မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပျော်ရွှင်နေတဲ့ မိထွေးပထွေးမိသားစုများ

ပျော်ရွှင်နေတဲ့ မိထွေးပထွေးမိသားစုများ

ပျော်ရွှင်နေတဲ့ မိထွေးပထွေးမိသားစုများ

တစ်အိမ်ထဲအတူနေသူတွေလောက်ပဲမဟုတ်တော့ဘူး

ဖိလစ်မှာ အိမ်မှုကိစ္စတွေ တာဝန်ယူလုပ်ဆောင်ပေးတဲ့ အသက် ၂၀ အရွယ်သမီး အဲလစ်ရှိတယ်။ ဖိလစ်နဲ့ လူးဝစ္စတို့လက်ထပ်ပြီးတဲ့အခါ မိထွေးနဲ့လင်ပါသမီးတို့ရဲ့ ဆက်ဆံရေးပြေပြစ်နိုင်ပါ့မလား။

လူးဝစ္စ– အစပိုင်းမှာ အရမ်းကိုခက်ခဲခဲ့တယ်။ ကျွန်မက အိမ်ကို ခင်တွယ်တဲ့သူဖြစ်ပြီး အိမ်မှုကိစ္စတွေလုပ်ရတာ ဝါသနာပါတယ်။ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်ချင်တယ်။

အဲလစ်– လူးဝစ္စက အိမ်အနေအထားကိုစိတ်တိုင်းကျလုပ်ပြီး ကျွန်မတို့ရဲ့ပစ္စည်းပစ္စယ တော်တော်များများကို လွှင့်ပစ်လိုက်တယ်။ တစ်ခေါက်၊ ကျွန်မသန့်ရှင်းရေးလုပ်တဲ့အခါ ပစ္စည်းတွေကို ဘယ်မှာထားရမှန်းမသိလို့ နေရာမှားထားမိသွားတယ်။ အဲဒါက လူးဝစ္စကို ဝမ်းနည်းစေခဲ့တယ်။ ဒါကြောင့် သူနဲ့ကျွန်မ အပြန်အလှန်စကားများကြပြီး ကျွန်မသူ့ကို တစ်ပတ်လောက်စကားမပြောနိုင်တော့ဘူး။

လူးဝစ္စ– တစ်ကြိမ်မှာတော့ ကျွန်မက “နောက်ဘာဖြစ်လာမလဲ ဆိုတာတော့မသိဘူး၊ ဘာပဲဖြစ်ဖြစ် ဒီလိုပုံစံမျိုးနဲ့တော့ ငါ ဆက်မနေနိုင်တော့ဘူး” ဆိုပြီး အဲလစ်ကိုပြောလိုက်တယ်။ အဲဒီနေ့ညနေခင်းမှာပဲ သူကျွန်မဆီလာပြီး တောင်းပန်တယ်။ အဲဒီအခါ သူ့ကိုဖက်လိုက်ပြီး နှစ်ယောက်သားငိုချလိုက်ကြတယ်။

အဲလစ်– လူးဝစ္စက နံရံပေါ်မှာ ကျွန်မချိတ်ထားတဲ့ ဓာတ်ပုံတချို့ကို ချန်ထားပေးတယ်၊ အဖေကလည်း ဧည့်ခန်းမှာ ကျွန်မစိတ်တိုင်းကျတပ်ထားတဲ့ မီးအိမ်တွေကိုမဖယ်ထုတ်လိုက်ဘူး။ ဒါတွေက အသေးအဖွဲလို့ ထင်ရပေမဲ့ ကျွန်မအတွက်ကတော့ အရေးပါတယ်။ အဲဒါက ငါ့အိမ်ဖြစ်နေဆဲပဲဆိုပြီး ခံစားရစေတယ်။ ကျွန်မရဲ့မောင်အငယ်လေး တစ်ခါတလေလာနေတဲ့အခါ လူးဝစ္စဂရုစိုက်ပေးတဲ့အတွက်လည်း ကျေးဇူးတင်မိတယ်။ အခုနှစ်နှစ်ကြာပြီးတဲ့နောက် ကျွန်မက သူ့ကို တကယ့်မိသားစုဝင်တစ်ယောက်လို စပြီးခံစားလာရပြီ။

လူးဝစ္စ– အခုဆိုရင် အဲလစ်နဲ့ကျွန်မက တစ်အိမ်ထဲမှာအတူနေသူတွေလောက်ပဲ မဟုတ်တော့ဘူး၊ တကယ့်ကို ရင်းရင်းနှီးနှီးနဲ့ မိသားစုလိုဖြစ်နေပါပြီ။

“မိသားစုစည်းလုံးမှုရှိဖို့က ပိုအရေးကြီးတယ်”

