မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘာကြောင့် ဒီလောက် ဒေါသကြီးနေကြတာလဲ

ဘာကြောင့် ဒီလောက် ဒေါသကြီးနေကြတာလဲ

ဘာကြောင့် ဒီလောက် ဒေါသကြီးနေကြတာလဲ

ဒေါသထွက်စေတဲ့ အကြောင်းရင်းတွေက ရှုပ်ထွေးပါတယ်။ သိပ္ပံပညာရှင်တွေကတောင် ဒေါသနဲ့ပတ်သက်ပြီး အပြည့်အ၀နားမလည်ကြကြောင်း ဝန်ခံတယ်။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ပါရဂူတွေက ကျွန်ုပ်တို့အားလုံးဟာ ဒေါသထွက်စေတဲ့ အကြောင်းရင်းတစ်ခုခုကို တုံ့ပြန်တတ်တယ်ဆိုတာ သဘောတူကြတယ်။

အဲဒီအကြောင်းရင်းက စိတ်ပျက်တာ၊ စိတ်အလိုမကျတာ တစ်ခုခုဖြစ်နိုင်တယ်။ မတရားမှု၊ မမျှတမှုတွေကြောင့်လည်း ဒေါသဖြစ်လေ့ရှိတယ်။ စော်ကားခံရတဲ့အခါ၊ မလေးမစားလုပ်ခံရတဲ့အခါမှာလည်း ဒေါသထွက်နိုင်တယ်။ အခွင့်အာဏာ၊ နာမည်ကိုထိပါးတယ်လို့ ခံစားရရင်လည်း ဒေါသစိတ်ပေါ်ထွက်လာနိုင်တယ်။

ဒေါသထွက်စေတဲ့အကြောင်းရင်းတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ အသက်အရွယ်၊ ကျား/မသဘာဝနဲ့ ယဉ်ကျေးမှုအလိုက် ကွဲပြားတယ်။ ဒါ့အပြင် ဒေါသမီးပွားကို တုံ့ပြန်ပုံတွေကလည်း တူကြမှာမဟုတ်ဘူး။ တချို့သူတွေက ဒေါသထွက်ခဲပြီး ဒေါသပြေလွယ်ကြပေမဲ့ တချို့သူတွေကျတော့ ဒေါသထွက်လွယ်တဲ့အပြင် ရက်နဲ့ချီ၊ လနဲ့ချီပြီး ဒေါသမပြေတာမျိုး ဖြစ်နိုင်တယ်။

ကျွန်ုပ်တို့ရဲ့ဝန်းကျင်မှာ ဒေါသထွက်စေနိုင်တဲ့အရာတွေ ပြည့်နေပါတယ်။ ဒါ့အပြင် လူတွေကလည်း ဆတ်ဆတ်ထိမခံသူတွေ ဖြစ်လာကြတယ်။ ဘာကြောင့်လဲ။ အကြောင်းကတော့ ထောက်ထားစာနာမှုကင်းမဲ့ပြီး ငါသာပဓာနလို့ သဘောထားတဲ့သူတွေ ပိုတိုးများလာလို့ပဲ။ သမ္မာကျမ်းစာမှာ ဒီလိုပြောထားတယ်– ‘နောက်ဆုံးသောနေ့ရက်များတွင် လူတို့သည် ကိုယ့်ကိုယ်ကိုယ်ချစ်သူ၊ ငွေကိုတပ်မက်သူ၊ ဘဝင်မြင့်သူ၊ မောက်မာသူ၊ ခေါင်းမာသူ၊ မာနထောင်လွှားသူ ဖြစ်ကြလိမ့်မည်။’ (၂ တိမောသေ ၃:၁-၅) ကျမ်းစာဖော်ပြချက်က ယနေ့ လူများစွာရဲ့သဘောထားနဲ့ တစ်ထပ်တည်းကျနေတယ်မဟုတ်လား။

