မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်အစိုးရလက်အောက်က စစ်မှန်တဲ့ တရားမျှတမှု

ဘုရားသခင့်အစိုးရလက်အောက်က စစ်မှန်တဲ့ တရားမျှတမှု

ဘုရားသခင့်အစိုးရလက်အောက်က စစ်မှန်တဲ့ တရားမျှတမှု

မကြာခင် ဘုရားသခင်က လက်ရှိကမ္ဘာပေါ်မှာရှိနေတဲ့စနစ်တစ်ခုလုံးကို ဘုရားသခင့်နိုင်ငံတော်နဲ့ အစားထိုးတော့မယ်ဆိုပြီး သမ္မာကျမ်းစာမှာ ကြိုဟောထားတယ်။ အဲဒီအုပ်ချုပ်မှုအသစ်မှာ ဘုရင်တစ်ဦးတည်းရှိမှာဖြစ်ပြီး အဲဒီဘုရင်က ယေရှုခရစ် ဖြစ်တယ်။ (ဗျာ. ၁၁:၁၅) ဘုရားသခင့်နိုင်ငံတော်က မတရားမှုကို ဘယ်လို ဖယ်ရှားပေးမလဲ။ ဘုရားသခင့်နိုင်ငံတော်က နည်းနှစ်နည်းနဲ့ လုပ်ဆောင်ပေးပါလိမ့်မယ်။

၁။ ဘုရားသခင့်နိုင်ငံတော်က မမျှတတဲ့၊ အရည်အချင်းမရှိတဲ့ လူ့အုပ်ချုပ်မှုကို ဖယ်ရှားလိမ့်မယ်။ ဒံယေလ ၂:၄၄ [ကဘ] မှာဒီလိုဖော်ပြထားတယ်– “အဲဒီဘုရင်တွေ[အစိုးရတွေ]လက်ထက်မှာ ကောင်းကင်မှာရှိတဲ့ ဘုရားသခင်က ဘယ်တော့မှ ပျက်စီးမှာ မဟုတ်တဲ့နိုင်ငံတစ်ခုကို တည်ထောင်လိမ့်မယ်။ အဲဒီနိုင်ငံက . . . ဒီ [လူသားအုပ်ချုပ်တဲ့] နိုင်ငံအားလုံးကို ခြေမွဖျက်ဆီးပြီး ကာလအစဉ်အဆက် တည်လိမ့်မယ်။”

၂။ ဘုရားသခင့်နိုင်ငံတော်က လူဆိုးအားလုံးကို ဖျက်ဆီးမှာဖြစ်ပြီး တရားမျှတသူတွေကို ကာကွယ်ပေးမယ်။ “သိပ်မကြာခင်မှာ လူဆိုးတွေ လုံးဝရှိတော့မှာ မဟုတ်ဘူး။ . . . ယေဟောဝါက တရားမျှတမှုကို ချစ်မြတ်နိုးပြီး သူ့အပေါ်သစ္စာစောင့်သိသူတွေကို ဘယ်တော့မှ စွန့်မှာ မဟုတ်ဘူး။ သူတို့ကို ကာလအစဉ်အဆက် ကာကွယ်ပေးလိမ့်မယ်” ဆိုပြီး ဆာလံ ၃၇:၁၀၊ ၂၈ [ကဘ] မှာဖော်ပြထားတယ်။

အဲဒီ “သစ္စာစောင့်သိသူတွေ” က စံပြဆုတောင်းချက်ထဲမှာ ယေရှုပြောခဲ့တဲ့စကားတွေ ပြည့်စုံလာတာကို မြင်တွေ့ခံစားရလိမ့်မယ်။ ကိုယ်တော် ခုလို ဆိုတယ်– “နိုင်ငံတော် လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ။” (မဿဲ ၆:၁၀) ကမ္ဘာမြေကြီးအတွက် ဘုရားသခင့်အလိုတော်ကဘာလဲ။

ကမ္ဘာမြေကြီးကို ဘုရားသခင့်နိုင်ငံတော် အုပ်စိုးတဲ့အခါ . . .

အကျင့်ပျက်ခြစားမှုနဲ့ ဖိနှိပ်မှု ပျောက်ကွယ်လိမ့်မယ်။ ယေရှုခရစ်နဲ့ပတ်သက်ပြီး ဟေဗြဲ ၁:၉ မှာ ဒီလိုဖော်ပြထားတယ်– “သင်သည် ဖြောင့်မတ်ခြင်းကိုချစ်၍ မတရားမှုကို မုန်း၏။” တရားမျှတတဲ့ အုပ်စိုးရှင်ယေရှုက ‘အော်ဟစ်အကူအညီတောင်းနေတဲ့ ဆင်းရဲသားတွေ၊ ဖိနှိပ်ခံရသူတွေနဲ့ ခိုကိုးရာမဲ့သူတွေကို ကယ်နုတ်မှာဖြစ်တယ်။ သူတို့သွေးက သူ့အတွက် သိပ်ကိုအဖိုးတန်လို့ ဖိနှိပ်မှုနဲ့အကြမ်းဖက်မှုတွေကနေ သူတို့ကို သူရွေးနုတ်လိမ့်မယ်။’—ဆာလံ ၇၂:၁၂-၁၄ကဘ။

