မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကွမ်းယာ စားသင့်သလား

ကွမ်းယာ စားသင့်သလား

ကွမ်းယာ စားသင့်သလား

အာရှတိုက်တောင်ပိုင်းမှာ ဖော်ရွေတဲ့လူတစ်ယောက်က လှမ်းပြီးပြုံးပြတယ်၊ အဲဒီအခါ မည်းညစ်နေတဲ့သူ့သွားတွေကို တွေ့လိုက်ရပြီး သူ့ပါးစပ်မှာလည်း သွေးလိုနီရဲနေတဲ့ တံတွေးတွေနဲ့ ပြည့်နေတယ်။ အဲဒီလူ တံတွေးထွေးချလိုက်တဲ့အခါ လမ်းပေါ်မှာ မြင်မကောင်းရှုမကောင်းတဲ့ အနီရောင်အကွက်ကြီးကျန်ခဲ့တယ်။ သူ ကွမ်းယာစားနေခြင်းဖြစ်ပါတယ်။

အာဖရိက အရှေ့ပိုင်း၊ ပါကစ္စတန်၊ အိန္ဒိယ၊ အရှေ့တောင်အာရှတစ်လျှောက်၊ ပါပူဝါနယူးဂီနီနဲ့ မိုက်ခရိုနီးရှားကျွန်းတွေအထိ ကွမ်းယာစားတဲ့သူအရေအတွက် သန်းရာနဲ့ချီရှိပြီး ဒါဟာ ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ဖြစ်တယ်။ ကွမ်းယာသည်တွေက ဈေးနဲ့လမ်းဘေးမှာ ခုံခင်းပြီးရောင်းကြတယ်၊ တစ်ခါတလေ သူတို့ကလေးတွေပါ ပါတတ်တယ်။ တချို့နိုင်ငံက ကွမ်းယာသည်တချို့ကျတော့ နီယွန်မီးရောင်အောက်မှာ မလုံ့တလုံဝတ်ထားတဲ့ “ကွမ်းယာအလှမယ်လေး” တွေကိုရောင်းခိုင်းပြီး ဖောက်သည်တွေကို ဆွဲဆောင်ကြတယ်။

ကမ္ဘာတစ်ဝန်းမှာ ကွမ်းယာရောင်းရငွေ ဒေါ်လာသန်းထောင်နဲ့ချီရှိတယ်။ လူအတော်များများက ဘာကြောင့်ကွမ်းစားကြတာလဲ။ ကွမ်းစားတာက ကျန်းမာရေးကို ဘယ်လိုထိခိုက်စေသလဲ။ ကွမ်းစားခြင်းနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက ဘာပြောထားသလဲ။ ကွမ်းစွဲတဲ့သူတွေ ဒီအကျင့်ကို ဘယ်လိုဖြတ်နိုင်မလဲ။

ကွမ်းယာ

ကွမ်းယာထဲမှာ ကွမ်းသီးစိတ်ပါပြီး အဲဒီကွမ်းသီးကို ပစိဖိတ်နဲ့ အရှေ့တောင်အာရှမှာတွေ့ရတဲ့ အပူပိုင်းဒေသပေါက် အုန်းအမျိုးဝင်အပင်တစ်မျိုးကရတယ်။ ကွမ်းရွက်ကိုတော့ ငရုပ်ကောင်းနဲ့အမျိုးတူတဲ့ သီးခြားအပင်ကနေရတယ်။ ကွမ်းယာစားတဲ့သူတွေက ကွမ်းရွက်ပေါ်မှာ ကွမ်းသီးစိတ်ထည့်၊ ထုံးနည်းနည်းထည့်ပြီး ယာစားကြတယ်။ ထုံးက စိတ်တက်ကြွလန်းဆန်းစေတဲ့ အယ်လကာလွိုက်ဓာတ်ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတယ်။ ကွမ်းယာစားတဲ့သူတချို့က အရသာပိုကဲအောင် အမွှေးနံ့သာ၊ ဆေးရွက်ကြီးနဲ့ အချိုတွေထည့်စားကြတယ်။

