မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့ကိုယ်တိုင် တခြားသူတွေကို ပိုမျှမျှတတ ဆက်ဆံတတ်အောင် ဘယ်လို လုပ်မလဲ

ကျွန်ုပ်တို့ကိုယ်တိုင် တခြားသူတွေကို ပိုမျှမျှတတ ဆက်ဆံတတ်အောင် ဘယ်လို လုပ်မလဲ

ကျွန်ုပ်တို့ကိုယ်တိုင် တခြားသူတွေကို ပိုမျှမျှတတ ဆက်ဆံတတ်အောင် ဘယ်လို လုပ်မလဲ

ကျွန်ုပ်တို့ရဲ့ ဖန်ဆင်းရှင်က ကျွန်ုပ်တို့ကို ပျော်ရွှင်စေချင်တယ်၊ စိတ်ငြိမ်သက်မှု ခံစားစေချင်တယ်၊ တခြားသူတွေကို ပျော်ရွှင်စေတဲ့သူတွေ ဖြစ်စေချင်တယ်။ ဒါကြောင့် “တရားမျှတစွာကျင့်ဖို့၊ ကြင်နာမှုကို ချစ်မြတ်နိုးဖို့” ဘုရားသခင် တောင်းဆိုထားတယ်။ (မိက္ခာ ၆:၈ကဘ) ဒီတောင်းဆိုချက်ကို ကျွန်ုပ်တို့ ဘယ်လိုပြည့်မီနိုင်မလဲ။ မမျှမတ လုပ်ဆောင်စေတဲ့ ဉာဉ်ဆိုးတွေနေရာမှာ အရည်အသွေးကောင်းတွေ ရှိလာအောင် ပျိုးထောင်ခြင်းအားဖြင့် ဖြစ်တယ်။ သမ္မာကျမ်းစာက ဘယ်လိုကူညီပေးနိုင်သလဲဆိုတာ ကြည့်ကြရအောင်။

လောဘကြီးခြင်းကို အောင်နိုင်။ လောဘကို တိုက်ဖျက်တဲ့နေရာမှာ အကောင်းဆုံးလက်နက်က မေတ္တာပါပဲ။ စိတ်ကူးယဉ်ဆန်တဲ့ မေတ္တာလောက်ကို ပြောတာ မဟုတ်ဘဲ တခြားသူတွေအတွက် ကိုယ်ကျိုးစွန့်တတ်တဲ့ မေတ္တာမျိုးကို ပြောတာဖြစ်တယ်။ အဲဒီလိုမေတ္တာက “ကြင်နာတတ်” တယ်၊ “ကိုယ်အကျိုးကို မရှာတတ်” ဘူးလို့ ၁ ကောရိန္သု ၁၃:၄၊ ၅ မှာ ဖော်ပြထားတယ်။ ဒါ့အပြင် အဲဒီလိုမေတ္တာက မိသားစု၊ မိတ်ဆွေတွေအပေါ်လောက်မှာသာရှိတာ မဟုတ်ဘူး။ ယေရှုက “သင်တို့ကို ချစ်သောသူတို့ကိုသာ ချစ်လျှင် အဘယ်အကျိုး ရှိမည်နည်း” လို့ မေးပြီး ဘုရားသခင်ကို မသိသူတွေတောင် သူတို့ကို ချစ်တဲ့သူတွေကိုတော့ ချစ်တတ်ကြကြောင်း ထည့်ပြောခဲ့တယ်။—မဿဲ ၅:၄၆

ခွဲခြားဆက်ဆံမှုကို အောင်နိုင်။ တမန်တော် ၁၀:၃၄၊ ၃၅ မှာ ခုလိုဖတ်ရတယ်– “ဘုရားသခင်သည် မျက်နှာလိုက်တော်မမူကြောင်း ငါမုချသိ၏။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့၍ ဖြောင့်မတ်ခြင်းတရား ကျင့်သုံးသောသူကို နှစ်သက်လက်ခံတော်မူ၏။” ဘုရားသခင်က လူမျိုး၊ လူနေမှုအဆင့်အတန်း ဒါမှမဟုတ် ကျား/မ ကိုကြည့်ပြီး ကယ်တင်တာ မဟုတ်ဘူး။ ဘုရားသခင့်အမြင်မှာ “ဂျူးလူမျိုး၊ ဂရိလူမျိုးဟူ၍ မရှိ။ ကျွန်၊ လွတ်လပ်သူဟူ၍ မရှိ။ အမျိုးသား၊ အမျိုးသမီးဟူ၍ မရှိ” ဘူး။ (ဂလာတိ ၃:၂၈) ကျွန်ုပ်တို့က ဘုရားသခင်ကို တုပမယ်ဆိုရင် ခွဲခြားဆက်ဆံတတ်မှုကို အောင်မြင်နိုင်တယ်။ အမေရိကန်နိုင်ငံက ဒေါ်ရသီရဲ့ ဥပမာကို သုံးသပ်ကြည့်ပါ။