မိမိကိုယ်ကိုယ်ပဲအာရုံစိုက်တဲ့သူတွေက ကိုယ်ဖြစ်ချင်တဲ့အတိုင်းမဖြစ်တဲ့အခါ ဒေါသထွက်တတ်ကြတယ်။ ဒါ့အပြင် ဒေါသကြီးတဲ့သူတွေ ပိုများလာရတဲ့ တခြားအကြာင်းရင်းတွေလည်း ရှိသေးတယ်။ တချို့ကို သုံးသပ်ကြည့်ရအောင်။

မိဘတွေရဲ့အပြုအမူ

မိဘတွေဟာ ကလေးတစ်ယောက်ရဲ့ ကလေးဘဝနဲ့ ဆယ်ကျော်သက်ဘဝ ကိုယ်ရည်ကိုယ်သွေးတွေအပေါ် အများကြီးသြဇာလွှမ်းမိုးတယ်။ စိတ်ပညာရှင် ဟယ်ရီ အယ်လ် မေးလ် ဒီလိုရှင်းပြတယ်– “လူတွေက ကလေးဘဝကတည်းက ပတ်ဝန်းကျင်မှာရှိတဲ့သူတွေ ဒေါသထွက်တာကိုကြည့်ပြီး ဒေါသကို ဘယ်လိုဖော်ထုတ်ပြသရမလဲဆိုတာ သိလာတယ်။”

အသေးအဖွဲကိစ္စကို ဒေါသနဲ့တုံ့ပြန်တတ်တဲ့ ရန်လိုတတ်တဲ့ဝန်းကျင်မှာကြီးလာတဲ့ ကလေးတစ်ယောက်ဟာ ဘ၀ပြဿနာတွေကို ဒေါသနဲ့ဖြေရှင်းဖို့ လေ့ကျင့်ခံထားရတဲ့သူဖြစ်တယ်။ အဲဒီလိုကလေးကို ရေဆိုးရေညစ်တွေလောင်းပြီး ကြီးပြင်းစေတဲ့အပင်နဲ့ နှိုင်းယှဉ်နိုင်တယ်။ အဲဒီအပင်က ရှင်တော့ရှင်နေနိုင်ပေမဲ့ ပိန်လှီနေပြီး ရေရှည်ဆိုးကျိုးဖြစ်သွားနိုင်တယ်။ ဒေါသက ရေဆိုးရေညစ်နဲ့တူပြီး ဒေါသကြီးတဲ့ဝန်းကျင်မှာကြီးလာတဲ့ကလေးက ဒေါသကြီးတဲ့သူ ဖြစ်လာဖို့များတယ်။

လူဦးရေထူထပ်တဲ့မြို့ကြီးများ

၁၈၀၀ ပြည့်နှစ်မှာ ကမ္ဘာ့လူဦးရေရဲ့ ၃ ရာခိုင်နှုန်းကပဲ မြို့ကြီးတွေမှာ နေထိုင်ခဲ့တယ်။ ၂၀၀၈ ခုနှစ်မှာတော့ ရာခိုင်နှုန်း ၅၀ ဖြစ်လာပြီး ၂၀၅၀ ပြည့်နှစ်မှာ ၇၀ ရာခိုင်နှုန်းအထိဖြစ်လာမယ်လို့ ခန့်မှန်းကြတယ်။ လူနေထူထပ်တဲ့ မြို့ကြီးပြကြီးတွေမှာ လာရောက်နေထိုင်တဲ့သူတွေ ပိုပိုများလာတာနဲ့အမျှ ဒေါသထွက်စရာ၊ စိတ်ရှုပ်စရာတွေ ပိုပိုများလာတယ်။ ကမ္ဘာ့အကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့အပြင် လူဦးရေအထူထပ်ဆုံးမြို့ဖြစ်တဲ့ မက္ကဆီကိုစီးတီးမြို့ကို ဥပမာအဖြစ် သုံးသပ်ကြည့်ရအောင်။ ယာဉ်ကြောပိတ်မှုက စိတ်ပန်းလူပန်းဖြစ်စေတဲ့ အဓိကအချက်ပဲ။ လူဦးရေ ၁၈ သန်းနဲ့ ကားစီးရေ ခြောက်သန်းဝန်းကျင်ရှိတဲ့ မက္ကဆီကိုစီးတီးမြို့ဟာ “စိတ်ဖိစီးမှုအဖြစ်စေဆုံး ကမ္ဘာ့မြို့တော်ကြီး ဖြစ်နိုင်တယ်။ ပြည့်ကျပ်နေတဲ့ယာဉ်ကြောက ဒေါသပေါက်ကွဲနိုင်ချေကို အရမ်းမြင့်မားစေတယ်” လို့ သတင်းစာဆရာတစ်ယောက်က ဖော်ပြတယ်။

