မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမိုင်းမှာ အထင်ရှားဆုံး ပင်လယ်ကူးသင်္ဘော” တိုက်တဲန်းနစ်

သမိုင်းမှာ အထင်ရှားဆုံး ပင်လယ်ကူးသင်္ဘော” တိုက်တဲန်းနစ်

သမိုင်းမှာ အထင်ရှားဆုံး ပင်လယ်ကူးသင်္ဘော” တိုက်တဲန်းနစ်

ဧပြီ ၁၀၊ ၁၉၁၂– တိုက်တဲန်းနစ်သင်္ဘောက အင်္ဂလန်နိုင်ငံ ဆောက်သ်ဟမ်တန်ကနေ အမေရိကန် နယူးယောက်မြို့ကို ထွက်ခွာလာတယ်။

ဧပြီ ၁၁– ပြင်သစ်နိုင်ငံ ရှယ်ဘောနဲ့ အိုင်ယာလန်နိုင်ငံ ကွင်းစတောင်း (ယခု ကားဘတ်) က ခရီးသည်တွေကို တင်ဆောင်ပြီး အတ္တလန္တိတ်သမုဒ္ဒရာကို ဦးတည်လာတယ်။

ဧပြီ ၁၄– ည ၁၁ နာရီ မိနစ် ၄၀ လောက်မှာ တိုက်တဲန်းနစ်သင်္ဘောဟာ ရေခဲစိုင်ကြီးနဲ့ တိုက်မိသွားတယ်။

ဧပြီ ၁၅– နံနက် ၂ နာရီ မိနစ် ၂၀ မှာ တိုက်တဲန်းနစ် သင်္ဘောဟာ ပင်လယ်ရေအောက် နစ်မြုပ်သွားပြီး လူပေါင်း ၁,၅၀၀ လောက် သေဆုံးခဲ့တယ်။

တိုက်တဲန်းနစ်က ဘယ်လိုသင်္ဘောမျိုးလဲ။ ဘာကြောင့် နစ်မြုပ်သွားခဲ့သလဲ။ အိုင်ယာလန်နိုင်ငံမြောက်ပိုင်း ဘဲလ်ဖတ်စ်မြို့အနီးမှာရှိတဲ့ ပြတိုက် (Ulster Folk and Transport Museum) ကို သွားလည်ကြည့်ရင် အဲဒီအကြောင်းတွေသိရပါလိမ့်မယ်။

တိုက်တဲန်းနစ်—ဘာကြောင့် ထူးခြား

ပြတိုက်မှူးဖြစ်သူ မိုက်ကယ် မီခါးလ်က တိုက်တဲန်းနစ်ဟာ “သမိုင်းမှာ အထင်ရှားဆုံးသင်္ဘောဖြစ်တယ်” လို့ ဆိုတယ်။ ဒါပေမဲ့ အဲဒီလိုသင်္ဘောမျိုးက တိုက်တဲန်းနစ် တစ်စီးတည်းရှိတာတော့ မဟုတ်ဘူး။ တိုက်တဲန်းနစ်ဟာ ဘဲလ်ဖတ်စ်မြို့ရှိ ဟာလန်ဒ် နဲ့ ဝုဒ် ကုမ္ပဏီရဲ့ သင်္ဘောကျင်းတွေမှာတည်ဆောက်ခဲ့တဲ့ သင်္ဘောကြီး သုံးစီးထဲက ဒုတိယမြောက်ဖြစ်တယ်။ * တိုက်တဲန်းနစ်က အရှည် ၈၈၂.၈ ပေ နဲ့ အကျယ် ၉၂.၅ ပေ ရှိပြီး သူ့ခေတ်သူ့အခါက အကြီးဆုံးသင်္ဘောတစ်စီးဖြစ်တယ်။

ဒီသင်္ဘောတွေကို ဝှိုက်စတား သင်္ဘောလိုင်းက ဆောက်လုပ်ခိုင်းတာဖြစ်ပြီး မြောက်အတ္တလန္တိတ် ရေကြောင်းခရီးစဉ်ကို လွှမ်းမိုးနိုင်ဖို့ရည်ရွယ်တယ်။ သင်္ဘောအမြန်နှုန်းမှာ ဝှိုက်စတားက သူ့ပြိုင်ဘက်ဖြစ်တဲ့ ကယူနော့ဒ်ကို လိုက်မမီနိုင်ဘူး။ ဒါကြောင့် သင်္ဘောရဲ့ အရွယ်အစားနဲ့ ဇိမ်ကျမှုကို ဦးစားပေးလုပ်ဆောင်ခဲ့ပြီး သူဌေးသူကြွယ်တွေနဲ့ နာမည်ကျော်တွေကို ဆွဲဆောင်ခဲ့တယ်။