ကွမ်းယာက တံတွေးပိုထွက်စေပြီး တံတွေးအရောင်ကိုလည်း သွေးရောင်ပြောင်းသွားစေတယ်။ ဒါကြောင့် ကွမ်းစားတဲ့သူတွေက မကြာခဏ တံတွေးထွေးကြတာဖြစ်တယ်၊ သွားနေတဲ့ယာဉ်ပေါ်ကနေတောင် ကွမ်းသွေးထွေးကြတဲ့အတွက် လမ်းသွားလမ်းလာတွေကို စင်တဲ့အထိပါပဲ။

ကွမ်းယာစားခြင်းက ဆိုးကျိုးဖြစ်စေ

ဂျာနယ်တစ်စောင် (Oral Health) မှာ ဒီလို ဖော်ပြထားတယ်– “သမိုင်းတစ်လျှောက်မှာ ကွမ်းသီးကို အသုံးပြုခဲ့ကြတယ်၊ လူမှုရေးအရ၊ ယဉ်ကျေးမှုအရနဲ့ ဘာသာရေးအရပါ တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ပုံရတယ်။ ကွမ်းစားတာက ဆိုးကျိုးမရှိဘူး၊ စိတ်ကြည်စေတယ်၊ ခန္ဓာကိုယ်ကို နိုးကြားလန်းဆန်းစေတယ်လို့ ကွမ်းစားတဲ့သူတွေက ထင်ကြတယ်။ . . . တကယ်တော့ အထောက်အထားတွေအရ ကွမ်းစားတာဟာ ဆိုးကျိုးကိုဖြစ်စေပါတယ်။” ဘယ်လိုနည်းအားဖြင့်လဲ။

ကွမ်းယာမှာပါတဲ့ အယ်လကာလွိုက်ဓာတ်က ကွမ်းစွဲစေနိုင်တယ်လို့ မူးယစ်ဆေးတိုက်ဖျက်ရေးအာဏာပိုင်တွေ လက်ခံထားကြတယ်။ တချို့ဆိုရင် တစ်ရက်ကို အယာ ၅၀ လောက်စားကြတယ်။ မကြာခင်မှာပဲ သွားတွေ အရောင်စွဲကုန်ပြီး သွားဖုံးရောဂါ ရလာနိုင်တယ်။ အထက်ပါဂျာနယ်အရ ကွမ်းယာစွဲတဲ့သူတွေရဲ့ ပါးစပ်အတွင်းပိုင်းအလွှာဟာ နီညိုရောင်ပြောင်းသွားပြီး အသားမျှင်တွေ ပိုထူလာ၊ ကွဲလာတယ်။ အဲဒါက နာတာရှည်ဖြစ်လာ၊ ပိုဆိုးလာပြီး ကင်ဆာအကြိုရောဂါဖြစ်လာတယ်။

ကွမ်းယာစားခြင်းဟာ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာတွေနဲ့လည်း ဆက်နွှယ်နေတယ်။ အရှေ့တောင်အာရှမှာ အရွယ်ရောက်ပြီး ခံတွင်းကင်ဆာဖြစ်တဲ့သူအများစုဟာ ကွမ်းယာစားတဲ့သူတွေဖြစ်တယ်။ ထိုင်ဝမ်မှာ ခံတွင်းကင်ဆာဖြစ်သူ ၈၅ ရာခိုင်နှုန်းနီးပါးဟာ ကွမ်းယာစားတဲ့သူတွေဖြစ်တယ်။ ဒါ့အပြင် ထိုင်ဝမ်မှာ အသက်သေဆုံးမှုနှုန်းအများဆုံးဖြစ်တဲ့ ရောဂါ ၁၀ ခုထဲမှာ ခံတွင်းကင်ဆာပါဝင်ပြီး ဒီရောဂါဖြစ်ပွားမှုနှုန်းဟာ လွန်ခဲ့တဲ့အနှစ် ၄၀ အတွင်း လေးဆဖြစ်လာတယ်” လို့ သတင်းစာ (The China Post) မှာဖော်ပြထားတယ်။