လူဦးရေထူထပ်တဲ့မြို့ကြီးတွေက လေထုညစ်ညမ်းမှု၊ အသံဆူညံမှု၊ အိုးအိမ်ရှားပါးမှု၊ ယဉ်ကျေးမှုကွာဟမှု၊ ရာဇဝတ်မှုတိုးများလာမှုတွေအပါအဝင် တခြားစိတ်ဖိစီးမှုတွေကိုလည်း ဖြစ်စေတယ်။ လူတွေဟာ စိတ်ဖိစီးမှုတိုးများလာလေ စိတ်ရှုပ်၊ ဒေါသထွက်ပြီး သည်းခံစိတ်ပျောက်ဖို့ ပိုလွယ်လာလေပဲ။

စီးပွားရေး ကျဆင်းမှု

ကမ္ဘာ့စီးပွားရေးပျက်မှုက ကမ္ဘာတစ်ဝန်းမှာ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ ဖြစ်စေတယ်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ကမ္ဘာ့ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) တို့ ၂၀၁၀ ပြည့်နှစ်မှာပူးပေါင်းတင်သွင်းတဲ့ မှတ်တမ်းမှာ “ကမ္ဘာ့လူဦးရေ သန်း ၂၁၀ ကျော်ဟာ အလုပ်လက်မဲ့ဖြစ်နေတယ်လို့ ခန့်မှန်းရတယ်” ဆိုပြီး ဖော်ပြထားတယ်။ ဝမ်းနည်းစရာက သူတို့ထဲက အများစုဟာ စုဆောင်းထားတဲ့ငွေမရှိ၊ အလုပ်လက်မဲ့အတွက် ဘာအထောက်အပံ့မှ မရရှိကြဘူး။

အလုပ်အကိုင်ရှိတဲ့သူတွေလည်း စိုးရိမ်ပူပန်နေကြတယ်။ အထက်ပါအဖွဲ့ (ILO) ရဲ့အဆိုအရ အလုပ်နဲ့ဆက်နွှယ်တဲ့ စိတ်ဖိစီးမှုက “ကမ္ဘာချီကပ်” အသွင်ဖြစ်နေတယ်။ “လူတွေက အလုပ်ပြုတ်သွားမှာကို စိုးရိမ်လွန်နေတဲ့အတွက် တစ်ခုခုဆိုရင် အဆိုးဆုံးကိုပဲ တွေးမိတတ်တယ်။ ဒါနဲ့ပဲ သူတို့က ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ အသင့်ဖြစ်လာပြီး သူတို့ရဲ့အလုပ်ကြပ်၊ အလုပ်ဖော်တွေကို ကြက်ခေါင်းဆိတ်မခံ တုံ့ပြန်တတ်လာတယ်” ဆိုပြီး ကနေဒါနိုင်ငံ၊ အွန်တဲရီယိုပြည်နယ်က စီမံခန့်ခွဲရေးအတိုင်ပင်ခံ လော်ရန် ကားတစ္စကပြောတယ်။

