မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရိုးသားမှုက စစ်မှန်တဲ့အောင်မြင်မှုကိုဖြစ်စေ

ရိုးသားမှုက စစ်မှန်တဲ့အောင်မြင်မှုကိုဖြစ်စေ

ရိုးသားမှုက စစ်မှန်တဲ့အောင်မြင်မှုကိုဖြစ်စေ

“လူတစ်ဦးသည် စည်းစိမ်ကြွယ်ဝသော်လည်း သူ၏စည်းစိမ်၌ အသက်မတည်။”—လုကာ ၁၂:၁၅

ဝင်ငွေရှိဖို့ဆိုတာ ဘဝမှာ မရှိမဖြစ် လိုအပ်ရာဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်မိသားစုကို ထောက်ပံ့ဖို့ ကျွန်ုပ်တို့ကို ဘုရားသခင် တာဝန်ပေးထားတယ်။—၁ တိမောသေ ၅:၈

ဒါပေမဲ့ ငွေရှာတာနဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်ဖို့ကြိုးစားတာက အသက်ရှင်ရပ်တည်ဖို့အတွက်သာ မကတော့ဘဲ သင့်ဘဝရဲ့အဓိကအရာဖြစ်လာတယ်ဆိုရင်ကော။ စည်းစိမ်ဥစ္စာကို အဓိကထားတဲ့သူတွေဟာ အဲဒါကို လွယ်လွယ်နဲ့ရနိုင်တဲ့နည်းက မရိုးသားတဲ့နည်းဖြစ်တယ်ဆိုတာ တွေ့ရှိကြတယ်။ မရိုးသားမှုက စစ်မှန်တဲ့အောင်မြင်မှုကို ပျက်စီးစေတယ်ဆိုတာ အချိန်လွန်မှပဲ အသိဝင်လာကြတယ်။ ဒါ့အပြင် သမ္မာကျမ်းစာမှာ ပြောထားသလို ငွေကိုတပ်မက်ခြင်းက ထိခိုက်နာကျင်မှုများစွာ ခံစားရစေတယ်။—၁ တိမောသေ ၆:၉၊ ၁၀

အောင်မြင်မှုဆိုတာ ပစ္စည်းဥစ္စာရှိခြင်းပဲမဟုတ်ကြောင်း ဖော်ပြတဲ့ နမူနာလေးခုကို သုံးသပ်ကြည့်ပါ။

မိမိကိုယ်ကိုယ် လေးစားမှု

“လွန်ခဲ့တဲ့နှစ်အတော်ကြာတုန်းက ဒေါ်လာတစ်သန်းတန် အသက်အာမခံကြေး ဝယ်ယူလိုတဲ့ ဖောက်သည်တစ်ယောက်နဲ့ ကျွန်တော် တွေ့ဆုံခဲ့တယ်။ ဒီအလုပ်ဖြစ်မြောက်ရင် ကျွန်တော့်အတွက် ကော်မရှင်ခ ဒေါ်လာထောင်ချီရမှာဖြစ်တယ်။ သူက သူနဲ့အလုပ်ဖြစ်ချင်ရင် ကျွန်တော်ရတဲ့ကော်မရှင်ခထဲက တစ်ဝက်ပေးရမယ်လို့ပြောတယ်။ သူရဲ့တောင်းဆိုချက်က ကျင့်ဝတ်နဲ့မညီတဲ့အပြင် ဥပဒေနဲ့လည်းမကိုက်ညီဘူး။ သူ့ကိုလည်း အဲဒီအတိုင်း ရှင်းပြတယ်။

“မရိုးသားတဲ့သူတစ်ယောက်ကို ကိုယ့်ရဲ့အတွင်းရေးတွေ၊ ငွေကြေးအချက်အလက်တွေကို တကယ်ပဲ ပြောပြချင်ပါသလားလို့မေးပြီး သူ့ကိုကြိုးစားရှင်းပြခဲ့တယ်။ ကျွန်တော့်ရဲ့ရပ်တည်ချက်ကို ပြန်ပြောပြပြီး သူ့အတွက်အသက်အာမခံကြေး ကိုယ်စားလှယ်အဖြစ် လုပ်ပေးစေချင်တယ်ဆိုရင် ကျွန်တော့်ကို ဆက်သွယ်ဖို့ ပြောလိုက်တယ်။ သူ့ဆီကနေ နောက်ထပ် ဘာအဆက်အသွယ်မှ မရတော့ဘူး။