လွန်ခဲ့တဲ့ခြောက်နှစ်၊ အန်တန်နဲ့ မာရီလက်ဇ်တို့လက်ထပ်တုန်းက နှစ်ဖက်စလုံးမှာ သားသမီးသုံးယောက်စီပါလာကြတယ်။

အန်တန်– မိသားစုလိုက်ပျော်ပွဲစားထွက်လေ့ရှိတယ်။ အဲဒီလိုအချိန်တွေမှာ ကျွန်တော်တို့က ကလေးတစ်ယောက်ချင်းစီကို အချိန်ပေးတယ်။ မိသားစုဖြစ်တယ်လို့ ခံစားရဖို့ နှစ်အနည်းငယ်ကြာခဲ့ပါတယ်။ အခုတော့ မိသားစုအရေးကိစ္စတွေ အားလုံးနီးပါးကို ဖြေရှင်းပြီးသွားပြီ။

မာရီလက်ဇ်– ကလေးတွေကို “နင့်ကလေး၊ ငါ့ကလေး” မဟုတ်ပဲ “ငါတို့ကလေးတွေ” ဆိုပြီး ယူမှတ်ဖို့ အရေးကြီးတယ်လို့ ကျွန်မတို့ ခံယူထားတယ်။ တစ်ခေါက်က အန်တန်က ကျွန်မသားကို ဆုံးမပြီး သူ့သမီးကို ကားရှေ့ခန်းထိုင်ခိုင်းတာ မမျှတဘူးလို့ ကျွန်မခံစားခဲ့ရပြီး ဝမ်းနည်းမိတယ်။ ဒါပေမဲ့ ကားရှေ့ခန်းမှာထိုင်ရတာထက် မိသားစုစည်းလုံးမှုရှိဖို့က ပိုအရေးကြီးတယ်ဆိုတာ ကျွန်မသိခဲ့ရတယ်။ မိသားစုဝင်ယောက်တိုင်းကို တစ်ပုံစံတည်း ဆက်ဆံလို့မရပေမဲ့ အတတ်နိုင်ဆုံးညီတူညီမျှဆက်ဆံဖို့ ကြိုးစားကြတယ်။

မိသားစုအသစ်မှာရှိတဲ့ တခြားသူတွေကို အပြင်လူလို့ မခံစားရစေဖို့ အရင်မိသားစုနဲ့ ပျော်ခဲ့တဲ့အကြောင်းတွေကို မပြောဘူး။ အဲဒီအစား လက်ရှိမိသားစုမှာဖြစ်တဲ့ ပျော်စရာအကြောင်းတွေကိုပဲ ပြောတယ်။

“အရင်ဆုံး ချီးမွမ်းစကားပြောတယ်”

လွန်ခဲ့တဲ့လေးနှစ်က ဖရန်စစ်နဲ့စီစီလျာတို့ လက်ထပ်ခဲ့ကြတယ်။ အမျိုးသမီးဘက်က အရွယ်ရောက်နေပြီဖြစ်တဲ့ ကလေးသုံးယောက်ပါလာပြီး အမျိုးသားဘက်က ဆယ်ကျော်သက်အရွယ် သားတစ်ယောက်ပါလာတယ်။

ဖရန်စစ်– ကလေးတွေအတွက် ချဉ်းကပ်ရလွယ်သူဖြစ်ဖို့၊ လွယ်လွယ်နဲ့စိတ်မဆိုးဖို့ ကြိုးစားတယ်။ မိသားစုထမင်းပုံမှန်စားကြပြီး အဲဒီအချိန်မှာ အပြန်အလှန် စကားပြောကြတယ်။ အိမ်မှုကိစ္စတွေကို ဝိုင်းကူလုပ်ဖို့လည်း မိသားစုဝင်တွေကို ကျွန်တော် အားပေးတယ်။ အဲဒါက မိသားစုအားလုံးကို အကျိုးရှိစေတဲ့အတွက်ဖြစ်တယ်။

စီစီလျာ– ကလေးယောက်တိုင်းရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ညစ်စရာတွေကို အချိန်ယူပြီး နားထောင်တယ်။ မိသားစု တွေ့ဆုံတဲ့အခါ အရင်ဆုံးချီးမွမ်းစကားပြောတယ်။ နောက်မှတိုးတက်ဖို့လိုတဲ့အပိုင်းကို အားပေးတယ်။ ကျွန်မအမှားလုပ်မိတဲ့အခါ အဲဒါကိုဝန်ခံပြီး စိတ်အရင်းခံနဲ့ တောင်းပန်တယ်။