ခွဲခြားဆက်ဆံမှုနဲ့ မမျှတမှု

သင်က အပြေးပြိုင်ပွဲဝင်နေရပြီး သင်တစ်ယောက်တည်းပဲ ခြေချင်းခတ်ထားခံရတယ်ဆိုရင် ဘယ်လိုခံစားရမလဲ။ သန်းနဲ့ချီတဲ့သူတွေက လူမျိုးရေးဘက်လိုက်မှုနဲ့ တခြားခွဲခြားဆက်ဆံမှုတွေကြောင့် အလားတူခံစားနေကြရတယ်။ အလုပ်မှာ၊ ပညာရေးမှာ၊ နေစရာနဲ့ တခြားလိုအပ်ရာတွေရှာရာမှာ ခွဲခြားဆက်ဆံခံရတဲ့အခါ ဒေါသထွက်လာကြတယ်။

တခြားမမျှတမှုတွေကလည်း လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ချေမွပစ်လိုက်နိုင်ပြီး ပြင်းထန်တဲ့ စိတ်ဒဏ်ရာရစေနိုင်တယ်။ ဝမ်းနည်းစရာက ကျွန်ုပ်တို့အများစုဟာ တစ်ခါမဟုတ်တစ်ခါ မမျှမတဆက်ဆံတာကို ခံဖူးကြတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်ကျော်က ပညာရှိဘုရင် ရှောလမုန် ဒီလိုပြောခဲ့တယ်– “ဖိနှိပ်ခံရသူတွေက ငိုကြွေးနေပေမဲ့ နှစ်သိမ့်ပေးသူတစ်ယောက်မှမရှိဘူး။” (ဒေ. ၄:၁ကဘ) တရားမမျှတမှုက နေရာအနှံ့မှာရှိနေပြီး နှစ်သိမ့်ပေးသူမရှိဖြစ်မယ်ဆိုရင် အလွယ်တကူ ဒေါသထွက်စေနိုင်တယ်။

ဖျော်ဖြေရေး

ရုပ်မြင်သံကြားနဲ့ တခြားအကြမ်းဖက်မီဒီယာတွေက ကလေးတွေကို ဘယ်လောက်ထိခိုက်သလဲဆိုတာသိဖို့ ထောင်နဲ့ချီတဲ့ လေ့လာမှုတွေကို ပြုလုပ်ခဲ့ကြတယ်။ မိသားစုတွေ ဖျော်ဖြေမှုရွေးချယ်ရာမှာ အထောက်အကူပြုသတင်းအချက်အလက်တွေပေးတဲ့၊ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းကိုတည်ထောင်သူ ဂျိမ်းစ် ပီ. စတယ်ယာက ဒီလိုပြောတယ်– “တကယ်ဖြစ်နေတဲ့အလားတင်ဆက်ထားတဲ့ ရက်စက်ကြမ်းတမ်းတဲ့ အကြမ်းဖက်မှုတွေကို အထပ်ထပ်အခါခါကြည့်ပြီး ကြီးပြင်းလာတဲ့သူတွေက ဒေါသထွက်တာ၊ အနိုင်ကျင့်တာကို လက်ခံနိုင်ရာအဖြစ် ရှုမြင်လာဖို့၊ ထောက်ထားစာနာမှုကင်းမဲ့လာဖို့ အကြောင်းများတယ်။”

ရုပ်မြင်သံကြားမှာ အကြမ်းဖက်ပြကွက်တွေကို ပုံမှန်ကြည့်တဲ့ လူငယ်အများစုက ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်သားတွေ ဖြစ်မလာကြတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဖျော်ဖြေရေးမီဒီယာတွေက အခက်အခဲတွေကို ကြမ်းကြမ်းတမ်းတမ်းဒေါသနဲ့ဖြေရှင်းတာဟာ နှစ်သက်လက်ခံဖွယ်ဖြစ်တယ်ဆိုပြီး ပုံဖော်ပြတဲ့အခါ အကြမ်းဖက်လုပ်ရပ်တွေနဲ့ အသားကျလာတဲ့ မျိုးဆက်တစ်ဆက် ပေါ်လာတယ်။

