မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရိုးသားမှုရဲ့ အကျိုးကျေးဇူး

ရိုးသားမှုရဲ့ အကျိုးကျေးဇူး

ရိုးသားမှုရဲ့ အကျိုးကျေးဇူး

“လှည့်စား၍ရသောအစာသည် ချိုမြိန်သော်လည်း နောက်၌ စားသောသူ၏ခံတွင်းသည် ကျောက်စရစ်နှင့်ပြည့်လိမ့်မည်။”—သု. ၂၀:၁၇၊ သမ္မာ။

စီးပွားရေးအောင်မြင်ဖို့ မရိုးမသားလုပ်တာ လက်တွေ့ကျသလား။ မကျပါဘူး။ တကယ်တမ်းကျတော့ မရိုးသားတဲ့သူက ကိုယ့်အတတ်ကိုယ်ပြန်စူးတတ်တယ်။ ဘာကြောင့်လဲ။ မရိုးမသားလုပ်ရင် ယုံကြည်မှုဆုံးရှုံးတယ်။ ရိုးသားသူကိုတော့ ယုံကြည်စိတ်ချကြပြီး ဒါက ရေရှည်အောင်မြင်မှုရစေတယ်။

ယုံကြည်စိတ်ချမှုရဲ့ တန်ဖိုး

သင်သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သင့်ရဲ့အောင်မြင်မှုက ရိုးသားတယ်ဆိုတဲ့ သင့်နာမည်ကောင်းနဲ့ ဆက်နွှယ်နေတယ်။ ရှေ့ဆောင်းပါးမှာ ဖော်ပြထားတဲ့ ဖရန့်ရဲ့ အဖြစ်က အဲဒီအချက်ကို ထောက်ခံတယ်။ “ကျွန်တော်အလုပ်စဝင်တုန်းက အလုပ်ရှင်တွေက ကျွန်တော့်ရဲ့ ရိုးသားမှုနဲ့ တည်ကြည်မှုကို နည်းအမျိုးမျိုးနဲ့စမ်းသပ်ခဲ့ကြတယ်။ စမ်းသပ်တယ်ဆိုတာ သိလိုက်တဲ့အခါမှာတော့ ကျွန်တော်အောင်မြင်ခဲ့ပြီးပြီ။ အကျိုးကတော့ ကျွန်တော့်ကို တာဝန်ကြီးတွေနဲ့ လွတ်လပ်မှုပိုပေးတယ်။ ဒါ့အပြင် ပိုင်ရှင်က ရိုးသားမှုအတွက်ဆုတောင်ချခဲ့တယ်။ ကျွန်တော့်ထက် တခြားသူတွေက ပိုပြီးလုပ်နိုင်တယ်၊ ပိုတော်တယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ အလုပ်ရှင်ရဲ့ ယုံကြည်စိတ်ချမှုရလို့ ကျွန်တော် အလုပ်မြဲနေတာ” လို့ ဖရန့်က ပြောပြတယ်။

မိုက်မိုက်မဲမဲ စွန့်စားမှုတွေကိုရှောင်ပါ

ရှေ့ဆောင်းပါးမှာဖော်ပြထားတဲ့ ဒေးဗစ်က ဒီလိုမှတ်ချက်ချတယ်– “လောလောဆယ်အကျိုးရဖို့ စည်းမျဉ်းချိုးဖောက်တဲ့သူတွေကို သတိထားကြည့်တဲ့အခါ ဆိုးကျိုးကိုတော့ ရှောင်လွှဲလို့မရဘူးဆိုတာ တွေ့ရတယ်။ အနှေးနဲ့ အမြန်ပဲကွာတယ်။ တစ်နည်းပြောရရင် မရိုးသားတဲ့လုပ်ရပ်က နောက်ဆုံး တစ်နည်းမဟုတ်တစ်နည်းနဲ့ ပြဿနာဖြစ်စေတယ်။ ကျွန်တော်တို့က ရိုးသားပုံမရတဲ့ စီးပွားရေးအခွင့်အလမ်းတွေကို ငြင်းပယ်ခဲ့ကြတယ်။ အဲဒီအခွင့်အလမ်းတွေကို အရယူခဲ့တဲ့ ကုမ္ပဏီအများစုက နောက်ပိုင်း ပျောက်ကွယ်သွားတယ်။ တချို့ဆိုရင် တရားစွဲခံရတဲ့အထိပဲ။ ကျွန်တော်တို့ကုမ္ပဏီကတော့ ဒီလိုအဖြစ်ဆိုးတွေကို ရှောင်နိုင်ခဲ့တယ်။”