တိုက်တဲန်းနစ်မှာ နောက်ရည်မှန်းချက်တစ်ခုလည်း ရှိပုံရတယ်။ “၁၉၀၀ ပြည့်နှစ်ကနေ ၁၉၁၄ ကြားမှာ အမေရိကန်ကို နှစ်စဉ် လူပေါင်း ၉၀၀,၀၀၀ လောက် ပြောင်းရွှေ့သွားကြတယ်” လို့ အိုင်ယာလန်မြောက်ပိုင်းရှိ အမျိုးသားပြတိုက်ရဲ့ ပြတိုက်မှူး ဝီလျံ ဘလဲ ကဆိုတယ်။ သူတို့တွေကို ဥရောပကနေ အမေရိကန်ကို ပို့ဆောင်ပေးခြင်းက ဝင်ငွေအမြောက်အမြားရရှိပြီး တိုက်တဲန်းနစ်ကို အဲဒီအတွက် အသုံးပြုဖို့ ဖြစ်ပုံရတယ်။

ဝမ်းနည်းစရာအဖြစ်ဆိုး

တိုက်တဲန်းနစ်သင်္ဘောကပ္ပတိန် အီး. ဂျေ. စမစ်က မြောက်အတ္တလန္တိတ်သမုဒ္ဒရာမှာ ရေခဲအစိုင်အခဲတွေကြောင့် အန္တရာယ်ဖြစ်ပေါ်နိုင်တယ်ဆိုတာ သိထားတယ်။ သူဟာ ဒီလမ်းကြောင်းကို အိုလံပစ်သင်္ဘောနဲ့ သွားနေကျပဲ။ ရေခဲစိုင်တွေရှိနေတယ်ဆိုတာ တခြားသင်္ဘောတွေက သတိပေးခဲ့ပေမဲ့ တချို့သတိပေးချက်တွေကို လျစ်လျူရှုခဲ့ကြပြီး တချို့သတိပေးချက်တွေကတော့ ကပ္ပတိန်လက်ထဲ ရောက်ရှိခဲ့ပုံမရဘူး။

ရုတ်တရက် တိုက်တဲန်းနစ်ရဲ့ ကင်းစောင့်သမားတွေက ရှေ့မှာ ရေခဲစိုင်ကြီးရှိနေတယ်ဆိုတာ သတိပေးကြပေမဲ့ အရမ်းကိုနောက်ကျသွားပါပြီ။ တာဝန်ကျအရာရှိက သင်္ဘောကို ရေခဲစိုင်ကြီးနဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်လိုက်နိုင်ပေမဲ့ သင်္ဘောဘေးကို ရေခဲစိုင်အစွန်းနဲ့ခြစ်မိသွားတယ်။ အဲဒါက သင်္ဘောကိုယ်ထည်ကို ပျက်စီးစေပြီး သင်္ဘောဦးပိုင်းအကန့်တွေထဲ ရေတွေဝင်လာတယ်။ သူ့သင်္ဘော နစ်မြုပ်တော့မယ်ဆိုတာ ကပ္ပတိန်စမစ် သိလိုက်ပြီ။ အဲဒါကြောင့် သူဟာ အရေးပေါ်အကူအညီလှမ်းတောင်းပြီး အသက်ကယ်လှေတွေကို အသင့်ပြင်ဖို့ ညွှန်ကြားလိုက်တယ်။

တိုက်တဲန်းနစ်မှာ အသက်ကယ်လှေ ၁၆ စီးနဲ့ တခြားလှေငယ် လေးစီးရှိတယ်။ အားလုံးကို အပြည့်တင်မယ်ဆိုရင် ၁,၁၇၀ ယောက်လောက်ဆံ့တယ်။ ဒါပေမဲ့ သင်္ဘောပေါ်မှာ ခရီးသည်နဲ့ ဝန်ထမ်း ၂,၂၀၀ လောက်ရှိတယ်။ အဲဒီလို အသက်ကယ်လှေ မလောက်ငှရတဲ့ကြားထဲ လှေအများစုကလည်း လူမပြည့်ခင်မှာ ထွက်သွားကြတယ်။ လှေအများစုက အသက်ရှင်နေနိုင်တဲ့ ရေထဲခုန်ချခဲ့သူတွေကိုလည်း လိုက်မရှာကြဘူး။ နောက်ဆုံးတော့ လူပေါင်း ၇၀၅ ယောက်ပဲ အသက်ရှင်လွတ်မြောက်ခဲ့တယ်။