ဒေါ်ရသီက လူမျိုးရေးခွဲခြားမှုကို အရမ်းခံပြင်းတဲ့အတွက် လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်ပြီး လူမည်းတွေအပေါ် ဖိနှိပ်တာကို တွန်းလှန်ချင်တဲ့အထိ ဖြစ်လာတယ်။ အဲဒီအချိန်မှာ သူဟာ ယေဟောဝါသက်သေတွေရဲ့ ခရစ်ယာန်အစည်းအဝေးတစ်ခုကို တက်ခဲ့ပြီး အဲဒီက လူဖြူတွေရော၊ လူမည်းတွေပါ သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတဲ့အတွက် သူတကယ်ပဲ အံ့သြမှင်သက်မိတယ်။ ဘုရားသခင်သာ လူတွေရဲ့ အတွင်းစိတ်ကို ပြောင်းလဲပေးနိုင်တယ်ဆိုတာ သူ သဘောပေါက်လာတယ်။ တော်လှန်ရေးမှာသာ သူပါဝင်ခဲ့ရင် လူဖြူတွေကိုသတ်ဖို့ သူလက်နှေးမှာမဟုတ်ဘူး။ ဒါပေမဲ့ ခုတော့ သက်သေခံလူဖြူတွေရဲ့ မေတ္တာကြောင့် စိတ်မထိန်းနိုင်ဘဲ ငိုချမိတဲ့အထိ သူ့စိတ်ထိမိခဲ့တယ်။

ရိုင်းစိုင်းတဲ့စိတ်သဘောထားကို အောင်နိုင်။ ယေရှုရဲ့ အစောပိုင်းနောက်လိုက်တွေဟာ ခရစ်ယာန်မဖြစ်ခင်က သောက်ကြူးသူတွေ၊ လုယက်သူတွေ၊ ဆူဆူညံညံပွဲခံသူတွေနဲ့ ဆဲရေးကဲ့ရဲ့သူတွေ ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ဟာ ဘုရားသခင့် အကူအညီနဲ့ ဉာဉ်ဆိုးတွေနေရာမှာ ချစ်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်းတွေကို အစားထိုးနိုင်ခဲ့တယ်။ (၁ ကောရိန္သု ၅:၁၁။ ၆:၉-၁၁။ ဂလာတိ ၅:၂၂) ဒီနေ့လည်း အလားတူပါပဲ၊ သန်းနဲ့ချီတဲ့သူတွေဟာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်လာတဲ့အခါ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ပြုလုပ်နိုင်ခဲ့ကြတယ်။ ဥပမာတစ်ခုကို ပြောရရင် အဇာဘိုင်ဂျန်နိုင်ငံက ဖီရိုဒန်ဖြစ်တယ်။

ဖီရိုဒန်ဟာ မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့ပြီး တခြားကလေးတွေနဲ့ ရန်ဖြစ်လေ့ရှိတယ်။ အရွယ်ရောက်လာတဲ့အခါ သူဟာ အနီးကပ်တိုက်ခိုက်ရေးနည်းပြ ဖြစ်လာတယ်။ “ကျွန်တော်က ရက်စက်ရိုင်းစိုင်းကြမ်းကြုတ်သူဖြစ်ခဲ့တယ်” ဆိုပြီး ပြောတယ်။ “ထမင်းဝိုင်းမှာ ကျွန်တော့်ဇနီး ဇက်ကရာက သွားကြားထိုးတံပဲဖြစ်ဖြစ် တစ်ခုခုကို ထားပေးဖို့မေ့ကျန်ခဲ့ရင် သူ့ကို ကျွန်တော် ထရိုက်တော့တာပဲ။ ကျွန်တော်တို့နှစ်ယောက် လမ်းလျှောက်သွားနေတုန်း တစ်ယောက်ယောက်က ကျွန်တော့်ဇနီးကိုကြည့်ရင် အဲဒီလူကိုလည်း ဆွဲထိုးလေ့ရှိတယ်။”