ကဲန်က အာဖရိကအရှေ့တောင်ပိုင်းမှာ နွားမွေးမြူရေးခြံတည်ထောင်နေချိန်တုန်းက လာဘ်ထိုးပြီး သွင်းကုန်တွေမြန်မြန်ရောက်အောင်နဲ့ အခွန်ရှောင်နိုင်အောင် လုပ်နိုင်တဲ့အခြေအနေမှာရှိခဲ့တယ်။ သူဒီလိုပြောပြတယ်– “တခြားမွေးမြူရေးခြံပိုင်ရှင်တွေက အဲဒီအတိုင်း လုပ်ခဲ့ကြတယ်။ ကျွန်တော်တို့ကတော့ ရိုးရိုးသားသားလုပ်တာကြောင့် မွေးမြူရေးခြံအတွက်လိုအပ်တဲ့ ပစ္စည်းအားလုံးရဖို့ ဆယ်နှစ်ကြာခဲ့တယ်။ ဒါပေမဲ့ အကျိုးနပ်ပါတယ်။ လာဘ်ပေးခဲ့သူတွေကတော့ အကျင့်ပျက်ဝန်ထမ်းတွေက ဆက်ပြီးငွေညစ်နေတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြရတယ်။”

စီးပွားရေးအကျပ်အတည်းတွေကို ဖြေရှင်းခြင်း

စီးပွားရေးဆုံးရှုံးတော့မယ့်အခြေအနေက မရိုးမသားလုပ်ဖို့ ပြင်းထန်တဲ့ဖိအားဖြစ်စေတယ်။ ဒါပေမဲ့ အဲဒီလိုအခြေအနေကလည်း ရိုးသားမှုရဲ့ အကျိုးကို ပေါ်လွင်စေနိုင်တယ်။

ဘီလ်ရဲ့အဖြစ်ကိုသုံးသပ်ကြည့်ပါ။ အမေရိကန် အိုးအိမ်စီးပွားရေးလုပ်ငန်း ကျဆင်းနေတုန်းက သူ့ရဲ့ ဆောက်လုပ်ရေးလုပ်ငန်း ဆုံးရှုံးခဲ့တယ်။ သူဒီလိုပြောတယ်– “ကျွန်တော်ဆောက်လုပ်ပေးခဲ့တဲ့ ကုမ္ပဏီတွေက အရှုံးပေါ်သွားတဲ့အတွက် ကျွန်တော့်ကိုပေးရမယ့် ဒေါ်လာသိန်းချီတဲ့ ပိုက်ဆံတွေ မပေးနိုင်တော့ဘူး။ ကျွန်တော်တို့ကုမ္ပဏီအတွက် မျှော်လင့်ချက်မဲ့လာတဲ့အခါ ကျွန်တော်တို့ထဲက တစ်ယောက်ယောက်ကို ငှားချင်သလားဆိုပြီး ပြိုင်ဘက်ကုမ္ပဏီကို မေးမြန်းခဲ့တယ်။ အဲဒီလို တွေ့ဆုံပြီး ၄၈ နာရီအတွင်းမှာပဲ ကျွန်တော်နဲ့ ကျွန်တော့်အလုပ်သမားအများစုကိုငှားဖို့ သူတို့ကမ်းလှမ်းခဲ့တယ်။ ကျွန်တော့်ရဲ့ စေတနာပါပါလုပ်ဆောင်ပေးမှုနဲ့ ရိုးသားမှုကို သိတဲ့အတွက်ကြောင့်လို့ သူတို့ပြောတယ်။”

ဖော်ပြခဲ့တဲ့ တွေ့ကြုံမှုတွေအားလုံးက ယေဟောဝါသက်သေတွေဖြစ်ကြတယ်။ သူတို့ရဲ့စီးပွားရေးစံနှုန်းတွေက သူတို့ရဲ့ဘဝကဏ္ဍအားလုံးလိုပဲ သမ္မာကျမ်းစာအပေါ်အခြေပြုကြတယ်။ တွေ့ခဲ့ရတဲ့အတိုင်း ရိုးသားမှုက စီးပွားရေးလုပ်ငန်းကို မထိခိုက်စေတဲ့အပြင် လက်တွေ့အကျိုးပေးခဲ့တယ်။

မှန်ပါတယ်၊ မရိုးမသားလုပ်ရင် အကျိုးအမြတ်ရှိပုံရတဲ့ အခြေအနေတွေက အမြဲရှိနေမှာပဲ။ ဒါပေမဲ့ အောင်မြင်မှုကို ငွေကြေးအမြတ်အစွန်းနဲ့ပဲ အဓိကတိုင်းတာသလား။

[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]

သင်သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သင့်ရဲ့အောင်မြင်မှုက ရိုးသားတယ်ဆိုတဲ့ သင့်နာမည်ကောင်းနဲ့ ဆက်နွှယ်နေတယ်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

“ကျွန်တော့်ရဲ့ စေတနာပါပါလုပ်ဆောင်ပေးမှုနဲ့ ရိုးသားမှုကို သိတဲ့အတွက်ကြောင့်လို့ သူတို့ပြောတယ်။” —အမေရိကန်က ဘီလ်