တခြားနေရာတွေမှာလည်း အဲဒီလိုပါပဲ။ ပါပူဝါနယူးဂီနီသတင်းစာ (Post-Courier) မှာ ဒီလိုဖော်ပြထားတယ်– “ပါပူဝါနယူးဂီနီ ဆေးအဖွဲ့အစည်းရဲ့အဆိုအရ ဒီနိုင်ငံမှာ အထူးကြိုက်နှစ်သက်တဲ့ ကွမ်းစားတဲ့အကျင့်ကြောင့် တစ်နှစ်မှာ အနည်းဆုံး လူအယောက် ၂,၀၀၀ လောက်သေဆုံးပြီး တခြားကျန်းမာရေးပြဿနာများစွာကိုလည်း ဖြစ်ပေါ်စေတယ်။” ဆရာဝန်လည်းဖြစ် ဆေးဘက်ဆိုင်ရာစာရေးဆရာလည်းဖြစ်သူ တစ်ဦးရဲ့အဆိုအရ “ရေရှည်ကွမ်းစားလို့ဖြစ်တဲ့ အကျိုးဆက်က ဆေးလိပ်သောက်သူတွေမှာဖြစ်တဲ့ အကျိုးဆက်တွေလောက်ကို ရှိ” ပြီး အဲဒီအကျိုးဆက်တွေထဲမှာ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါလည်းပါတယ်။

သမ္မာကျမ်းစာက ဘာပြောသလဲ

သမ္မာကျမ်းစာက ဆေးကျမ်းတစ်အုပ်မဟုတ်တဲ့အတွက် ကွမ်းစားခြင်းအကြောင်း သတ်သတ်မှတ်မှတ် ဖော်ပြထားတာတော့မရှိဘူး။ ဒါပေမဲ့ သက်ဆိုင်တဲ့မူတွေတော့ ပါရှိပြီး အဲဒီမူတွေက ပိုသန့်ရှင်း၊ ပိုကျန်းမာပြီး ပိုကောင်းတဲ့အသက်တာကို ရရှိစေနိုင်တယ်။ အောက်ဖော်ပြပါကျမ်းချက်တွေနဲ့ ထွက်ပေါ်လာတဲ့မေးခွန်းတွေကို သုံးသပ်ကြည့်ပါ။

‘ချစ်ရသောသူတို့၊ ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေသောအရာရှိသမျှတို့နှင့် ကိုယ်ကိုကင်းစင်စေလျက်၊ ဘုရားသခင်ကိုကြောက်ရွံ့၍ သန့်ရှင်းလျက် ရှိနေကြစို့။’ (၂ ကောရိန္သု ၇:၁) ‘သန့်ရှင်းသော၊ ဘုရားသခင် လက်ခံဖွယ်သော မိမိတို့၏ကိုယ်ခန္ဓာကို ဆက်သကြလော့။’ (ရောမ ၁၂:၁) ကွမ်းစားခြင်းအားဖြင့် မိမိရဲ့ကိုယ်ခန္ဓာကို ညစ်ညူးစေတဲ့ လူတစ်ယောက်က ဘုရားသခင့်ရှေ့မှာ သန့်ရှင်း၊ စင်ကြယ်တဲ့သူ ဖြစ်ပါ့မလား။

‘ငါတို့သည် ဘုရားသခင်ကြောင့် အသက်ရှင်လျက် ရှိကြပါ၏။’ (တမန်တော် ၁၇:၂၈) “ကောင်းမြတ်သော ဆုကျေးဇူး၊ ပြည့်ဝစုံလင်သော လက်ဆောင်ရှိသမျှသည် အထက်အရပ်မှဖြစ်၏။” (ယာကုပ် ၁:၁၇) အသက်ဆိုတာ ဘုရားသခင်ထံက အဖိုးတန်ဆုလက်ဆောင်ဖြစ်တယ်။ ရောဂါရစေနိုင်တဲ့အကျင့်ကို ပြုကျင့်နေတဲ့သူက ဒီဆုလက်ဆောင်ကို လေးမြတ်ကြောင်း တင်ပြရာရောက်ပါ့မလား။

“မည်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။” (မဿဲ ၆:၂၄) “မည်သည့်အရာကမျှ ငါ့ကိုကျွန်ပြုနိုင်မည်မဟုတ်။” (၁ ကောရိန္သု ၆:၁၂) ဘုရားသခင့်မျက်နှာသာရလိုသူတစ်ယောက်က မသန့်ရှင်းတဲ့အကျင့်တစ်ခုရဲ့ ကျွန်ဖြစ်ဖို့၊ အဲဒီအကျင့်က သူ့ဘဝကို ထိန်းချုပ်ဖို့ ခွင့်ပြုသင့်သလား။

“လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်လော့။” (မာကု ၁၂:၃၁) “ချစ်ခြင်းမေတ္တာသည် လူသားချင်း၏အကျိုးကို မဖျက်ဆီးတတ်။” (ရောမ ၁၃:၁၀) ကွမ်းသွေးတွေကို လမ်းပေါ်၊ လူသွားလမ်းပေါ်နဲ့ တခြားနေရာတွေမှာ ထွေးမယ်ဆိုရင် လူမြင်မကောင်း၊ သန့်ရှင်းမှုမရှိတဲ့အတွက် တခြားသူတွေကို စိတ်ရင်းမှန်နဲ့ချစ်ကြောင်း တင်ပြရာရောက်ပါ့မလား။

“လူသည် မျိုးစေ့ကြဲသည့်အတိုင်းပင် ရိတ်သိမ်းရလိမ့်မည်။” (ဂလာတိ ၆:၇၊ ၈) ဒါက ဘယ်တော့မှမမှားနိုင်တဲ့ အမှန်တရားပါပဲ။ ဒါကြောင့် ကျွန်ုပ်တို့က အကျင့်ဆိုးကို ကျင့်မယ်ဆိုရင် အဲဒါရဲ့ဆိုးကျိုးကို ရိတ်သိမ်းရမှာဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင် အသက်ရှင်စေလိုတဲ့အတိုင်း နေထိုင်မယ်၊ အကျင့်ကောင်းတွေကျင့်မယ်ဆိုရင်တော့ ကောင်းကျိုးတွေကို ရိတ်ရရုံတင်မကဘူး၊ စစ်မှန်ပြီး တည်မြဲတဲ့ပျော်ရွှင်မှုကိုပါ ခံစားရမှာဖြစ်တယ်။ သင်က ဘုရားသခင့်အမြင်မှာ မှန်ရာကိုလုပ်ခြင်းအားဖြင့် အကျိုးဖြစ်စေတဲ့၊ ပိုကောင်းတဲ့အသက်တာနဲ့ နေထိုင်ချင်တယ်၊ ဒါပေမဲ့ ကွမ်းယာစွဲနေတယ်ဆိုရင် ဒီအကျင့်ဆိုးကို ဘယ်လိုအနိုင်ယူနိုင်မလဲ။ လူအတော်များများကို အောင်မြင်စေခဲ့တဲ့ အောက်ဖော်ပြပါ အချက်သုံးချက်ကို ဆုတောင်းသုံးသပ်ကြည့်ဖို့ အားပေးပါတယ်။

ကွမ်းစွဲတဲ့အကျင့်ကို ဖြတ်နိုင်တဲ့ အဆင့်သုံးဆင့်

၁။ စိတ်ပြင်းပြမှုရှိပါ။ အကျင့်ဆိုးတစ်ခုကိုဖြတ်ဖို့ဆိုရင် ဒါက ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာကို သိထားရုံလောက်သာမဟုတ်ဘဲ အဲဒီအကျင့်ဆိုးကို ဖြတ်ချင်တယ်ဆိုတဲ့ စိတ်ပြင်းပြမှုရှိဖို့လိုတယ်။ လူများစွာက ကွမ်းစားတာ၊ ဆေးလိပ်သောက်တာ၊ မူးယစ်ဆေးသုံးတာက ကျန်းမာရေးနဲ့ အသက်ကို ထိခိုက်နိုင်တယ်ဆိုတာ ကောင်းကောင်းသိကြပေမဲ့ အဲဒီအကျင့်တွေကို မဖြတ်ကြဘူး။ သင့်မှာ အကျင့်ဆိုးကိုဖြတ်ချင်တဲ့စိတ်ပြင်းပြလာစေဖို့ သင့်ကိုဖန်ဆင်းတဲ့အရှင်အကြောင်းနဲ့ ကိုယ်တော် သင့်ကို ဘယ်လောက်ချစ်မြတ်နိုးသလဲ ဆိုတဲ့အကြောင်းတွေကို သမ္မာကျမ်းစာကနေ သင်ယူကြည့်ရင်မကောင်းဘူးလား။ သမ္မာကျမ်းစာက “အသက်ရှင်၍ တန်ခိုးရှိ၏” ဆိုပြီး ဟေဗြဲ ၄:၁၂ မှာဖော်ပြထားတယ်။

