပ်နိုင်သူတွေကို ‘ကြံရည်ဖန်ရည်ရှိသူတွေ၊’ ကျွမ်းကျင်သူတွေဆိုပြီး ချီးမွမ်းကြတယ်။”

လူများစွာက မရိုးသားမှုဆိုတာ အောင်မြင်မှုအတွက်လိုအပ်တဲ့ လှေကားတစ်ထစ်ဆိုပြီးတော့တောင် ပြောကြတယ်။ ဝါရင့် စီးပွားရေးသမားတစ်ယောက်က “ယှဉ်ပြိုင်လိုစိတ်က ‘အလုပ်ရဖို့ ဘာမဆိုလုပ်ရမယ်’ ဆိုပြီး လူတွေကို တွေးထင်စေတယ်” ဆိုပြီးမှတ်ချက်ချတယ်။ ဒါက တကယ်မှန်ရဲ့လား။ ဒါမှမဟုတ် မရိုးသားတာကို ဆင်ခြေပေးဖို့ကြိုးစားနေကြသူတွေက “မှားယွင်းသောအတွေးအခေါ်ဖြင့် မိမိကိုယ်ကို လှည့်စား” နေသူတွေလား။ (ယာကုပ် ၁:၂၂) ရိုးသားမှုရဲ့ လက်တွေ့အကျိုးကျေးဇူးတွေကို ဆက်ဖတ်ကြည့်ပါ။

[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

“လူတွေက ရိုးသားမှုကို တကယ်မှန်ကန်တဲ့အရာဟုတ်မဟုတ်ထက် ပြစ်ဒဏ်ခံရမရဆိုတဲ့အပေါ်မူတည်ပြီး ဆုံးဖြတ်ကြတယ်”

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

လူများစွာက မရိုးသားမှုဆိုတာ အောင်မြင်မှုအတွက်လိုအပ်တဲ့ လှေကားတစ်ထစ်ဆိုပြီးတော့ ပြောကြ