“သူ့ရဲ့ကမ်းလှမ်းချက်ကိုသာ လက်ခံခဲ့မယ်ဆိုရင် ကျွန်တော်က မရိုးသားသူတစ်ယောက်ဖြစ်သွားမယ်၊ ခရစ်ယာန်တစ်ဦးအနေနဲ့ ကိုယ့်ကိုယ်ကိုယ်လေးစားမှုလည်း ရှိနိုင်တော့မှာမဟုတ်ဘူး။ မရိုးသားတဲ့အကြံအစည်ထဲဝင်လာအောင် သိမ်းသွင်းတဲ့သူရဲ့လက်ခုပ်ထဲ ရောက်သွားမှာဖြစ်တယ်။”—အမေရိကမှ ဒေါန်။

စိတ်ငြိမ်သက်မှု

ဦးဆုံးဆောင်းပါးမှာ ဖော်ပြခဲ့တဲ့အတိုင်း ဒယ်နီက တွဲအလုပ်လုပ်ဖို့အလားအလာရှိတဲ့ စက်ရုံကို သွားလည်ပတ်တဲ့အခါ စက်ရုံက ပစ္စည်းအရည်အသွေးကိုလိမ်ညာပေးဖို့ သူ့ကို လာဘ်ထိုးငွေအများကြီး ပေးခဲ့တယ်။ သူဘယ်လို တုံ့ပြန်ခဲ့သလဲ။

“ကျွန်တော့်ကို ညစာနဲ့ဧည့်ခံတဲ့အတွက် သူ့ရဲ့ဧည့်ဝတ်ကျေပွန်မှုကို ကျေးဇူးတင်တဲ့အကြောင်း မန်နေဂျာကိုပြောပြီး ငွေထည့်ထားတဲ့စာအိတ်ကို ပြန်ပေးလိုက်တယ်။ ကျွန်တော်သာ ထောက်ခံပေးမယ်ဆိုရင် ဒီထက်မကထပ်ပေးဦးမယ်လို့ပြောပြီး ထပ်ဖိအားပေးပြန်တယ်။ ဒါကိုလည်း ကျွန်တော် ငြင်းခဲ့တယ်။

“အဲဒီငွေကိုသာ လက်ခံခဲ့မယ်ဆိုရင် ဒီကိစ္စပေါ်သွားမလားဆိုပြီး ကျွန်တော် တစ်ချိန်လုံးစိုးရိမ်နေရမှာ။ နောက်ပိုင်း ကျွန်တော့်သူဌေးက ဒီအကြောင်းကို တစ်နည်းနည်းနဲ့ သိသွားတယ်။ မရိုးမသား ဘာမှမလုပ်ခဲ့တဲ့အတွက် ကျွန်တော် စိတ်သက်သာရာရတဲ့အပြင် ပျော်လည်းပျော်တယ်။ ‘မတရားသောစီးပွားကိုရှာသောသူသည် မိမိအိမ်သားတို့ကိုနှောင့်ယှက်တတ်၏။ တံစိုးကိုရွံသောသူမူကား အသက်ချမ်းသာရလိမ့်မည်’ ဆိုတဲ့ သု. ၁၅:၂၇ ပါ ကျမ်းစကားကို ကျွန်တော်သတိရမိတယ်။”—ဟောင်ကောင်မှ ဒယ်နီ။