၂။ ဘုရားသခင်ထံ အကူအညီတောင်းခံပါ။ “တောင်းမြဲတောင်းကြလော့။ တောင်းလျှင် ရလိမ့်မည်။ ရှာမြဲရှာကြလော့။ ရှာလျှင် တွေ့လိမ့်မည်။ ခေါက်မြဲခေါက်ကြလော့။ ခေါက်လျှင် တံခါးဖွင့်ပေးလိမ့်မည်။ အကြောင်းမူကား တောင်းသောသူတိုင်း ရ၏။ ရှာသောသူတိုင်းလည်း တွေ့၏။ ခေါက်သောသူတိုင်းကိုလည်း တံခါးဖွင့်ပေးလိမ့်မည်” လို့ယေရှုခရစ် ပြောခဲ့တယ်။ (လုကာ ၁၁: ၉၊ ၁၀) စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါက ထောက်မမှုနဲ့ခွန်အားရဖို့ ကိုယ်တော်ထံ ဆုတောင်းပြီး စိတ်ရင်းမှန်နဲ့မျှော်ကိုးတာကို တွေ့တဲ့အခါ ကိုယ်တော် သင့်ကို လျစ်လျူရှုမှာမဟုတ်ဘူး။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဆိုပြီး ၁ ယောဟန် ၄:၈ မှာဖော်ပြထားတယ်။ အဲဒီမေတ္တာကို ခံစားခဲ့ရတဲ့သူတစ်ဦးက ခရစ်ယာန်တမန်တော်ပေါလုဖြစ်တယ်။ သူဒီလိုရေးခဲ့တယ်– “ငါ့ကို တန်ခိုးပေးတော်မူသော ကိုယ်တော်အားဖြင့် အရာခပ်သိမ်းကို ငါတတ်စွမ်းနိုင်၏။”—ဖိလိပ္ပိ ၄:၁၃

၃။ တခြားသူတွေရဲ့ အကူအညီကို ယူပါ။ သင်ပေါင်းနေတဲ့ အပေါင်းအသင်းတွေက သင့်အပေါ် အကောင်းဘက်ဖြစ်ဖြစ် အဆိုးဘက်ဖြစ်ဖြစ် ဩဇာလွှမ်းမိုးနိုင်တယ်။ “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏” လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (သု. ၁၃:၂၀) ဒါကြောင့် အပေါင်းအသင်းတွေကို ပညာရှိရှိရွေးချယ်ပါ။ ယေဟောဝါသက်သေတွေထဲမှာလည်း တစ်ချိန်က ကွမ်းစားခဲ့တဲ့သူများစွာ ရှိပါတယ်။ ဒါပေမဲ့ ယုံကြည်သူချင်းတွေနဲ့ပေါင်းသင်းပြီး သမ္မာကျမ်းစာကိုလေ့လာတဲ့အခါ မသန့်ရှင်းတဲ့အကျင့်ကိုဖြတ်ရာမှာ သူတို့လိုအပ်တဲ့ ထပ်ဆင့်အကူအညီတွေကို ရရှိခဲ့ကြတယ်။

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ကွမ်းစားတဲ့အကျင့်ကို သူတို့ဖြတ်ခဲ့ကြ

အရင်တုန်းက ကွမ်းစွဲခဲ့ပေမဲ့ အခုဖြတ်လိုက်နိုင်တဲ့သူ ငါးယောက်နဲ့ နိုးလော့! မဂ္ဂဇင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ သူတို့ဘာပြောသလဲဆိုတာ သုံးသပ်ကြည့်ပါ။

ကွမ်းကို ဘာကြောင့် စစားဖြစ်သွားရတာလဲ

ပေါ်လင်း– ကျွန်မကလေးဘဝမှာ မိဘတွေ စကျွေးရာကနေ ကွမ်းစစားဖြစ်သွားတာပါ။ ဒါက ကျွန်မနေတဲ့ ပါပူဝါနယူးဂီနီက ရွာဓလေ့ဖြစ်တယ်။