အဖြစ်ဆိုးပြီးနောက်

တိုက်တဲန်းနစ်အဖြစ်ဆိုးပြီးနောက်မှာ ရေကြောင်းဆိုင်ရာ အခွင့်အာဏာရှိသူတွေက ပင်လယ်မှာ ပိုလုံခြုံမှုရှိစေတဲ့ စည်းမျဉ်းတွေကို ထုတ်ပြန်ခဲ့တယ်။ အဲဒီစည်းမျဉ်းတွေထဲက တစ်ခုကတော့ ပင်လယ်ခရီးရှည်သွားတဲ့အခါ သင်္ဘောပေါ်မှာရှိတဲ့သူအားလုံးအတွက် အသက်ကယ်လှေ လုံလုံလောက်လောက် ထားရှိဖို့ဖြစ်တယ်။

ရေခဲစိုင်ကြီးနဲ့ ပြင်းပြင်းထန်ထန်တိုက်မိတဲ့အတွက် သင်္ဘောကိုယ်ထည်မှာ အက်ကွဲရာအကြီးကြီး ဖြစ်ပေါ်ခဲ့လို့ တိုက်တဲန်းနစ်ဟာ အလျှင်အမြန်နှစ်မြုပ်သွားတာဖြစ်တယ်ဆိုပြီး နှစ်ပေါင်းများစွာ လူတွေ ယုံကြည်ခဲ့ကြတယ်။ ဒါပေမဲ့ ၁၉၈၅ ခုနှစ်မှာ တိုက်တဲန်းနစ်ကို သမုဒ္ဒရာကြမ်းပြင်မှာ ရှာတွေ့ပြီးနောက် ခြားနားတဲ့ကောက်ချက်တစ်ခု ပေါ်ထွက်လာတယ်။ အေးစက်နေတဲ့ရေက သင်္ဘောကိုယ်ထည်ကိုတည်ဆောက်ထားတဲ့ သံမဏိကို ကြွပ်ဆတ်စေတာကြောင့် သံမဏိဟာ ကျိုးပြတ်လွယ်နေတယ်။ ဒါကြောင့်လည်း သင်္ဘောဟာ ရေခဲနဲ့တိုက်မိပြီး သုံးနာရီတောင်မပြည့်ခင် နှစ်ပိုင်းပြတ်သွားပြီး နစ်မြုပ် သွားတယ်။ ရေကြောင်းသမိုင်းမှာ အဆိုးရွားဆုံး အဖြစ်ဆိုးပါပဲ။ *

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 8 တိုက်တဲန်းနစ်ကို မတည်ဆောက်ခင် အိုလံပစ်ကို ဆောက်ခဲ့ပြီး နောက်ဆောက်တဲ့သင်္ဘောက ဘရီတဲန်းနစ် ဖြစ်တယ်။

^ အပိုဒ်၊ 17 တိုက်တဲန်းနစ်သင်္ဘောကနေ အသက်ရှင်လွတ်မြောက်ခဲ့သူတစ်ဦးအကြောင်းကို အင်္ဂလိပ် နိုးလော့! အောက်တိုဘာ ၂၂၊ ၁၉၈၁၊ စာမျက်နှာ ၃-၈ မှာ ဖတ်ပါ။

[စာမျက်နှာ ၁၂ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ဆောက်သ်ဟမ်တန်

ရှယ်ဘော

ကွင်းစတောင်း (ကားဘတ်)

တိုက်တဲန်းနစ် နစ်မြုပ်တဲ့နေရာ

နယူးယောက်

အတ္တလန္တိတ်သမုဒ္ဒရာ

[စာမျက်နှာ ၁၀၁၁ ပါ ရုပ်ပုံများ]

“တိုက်တဲန်းနစ်” သင်္ဘောကို တည်ဆောက်နေစဉ်

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

“တိုက်တဲန်းနစ်” သင်္ဘောငါးမန်းတောင်

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

အိုင်ယာလန်နိုင်ငံ ဘဲလ်ဖတ်စ်မြို့ရှိ ဟာလန်ဒ် နဲ့ ဝုဒ် သင်္ဘောကျင်းကနေ အလုပ်သမားတွေ ထွက်လာကြပုံ

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

“တိုက်တဲန်းနစ်” သင်္ဘောကပ္ပတိန် အီး. ဂျေ. စမစ် (ညာဘက်) နဲ့ သင်္ဘောအရာရှိချုပ် ဟားဘတ် မက်ခ်ရွိုင်

[Credit Line]

© Courtesy CSU Archive/​age fotostock

[Picture Credit Lines on page 10]

Pages 10 and 11: Leaving Southampton, under construction, and shipyard: © National Museums Northern Ireland; propellers: © The Bridgeman Art Library

[Picture Credit Line on page 13]

© SZ Photo/​Knorr & Hirth/​Bridgeman Art Library