မိသားစုပျော်ရွှင်မှု

“ကျွန်တော်က ကိုယ်ပိုင်ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု ထောင်ထားတယ်။ ဖောက်သည်တွေဆီကနေ ဖြတ်စားဖို့နဲ့ အခွန်ရှောင်ဖို့ အခွင့်အလမ်းအများကြီးရတယ်။ ဒါပေမဲ့ ရိုးရိုးသားသားနေဖို့ ဆုံးဖြတ်ထားတဲ့အတွက် ကျွန်တော်ကော ကျွန်တော့်မိသားစုပါ အကျိုးရကြတယ်။

“ရိုးသားတယ်ဆိုတာ အလုပ်ချိန်မှာ၊ စီးပွားရေးလောကမှာပဲမဟုတ်ဘူး၊ ဘဝတစ်ခုလုံးနဲ့ သက်ဆိုင်တယ်။ ခင်ပွန်း ဒါမှမဟုတ် ဇနီးသည်က ရိုးသားမှုနဲ့ပတ်သက်တဲ့ ဘုရားသခင့်စံနှုန်းကို ဘယ်တော့မှ အလျှော့ပေးမှာမဟုတ်ဘူးလို့ သိထားမယ်ဆိုရင် အချင်းချင်းပိုယုံကြည်စိတ်ချမှု ရှိစေတယ်။ သင့်ရဲ့ရိုးသားမှုက အခြေအနေအလိုက် ပြောင်းလဲမှာမဟုတ်ဘူးဆိုတာကို သင့်အိမ်ထောင်ဖက်က သိထားမယ်ဆိုရင် ပိုပြီးလုံခြုံတယ်လို့ ခံစားရမှာဖြစ်တယ်။

“သင်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးကုမ္ပဏီတစ်ခုကို ဝယ်ရင်ဝယ်နိုင်မယ်၊ ဒါပေမဲ့ ပြဿနာကင်းတဲ့မိသားစုဘဝကို ငွေနဲ့မဝယ်နိုင်ဘူး။ ယေဟောဝါသက်သေတစ်ယောက်အနေနဲ့ ကျမ်းစာမူတွေကို လိုက်လျှောက်ခြင်းက ဘဝကိုဟန်ချက်ညီစေတယ်ဆိုတာ ကျွန်တော်တွေ့ရတယ်။ လောကမှာ လူအများစုက ငွေနောက်ကောက်ကောက်ပါအောင်လိုက်နေကြပေမဲ့ သူတို့ရဲ့စည်းချက်အတိုင်း မလိုက်တဲ့အတွက် မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေဖို့ အချိန်ရတယ်။”—အမေရိကမှ ဒါလ်ဝင်။

ဘုရားသခင့်မျက်နှာသာ

“ကျွန်မက ကုမ္ပဏီရဲ့အ၀ယ်တော်ဖြစ်တယ်။ တစ်ခါတလေ ပစ္စည်းတွေကို ဈေးလျှော့ပေးတာ ရှိတတ်တယ်။ ကုမ္ပဏီကို လျှော့ဈေးအတိုင်း အတိအကျမတင်ဘဲ ကျွန်မအတွက်ချန်ပြီးတင်ဖို့ အရောင်းကိုယ်စားလှယ်တွေက အကြံပေးကြတယ်။ ဒါပေမဲ့ ဒါလည်း ကုမ္ပဏီရဲ့ငွေကိုခိုးနည်းတစ်မျိုးပါပဲ။

“ကျွန်မက လစာအသင့်အတင့်ပဲရတယ်၊ ဒါကြောင့် အပိုဝင်ငွေတော့ လိုအပ်တာပေါ့။ ဒါပေမဲ့ ယေဟောဝါဘုရားသခင်ရှေ့မှာ ကြည်လင်သန့်ရှင်းတဲ့စိတ်ရှိတာ၊ ကိုယ်တော့်မျက်နှာသာရတာကို ဘာနဲ့မှ မလဲနိုင်ဘူး။ ဒါကြောင့် ဘာအလုပ်ပဲလုပ်လုပ် ‘ငါတို့သည် အရာရာ၌ ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံလို’ ကြတယ်ဆိုတဲ့ ဟေဗြဲ ၁၃:၁၈ မှာပါတဲ့ ကျမ်းစာမူကို ကျွန်မလိုက်နာတယ်။”—ဖိလစ်ပိုင်မှ ရာခေလ။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ရိုးသားတဲ့စီးပွားရေးလုပ်ငန်းအတွက် အခြေခံစည်းမျဉ်းမူများ