တစ်နေ့မှာ၊ ယေရှုက မိမိကိုနှက်တိုင်တင်ခဲ့တဲ့ စစ်သားတွေကို ခွင့်လွှတ်ပေးပါလို့ ဘုရားသခင်ကို တောင်းဆိုခဲ့တဲ့အကြောင်း ဖီရိုဒန် သိလိုက်ရတဲ့အခါ အဲဒါက သူ့စိတ်နှလုံးကို ထိမိခဲ့တယ်။ (လုကာ ၂၃:၃၄) ‘ဘုရားသခင်ရဲ့သားပဲ ဒီလိုလုပ်နိုင်လိမ့်မယ်’ လို့ သူတွေးမိတယ်။ အဲဒီနောက် သူ ဘုရားသခင်အကြောင်း ပိုသိလိုခဲ့တယ်။ ယေဟောဝါသက်သေတွေက အခမဲ့ ကျမ်းစာလေ့လာဖို့ ကမ်းလှမ်းတဲ့အခါ သူ လက်ခံခဲ့တယ်။ သိပ်မကြာခင်မှာပဲ သူ့ရဲ့ အကျင့်စရိုက်တွေ တိုးတက်ပြောင်းလဲလာတယ်။ သူဟာ တကယ့်ကို ကြင်နာတတ်သူတစ်ယောက် ဖြစ်လာတဲ့အတွက် သူ့ဇနီးဇက်ကရာလည်း ကျမ်းစာကို လေ့လာခဲ့တယ်။ အခုအချိန်မှာတော့ သူတို့နှစ်ဦးစလုံးက စည်းလုံးငြိမ်သက်စွာနဲ့ ဘုရားသခင်ကို ဝတ်ပြုနေကြတယ်။

ကျွန်ုပ်တို့တစ်ဦးချင်းစီ လုပ်ဆောင်တဲ့ ပြောင်းလဲမှုတွေဟာ တစ်ကမ္ဘာလုံးကို ပြောင်းလဲစေနိုင်မှာ မဟုတ်ဘူးဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒီကမ္ဘာကို တရားမျှတတဲ့ကမ္ဘာ ဖြစ်အောင်လုပ်မယ်လို့ ဘုရားသခင် ရည်ရွယ်ထားပါတယ်။ ဒီလိုလုပ်ဆောင်နိုင်တဲ့အစွမ်းလည်း ကိုယ်တော့်မှာ ရှိတယ်။ ရှေ့ဆောင်းပါးရဲ့အစမှာ ကိုးကားခဲ့တဲ့ ၂ တိမောသေ ၃:၁-၄ ကိုစဉ်းစားကြည့်ပါ။ ကျွန်ုပ်တို့ခေတ်မှာ လူအများရဲ့စိတ်နေသဘောထား ဘယ်လိုဖြစ်လာမလဲဆိုတာ သမ္မာကျမ်းစာရဲ့ အဲဒီကျမ်းချက်မှာ ရှင်းရှင်းလင်းလင်း ကြိုပြောခဲ့တယ်။ အဲဒီကြိုဟောချက်က တခြားကြိုဟောချက်တွေလိုပဲ အသေးစိတ် ပြည့်စုံနေပါတယ်။ ဒါကြောင့် မတရားမှုအားလုံးကို ဖယ်ရှားပစ်မယ်ဆိုတဲ့ ဘုရားသခင့်ကတိတော်ကို ကျွန်ုပ်တို့ အလေးအနက်ထား ယုံကြည်တာက ယုံလွယ်လွန်းနေတာမဟုတ်ဘူး။ ဒီရည်ရွယ်ချက်ကို ဘုရားသခင် အကောင်အထည် ဖော်ပါလိမ့်မယ်။ ဘယ်လိုနည်းနဲ့လဲ။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