ဘက်တီ– ကျွန်မအသက်နှစ်နှစ်အရွယ်မှာ အဖေက ကွမ်းစကျွေးပြီ။ ဆယ်ကျော်သက်အရွယ်မှာ ကွမ်းယာအများကြီးကို အိတ်ထဲထည့်ထားတတ်လို့ ကျွန်မကကွမ်းအစ်နဲ့တူနေတယ်။ ကျွန်မဘယ်လောက်တောင်စွဲသလဲဆိုရင် မနက်မိုးလင်းတာနဲ့ ကွမ်းယာစစားတော့တာပဲ။

ဝမ်ချောင်– ကျွန်တော်အသက် ၁၆ နှစ်မှာကွမ်းစစားခဲ့တယ်။ ဒီလိုစားမှပဲ ခေတ်မီမယ်၊ အရွယ်ရောက်ပြီလို့သတ်မှတ်ခံရမယ်၊ ကျွန်တော့်ကို လက်ခံကြမယ်လို့ ထင်ခဲ့တယ်။

ယုံလျန်– ကွမ်းရောင်းပြီး ကျွန်မဘဝကို အသက်မွေးခဲ့ရတာ။ ရောင်းကောင်းဖို့ဆိုရင် စားကောင်းရမယ်။ ဒါကြောင့် မြည်းကြည့်ရင်းနဲ့ ကျွန်မကွမ်းစွဲသွားပါလေရော။

ကျန်းမာရေးကိုဘယ်လိုထိခိုက်စေခဲ့သလဲ

ယုံလျန်– ကျွန်မ သွား၊ နှုတ်ခမ်းနဲ့ ပါးစပ်တစ်ခုလုံး နီရဲနေတာပဲ။ အဲဒီတုန်းကရိုက်ထားတဲ့ဓာတ်ပုံကို ကြည့်တောင်မကြည့်ရဲဘူး။ အခုထက်ထိ နှုတ်ခမ်းမှာ အနာရှိနေတုန်းပဲ။

ပေါ်လင်း– ပါးစပ်အနာ၊ ပျို့ချင်အန်ချင်တာနဲ့ ဝမ်းလျှောတာတွေ ဖြစ်ခဲ့တယ်။

ဘက်တီ– ကျွန်မရဲ့အလေးချိန်က ၇၇ ပေါင်ပဲရှိတယ်။ ကျွန်မအသက်အရွယ်အရပ်အမောင်းနဲ့ဆိုရင် ဒါက တော်တော်လေးနည်းတဲ့ပေါင်ချိန်ဖြစ်တယ်။ ကျွန်မရဲ့သွားတွေက ကြည့်ရဆိုးတာကြောင့် အိုးတိုက်တဲ့ စတီးဖတ်နဲ့မကြာခဏတိုက်ချွတ်ပေးရတယ်။

ဆမ်– ကျွန်တော် ဝမ်းပျက်ဝမ်းလျှောလေ့ရှိပြီး သွားဖုံးရောဂါလည်းရလာတယ်။ အခုဆိုရင် သွားတစ်ချောင်းပဲကျန်တော့တယ်။ စတီးဖတ်နဲ့တိုက်ခဲ့ပေမဲ့လည်း ဘာမှမထူးခဲ့ပါဘူး။

ဘာကြောင့် ဒီအကျင့်ကို ဖြတ်ခဲ့တာလဲ

ပေါ်လင်း– သမ္မာကျမ်းစာထဲမှာ ၂ ကောရိန္သု ၇:၁ ကိုဖတ်လိုက်တဲ့အခါ ‘ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေသောအရာရှိသမျှတို့နှင့် ကိုယ်ကိုကင်းစင်’ စေဖို့ ဘုရားသခင် ကျွန်မတို့ကို တောင်းဆိုထားတာ တွေ့လိုက်တယ်။ ဘုရားသခင့်နှစ်သက်မှုရအောင် ကြိုးစားမယ်လို့ဆုံးဖြတ်ခဲ့တယ်။