ဝိညာဉ်ဆိုးတွေရဲ့ ဩဇာလွှမ်းမိုးမှု

ယနေ့ကမ္ဘာပေါ်မှာ ဆိုးကျိုးဖြစ်စေတဲ့ဒေါသကြီးမှုအများစုဟာ မျက်စိနဲ့မမြင်နိုင်တဲ့ပုဂ္ဂိုလ်တွေကြောင့်ဆိုပြီး သမ္မာကျမ်းစာက ဖော်ပြတယ်။ ဘယ်လိုဖြစ်လာခဲ့သလဲ။ လူ့သမိုင်းအစမှာ အတိုင်းအဆမဲ့တန်ခိုးရှင်ဘုရားသခင်ကို ဝိညာဉ်သတ္တဝါတစ်ဦးက ဆန့်ကျင်ပုန်ကန်ခဲ့တယ်။ အဲဒီဆိုးသွမ်းတဲ့ဝိညာဉ်သတ္တဝါကို စာတန်လို့ခေါ်ပြီး မူရင်းဟေဗြဲဘာသာစကားအရ “ဆန့်ကျင်သူ၊” “ရန်သူ” လို့အဓိပ္ပာယ်ရတယ်။ (ကမ္ဘာဦး ၃:၁-၁၃) နောက်ပိုင်း စာတန်က တခြားဝိညာဉ်သတ္တဝါတွေကို ပုန်ကန်မှုဘက်ပါလာအောင် သွေးဆောင်ခဲ့တယ်။

အဲဒီနာခံမှုမဲ့တဲ့ ကောင်းကင်တမန်ဆိုး၊ ဝိညာဉ်ဆိုးတွေဟာ အခု မြေကြီးဝန်းကျင်မှာ ချုပ်နှောင်ခံထားကြရတယ်။ (ဗျာ. ၁၂:၉၊ ၁၀၊ ၁၂) ဒါ့အပြင် သူတို့အတွက် အချိန်အနည်းငယ်သာကျန်တော့တာကို သိထားကြတဲ့အတွက် သူတို့ “ဒေါသကြီးစွာ” ထွက်နေတယ်။ ဒါကြောင့် အဲဒီဝိညာဉ်ဆိုးတွေကို ကျွန်ုပ်တို့ မမြင်ရပေမဲ့ သူတို့လုပ်ရပ်ရဲ့ အကျိုးဆက်တွေကိုတော့ တွေ့မြင်ခံစားနေရတယ်။ ဘယ်လိုနည်းနဲ့လဲ။

စာတန်နဲ့ အပေါင်းပါဝိညာဉ်ဆိုးတွေက ကျွန်ုပ်တို့ရဲ့ အပြစ်ပြုလုပ်လိုတဲ့သဘောထားကို အခွင့်ကောင်းယူပြီး “ရန်ငြိုးဖွဲ့ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ စိတ်ဝမ်းကွဲပြားခြင်း၊ . . . ဆူဆူညံညံပွဲခံခြင်းတို့နှင့် ထိုသို့သောအရာများ” ကိုလုပ်ဆောင်ဖို့ သွေးဆောင်ကြတယ်။—ဂလာတိ ၅:၁၉-၂၁

ဒေါသထွက်စေတဲ့တွန်းအားကို တွန်းလှန်ပါ

ဒီပြဿနာတွေ၊ ဖိအားတွေ၊ စိုးရိမ်ပူပန်မှုတွေကို သုံးသပ်ကြည့်တဲ့အခါ လူတွေဟာ သူတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နေရင်း ဘာကြောင့် စိတ်ရှုပ်၊ ဒေါသထွက်လာကြတယ်ဆိုတာကို သဘောပေါက်စေတယ်။