တရားမျှတမှုကို ဟိုက်ဒီ ရှာဖွေ

“လူမျိုးရေးခွဲခြားဆက်ဆံမှု၊ စစ်မှု၊ ဆင်းရဲနွမ်းပါးမှုနဲ့ တခြားမမျှတမှုတွေကြောင့် ကျွန်မဝမ်းနည်းခဲ့ရပြီး ဖြေရှင်းနည်းကို ရှာဖွေခဲ့တယ်” လို့ အမေရိကန်မှာနေထိုင်တဲ့ ဟိုက်ဒီက ဆိုတယ်။ “ပြည်သူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုမှာ ပါဝင်ဖို့ ကျွန်မ ကြိုးစားခဲ့ပြီး နောက်ဆုံး နိုင်ငံရေးပါတီတစ်ခုနဲ့ ဆက်သွယ်မိတယ်။ ဒါပေမဲ့လည်း မတရားမှုကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ပုံ မရခဲ့ပါဘူး။

“ပိုအခြေခံကျတဲ့အရာတွေကို ပြောင်းလဲဖို့လိုတယ်လို့ ကျွန်မထင်တယ်။ ဒါကြောင့် လူမှုဓလေ့စရိုက်တွေ၊ အခွင့်အာဏာတွေကို ငြင်းပယ်လိုသူတွေဖြစ်တဲ့ ဟစ်ပီတွေရဲ့ လှုပ်ရှားမှုက အောင်မြင်မယ်လို့ ယူဆခဲ့တယ်။ ဒါပေမဲ့ ဒါလည်း မအောင်မြင်ခဲ့ပါဘူး။ ဟစ်ပီအများစုက ဖွဲ့စည်းပုံစနစ်တွေကို ပြောင်းလဲစေဖို့ထက် လိင်၊ မူးယစ်ဆေးဝါးနဲ့ တေးဂီတတွေကို ပိုပြီးစိတ်ဝင်စားနေတယ်။ ဒါကိုသိလိုက်ရတဲ့အချိန်မှာ ကျွန်မ တော်တော်လေး စိတ်ဓာတ်ကျသွားတယ်။ နောက်ပိုင်း၊ ကျမ်းစာမှာပါတဲ့ ဘုရားသခင်ရည်ရွယ်ထားတဲ့အပြောင်းအလဲတွေကို ယေဟောဝါသက်သေတစ်ယောက်က ကျွန်မကိုပြတယ်။ ဥပမာ၊ ဘုရားသခင်ဟာ လူတိုင်းရဲ့မျက်ရည်ကို သုတ်ပေးမယ်၊ မတရားမှုကြောင့် ဖြစ်လေ့ရှိတဲ့ ငိုကြွေးမြည်တမ်းမှုတွေ၊ အော်ဟစ်မှုတွေ၊ နာကျင်မှုတွေကို ဖယ်ရှားမယ်လို့ ဖော်ပြထားတဲ့ ဗျာဒိတ် ၂၁:၃၊ ၄ လိုမျိုး ကျမ်းချက်တွေကို ပြခဲ့တယ်။ ‘ဒီကတိတွေက တကယ်ဖြစ်နိုင်ပါ့မလား’ လို့ ကိုယ့်ဘာသာကိုယ် မေးခဲ့မိတယ်။

“ဒါပေမဲ့ ဘုရားသခင်ရဲ့ တန်ခိုးနဲ့ မေတ္တာအကြောင်း ဖော်ပြထားတဲ့ ကျမ်းချက်တွေကို ဖတ်ပြီး ယေဟောဝါသက်သေတွေကြားမှာရှိတဲ့ မေတ္တာကို ခံစားရတဲ့အခါ ကျွန်မရဲ့ သံသယတွေ ရှင်းသွားတယ်။ အခုတော့ ဘုရားသခင့်ကတိတော်တွေပြည့်စုံမယ့်အချိန်ကို ကျွန်မ စောင့်မျှော်နေပါတယ်။”

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ဘုရားသခင်ကို ကျွန်ုပ်တို့တုပမယ်ဆိုရင် ခွဲခြားဆက်ဆံမှုကို အောင်နိုင်

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ဖီရိုဒန်နဲ့ ဇနီး ဇက်ကရာ