ပထွေးနဲ့ မိထွေးရဲ့လက်မှာ ကြီးပြင်းလာ

အသက် ၂၀ ရှိပြီဖြစ်တဲ့ ယူကီဟာ ငါးနှစ်အရွယ်ကတည်းက သူ့အဖေကို မတွေ့ရတော့ဘူး။ နောက်ပိုင်း သူ့အမေက တိုမိုနိုရီနဲ့ လက်ထပ်ခဲ့ပြီး ယူကီ ဆယ်နှစ်အရွယ်မှာ ဆုံးသွားပြန်တယ်။ နောက်ငါးနှစ်အကြာ ပထွေးဖြစ်သူ တိုမိုနိုရီက မီဟိုကို ကိုလက်ထပ်ချိန်မှာတော့ ယူကီဟာ မိထွေးပထွေးနဲ့အတူ နေရတော့တယ်။

ယူကီ– ကျွန်တော့် ပထွေးက နောက်အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ခဲ့ချိန်မှာ “ငါ့အတွက် မိထွေးမလိုဘူး။ ငါ့ဘဝမှာ နောက်ထပ်အပြောင်းအလဲတွေ မတွေ့ချင်တော့ဘူး” လို့ ကျွန်တော် တွေးမိခဲ့တယ်။ အခြေအနေကို ကျွန်တော် လက်မခံနိုင်ခဲ့ဘူး။ မိထွေးကို ကျွန်တော် အေးတိအေးစက်ပဲ ဆက်ဆံတယ်။

မီဟိုကို– ကျွန်မခင်ပွန်းက သူ့မယားပါသားကို သူချစ်သလိုချစ်ဖို့ ကျွန်မကို ဖိအားမပေးခဲ့ပါဘူး။ ဒါပေမဲ့ ယူကီနဲ့ ရင်းနှီးအောင်လုပ်မယ်လို့ ကျွန်မဆုံးဖြတ်ခဲ့တယ်။ ဝတ်ပြုရေး၊ အပန်းဖြေမှုအပါအဝင် သူလုပ်နေကျအရာတွေအတိုင်း လုပ်ဆောင်နိုင်ဖို့ ကျွန်မတို့ ကြိုးစားခဲ့ကြတယ်။ ညစာကို အတူလက်ဆုံစားပြီး စကားဝိုင်းဖွဲ့ပြောကြတယ်။ သူ့အမေ ဆုံးသွားတဲ့အကြောင်း ပြောဖြစ်ကြပြီးနောက်ပိုင်းမှာတော့ သူ့ကို ကျွန်မ အရင်ကထက် ပိုနားလည်လာတယ်။

ကျွန်မကိုယ်ဝန်ရှိလာတော့ ကျွန်မတို့ ယူကီအတွက် စိုးရိမ်ခဲ့ကြတယ်။ သူဟာ မိသားစုဝင်တစ်ယောက်ပါပဲဆိုတာကို သူ့ကို စိတ်ချစေချင်တယ်။ ယူကီ,ကို ကလေးထမင်းကျွေးတာ၊ ရေမိုးချိုးပေးတာ၊ အနှီးလဲတာတွေ လုပ်ခိုင်းပြီး အဲဒီလိုကူညီပေးတာတွေကို တခြားသူတွေရှေ့မှာ ချီးမွမ်းပြောဆိုတယ်။ အီစူကီလေးက ယူကီကို တော်တော်ချစ်သွားတယ်။ “ပါပါး” “မာမား” လို့ မခေါ်တတ်ခင် အစ်ကိုကြီးလို့အဓိပ္ပာယ်ရှိတဲ့ နီနီ လို့ ခေါ်တတ်နေပြီ။

ယူကီ– မိထွေး/ပထွေးနဲ့ နေရသူတစ်ယောက်အဖို့ အထီးကျန်တယ်၊ မိသားစုဝင်မဟုတ်ဘူး ဆိုပြီးခံစားရတာက ဖြစ်နေကျပါပဲ။ ကိုယ့်ပြဿနာအကြောင်း တခြားသူတွေကို ရှင်းပြရင်တောင်မှ သူတို့နားလည်ပုံမရဘူး။ ဒါပေမဲ့ ကျွန်တော့်အတွက် ခံသာတဲ့အရာတစ်ခုကတော့ ခရစ်ယာန်ချင်းတွေက ကျွန်တော့်ကို တကယ်ပဲ ထောက်မပေးကြတယ်။ အခုတော့ ကျွန်တော့်မိထွေးအပေါ် စိတ်ထင့်နေတာတွေ မရှိတော့ဘူး။ သူက ကျွန်တော့်ကို အကြံကောင်းဉာဏ်ကောင်းတွေ ပေးတယ်၊ ကျွန်တော်လည်း သူ့ကို စိတ်ထဲရှိတဲ့အရာ ထုတ်ပြောနိုင်ပြီ။

[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]

စိတ်ရှည်ပါ။ မိထွေးပထွေးရှိတဲ့မိသားစုဟာ ပျော်ရွှင်စည်းလုံးတဲ့မိသားစု ဖြစ်နိုင်ပါတယ်