ဆမ်– ကျွန်တော့်ရဲ့ဘဝမှာ ဘုရားသခင်ရဲ့ သန့်ရှင်းသောစွမ်းအားတော် လွှမ်းမိုးနေတာလိုချင်တယ်။ ဒါကြောင့် ကွမ်းစားချင်စိတ်ဖျောက်နိုင်အောင် ကြိုးစားရာမှာ အကူအညီပေးပါလို့ ယေဟောဝါဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ ကျွန်တော့်ဆုတောင်းချက်ကို ကိုယ်တော် အဖြေပေးခဲ့တယ်။ ကွမ်းမစားတော့တာ အနှစ် ၃၀ လောက်ရှိသွားပြီ။

ယုံလျန်– ကျွန်မကျမ်းစာဖတ်နေချိန်မှာ “အပြစ်သားတို့၊သင်တို့၏လက်ကို သန့်ရှင်းစေကြလော့” ဆိုတဲ့ကျမ်းချက်ကို တွေ့လိုက်တယ်။ (ယာကုပ် ၄:၈) ဒီစကားက ကျွန်မစိတ်ကို တော်တော်လေးထိမိသွားတယ်။ ဆိုးကျိုးဖြစ်စေတယ်ဆိုတာသိသိကြီးနဲ့ ဆက်ရောင်းတာက မှန်ပါ့မလား။ ဒါကြောင့် စင်ကြယ်တဲ့လက်ဖြစ်ဖို့ မသန့်ရှင်းတဲ့၊ ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ပျက်ပြားစေတဲ့ ဒီအကျင့်၊ ဒီအလုပ်ကိုစွန့်ပစ်လိုက်တယ်။

ဒီအကျင့်ကိုဖြတ်လိုက်တော့ ဘာအကျိုးရသလဲ

ဝမ်ချောင်– ကျွန်တော် ကွမ်းစစားဖြစ်တာက ရွယ်တူချင်းတွေကြား ဝင်ဆန့်ချင်လို့ပါ။ အခုတော့ ယေဟောဝါဘုရားသခင်၊ အသင်းတော်ကညီအစ်ကိုညီအစ်မတွေနဲ့ ပိုကောင်းတဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရရှိထားပြီ။

ဆမ်– အခု ကျွန်တော်ပိုလည်းကျန်းမာလာတယ်၊ ဘုရားသခင်နဲ့လည်း ကောင်းတဲ့ဆက်ဆံရေးရရှိလာတယ်။ မကောင်းတဲ့အကျင့်တွေမှာ ငွေမသုံးတော့တဲ့အတွက် မိသားစုကို ပိုပြီးကြည့်နိုင်တယ်။

ပေါ်လင်း– စိတ်လက်ပေါ့ပါးတယ်၊ သန့်ရှင်းမှုရှိတယ်လို့ ကျွန်မခံစားရတယ်။ သွားတွေဆိုလည်း ဖြူဖွေးခိုင်မာနေတယ်။ ကျွန်မ အိမ်နဲ့ ပန်းခြံကလည်း ကွမ်းသီးအခွံတွေ၊ ကွမ်းသွေးအစွန်းအထင်းတွေ မရှိတော့ဘူး။

ဘက်တီ– ကျွန်မမှာကြည်လင်တဲ့ ကိုယ်ကိုယ်ကိုသိစိတ်ရှိလာတဲ့အပြင် ပိုပြီးကျန်းမာလာတယ်။ အခု ကျောင်းဆရာမအလုပ်အပြင် ဘုရားသခင့်အမှုတော်ကို အချိန်ပြည့် လုပ်ဆောင်နိုင်ပြီ။

[ရုပ်ပုံများ]

ဘက်တီ

ပေါ်လင်း

ဝမ်ချောင်

ယုံလျန်

ဆမ်

[စာမျက်နှာ ၁၁ ပါ ပုံကြမ်း/ရုပ်ပုံများ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

နှစ်ရှည်ကွမ်းစားခြင်းက ဆိုးဝါးတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်ပေါ်စေ

မည်းညစ်နေတဲ့သွားတွေနဲ့ သွားဖုံးရောဂါ

ခံတွင်းရှိချွဲအမြှေးတွေပွားလာခြင်း

ခံတွင်းကင်ဆာ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ကွမ်းသီးကို ကွမ်းရွက်နဲ့ပတ်ထားပုံ