ဒေါသထွက်အောင်လှုံ့ဆော်တဲ့အရာတွေနဲ့ ဖိအားတွေက မတွန်းလှန်နိုင်လောက်အောင်ပါပဲ။ နောက်ဆောင်းပါးက ဒေါသထိန်းချုပ်နိုင်ပုံကို သိမြင်အောင် ကူညီပေးပါလိမ့်မယ်။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]

အကယ်၍ သင့်မှာ အောက်ပါအချက်တစ်ခုခုဖြစ်နေရင် ဒေါသကြီးတဲ့ပြဿနာ ရှိနေပြီဖြစ်တယ်

▶ ဆိုင်မှာ တန်းစီစောင့်နေရလို့ ဒေါသထွက်ရင်။

▶ အလုပ်ဖော်တွေနဲ့ မကြာခဏဆိုသလို အငြင်းပွားမှုဖြစ်ရင်။

▶ နေ့ဘက်မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်ကို ညဘက်မှာ တအုံနွေးနွေးပြန်စဉ်းစားပြီး မအိပ်နိုင်ဘဲဖြစ်ရင်။

▶ အမှားလုပ်မိသူအပေါ် ခွင့်လွှတ်ဖို့ အခက်တွေ့ရင်။

▶ သင့်ရဲ့စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ရင်။

▶ ဒေါသပေါက်ကွဲပြီးနောက်ပိုင်း မျက်နှာမပြရဲတာမျိုး၊ နောင်တရတာမျိုး မကြာခဏဖြစ်တတ်ရင်။ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 36 အချက်အလက်များကို MentalHelp.net မှ ယူထားခြင်းဖြစ်ပါတယ်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

ဒေါသနဲ့ပတ်သက်တဲ့ အချက်အလက်များ

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းက စာစောင်တစ်စောင် (Boiling Point​—Problem Anger and What We Can Do About It) ထုတ်ဝေခဲ့တယ်။ အဲဒီမှာ အောက်ပါအချက်အလက်တွေပါရှိတယ်–

၈၄% က လွန်ခဲ့တဲ့ ငါးနှစ်ကထက် အလုပ်မှာ ပိုပြီး စိတ်ဖိစီးမှုကြုံရတယ်လို့ ခံစားရတယ်။

ရုံးအလုပ်သမား ၆၅% က ရုံးရောက်ပြီဆိုတာနဲ့ ဒေါသကြီးလာတယ်။

အလုပ်သမား ၄၅% က အလုပ်မှာ ဒေါသထွက်တတ်ကြတယ်။

အလုပ်ပျက်ကွက်သူတွေထဲက ၆၀% ဟာ စိတ်ဖိစီးမှုကြောင့်ဖြစ်တယ်။

ဗြိတိန်နိုင်ငံသား ၃၃% က သူတို့ရဲ့အိမ်နီးချင်းတွေနဲ့ စိတ်ဆိုးကြပြီး စကားမပြောကြဘူး။

လူတွေဟာ ပိုဒေါသကြီးလာကြတယ်ဆိုတာကို ၆၄% က သဘောတူ ဒါမှမဟုတ် အလွန်သဘောတူကြတယ်။

၃၂% က သူတို့မှာ ဒေါသထိန်းချုပ်ဖို့အခက်တွေ့တဲ့ မိတ်ဆွေ ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦးရှိကြောင်းပြောကြတယ်။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

သင့်ရဲ့ဒေါသပေါက်ကွဲတတ်မှုက သင့်ကလေးတွေကို ဘယ်လိုထိခိုက်နိုင်သလဲ

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ဖျော်ဖြေရေးက ဒေါသ၊ အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ သင့်ရှုမြင်ပုံကို ပုံသွင်းပေးနေသလား