စီးပွားရေးလုပ်ငန်း ကျင့်ဝတ်စံနှုန်းတွေက တစ်နေရာနဲ့တစ်နေရာ မတူကြဘူး။ ဒါပေမဲ့ သမ္မာကျမ်းစာစံနှုန်းတွေပေါ် အခြေခံပြီး ဆုံးဖြတ်ချက်ချနိုင်တယ်၊ ချလည်းချသင့်ပါတယ်။ ရိုးသားတဲ့စီးပွားရေးလုပ်ငန်းက အောက်ဖော်ပြပါအချက် ခြောက်ချက်နဲ့ ကိုက်ညီမှုရှိတယ်–

မှန်ကန်မှုရှိရမယ်

မူ– “အချင်းချင်း လိမ်လည်ပြောဆိုခြင်း မပြုကြနှင့်။”—ကောလောသဲ ၃:၉

ဖြောင့်မှန်ရမယ်

မူ– “သင်တို့၏စကားမှာ အဟုတ်ကို အဟုတ်၊ မဟုတ်ကို မဟုတ်ဖြစ်စေကြလော့။”—မဿဲ ၅:၃၇

ယုံကြည်စိတ်ချထိုက်ရမယ်

မူ– “ဝှက်ထားအပ်သောအမှုအရာကို သူတစ်ပါးအား ထုတ်၍မပြနှင့်။”—သု. ၂၅:၉

ရိုးသားရမယ်

မူ– ‘သင်သည် တံစိုးမစားရ။ တံစိုးသည် ပညာရှိတို့၏မျက်စိကို ကွယ်စေတတ်၏။’—ထွက်မြောက်ရာ ၂၃:၈

မျှတမှုရှိရမယ်

မူ– “သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလို သမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့။”—မဿဲ ၇:၁၂

တရားဥပဒေနဲ့ညီရမယ်

မူ– “လူအသီးသီးတို့အား ပေးဆောင်ထိုက်သည့်အတိုင်း ပေးဆောင်ကြလော့။ အခွန်ကိုခံထိုက်သူအား အခွန်ကိုပေးကြလော့။”—ရောမ ၁၃:၇

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

စီးပွားရေးလုပ်ငန်းမှာ ရိုးသားမှု ထိန်းထားနိုင်ပုံ

ဦးစားပေးရမယ့်အရာတွေကို သတ်မှတ်ထားပါ။ ဥပမာ၊ စည်းစိမ်ဥစ္စာပိုင်ဆိုင်တာနဲ့ ဘုရားသခင့်မျက်နှာသာ ဆက်ရရှိနေတာမှာ ဘယ်အရာက ပိုအရေးကြီးသလဲ။

ကြိုတင်ဆုံးဖြတ်ထားပါ။ ရိုးသားမှု စမ်းသပ်ခံရနိုင်တဲ့ အခြေအနေတွေ၊ ဘယ်လိုတုံ့ပြန်မယ်ဆိုတာတွေကို ကြိုတင်စဉ်းစားထားပါ။

သင့်ရပ်တည်ချက်ကို အသိပေးထားပါ။ အလုပ်တစ်ခုစလုပ်ကတည်းက တခြားသူတွေကို သင့်စံနှုန်းတွေကို လိမ္မာပါးနပ်စွာ အသိပေးထားပါ။

တခြားသူတွေရဲ့အကူအညီကိုယူပါ။ သွေးဆောင်ခံနေရတဲ့အခါ ဒါမှမဟုတ် အကျပ်ရိုက်နေတဲ့အခါ သင်နဲ့စံနှုန်းတူတဲ့သူဆီက အကြံဉာဏ်တောင်းခံပါ။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ရိုးသားမယ်ဆိုရင် အတွင်းစိတ်ငြိမ်သက်မယ်