အစားအသောက်ပေါကြွယ်ဝလိမ့်မယ်။ “မြေကြီးက သူ့ရဲ့အသီးအပွင့်တွေကို ထုတ်ပေးလိမ့်မယ်။ ငါတို့ကို ငါတို့ဘုရားသခင် ကောင်းချီးပေးလိမ့်မယ်။” (ဆာလံ ၆၇:၆ကဘ) “ကောက်နှံတွေက မြေကြီးပေါ်မှာ တောင်ပုံရာပုံရှိပြီး တောင်ထိပ်တွေပေါ်မှာ ဖွေးဖွေးလှုပ်နေလိမ့်မယ်။” (ဆာလံ ၇၂:၁၆ကဘ) တစ်ခါက ယေရှုဟာ ထောင်နဲ့ချီတဲ့လူတွေကို အံ့ဖွယ်နည်းနဲ့ အစားအစာကျွေးမွေးခဲ့တယ်။ အဲဒါက ဘုရားသခင့်နိုင်ငံတော်မှာ သူအုပ်ချုပ်တဲ့အခါ ဘာလုပ်မလဲဆိုတာကို ဖော်ပြခြင်းဖြစ်တယ်။—မဿဲ ၁၄:၁၅-၂၁; ၁၅:၃၂-၃၈

အပြည့်အဝ လုပ်ဆောင်နိုင်စွမ်းမရှိတာကြောင့် မတရားတာမျိုး ရှိမှာ မဟုတ်တော့။ “ကိုယ်တော် [ဘုရားသခင့်] ရှေ့တွင် မထင်ရှားသော ဖန်ဆင်းရာတစ်ခုမျှမရှိ။ ငါတို့စာရင်းရှင်းရမည့်အရှင်၏ ရှေ့မှောက်တော်တွင် အရာခပ်သိမ်းသည် ဖုံးကွယ်ထားခြင်းမရှိဘဲ လှစ်ဟလျက်ရှိ၏။” (ဟေဗြဲ ၄:၁၃) ခရစ်တော်နဲ့ပတ်သက်ပြီး ဟေရှာယ ၁၁:၃၊ ၄ မှာ ဒီလိုဖော်ပြထားတယ်– “သူက မျက်စိနဲ့မြင်ရတဲ့ အပြင်ပန်းကိုကြည့်ပြီး တရားစီရင်မှာမဟုတ်ဘူး။ နားနဲ့ကြားလိုက်ရုံနဲ့ ပဲ့ပြင်မှာမဟုတ်ဘူး။ သူက ခိုကိုးရာမဲ့သူတွေကို ဖြောင့်မတ်ခြင်းနဲ့အညီ တရားစီရင်လိမ့်မယ်။ မြေကြီးပေါ်က စိတ်နူးညံ့သူတွေရဲ့အကျိုးအတွက် ဖြောင့်မှန်ခြင်းနဲ့အညီ ပဲ့ပြင်လိမ့်မယ်။”

ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်ချိန် နီးပြီ

ပိုပြီးဆိုးရွားလာတဲ့ ကမ္ဘာကြီးရဲ့ အခြေအနေက အဆုံးနီးနေပြီဆိုတာကို ပြတယ်။ ‘မတရားသောသူတို့သည် မြက်ပင်ကဲ့သို့ ပေါက်၍ မတရားမှုကိုပြုသောသူတို့သည် ပွင့်လန်းကြသောအခါ ထာဝရပျက်စီးခြင်းသို့ရောက်ရသော အကြောင်းပေတည်း’ လို့ ဆာလံ ၉၂:၇ မှာဖော်ပြထားတယ်။ ဘုရားသခင်ဖျက်ဆီးတဲ့အထဲ မပါအောင်၊ ဘုရားသခင်ရဲ့ ကယ်တင်မှုရရှိအောင် ဘယ်လိုလုပ်နိုင်မလဲ။ ‘ထာဝရအသက်ရရန် မှန်သောဘုရားသခင် တစ်ပါးတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသော ယေရှုခရစ်တို့နှင့်ဆိုင်သည့် အသိပညာကို . . . ဆည်းပူးနေရမည်’ ဆိုပြီး ယေရှု ပြောခဲ့တယ်။—ယောဟန် ၁၇:၃

အဲဒီအဖိုးတန်အသိပညာကို သိချင်ပါသလား။ သိချင်တယ်ဆိုရင် ရှေ့ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ ဟိုက်ဒီ၊ ဒေါ်ရသီနဲ့ ဖီရိုဒန်တို့လို ယေဟောဝါသက်သေတွေနဲ့ ဆွေးနွေးကြည့်ပါ။ အခကြေးငွေ ပေးစရာမလိုပါဘူး။ သင်သိချင်တဲ့မေးခွန်းတွေကို သူတို့ ဖြေကြားပေးလိုကြပါတယ်။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ဘဝက မတရားဘူးလို့ ခံစားရတဲ့အခါ

အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ အမ်မလီဟာ အသက် ခုနစ်နှစ်အရွယ်မှာ သွေးကင်ဆာရောဂါရှိတယ်ဆိုတာ သိလိုက်ရတယ်။ သူ့သူငယ်ချင်းတွေက တစ်ခါတလေကျမှပဲ သာမန် အအေးမိ၊ တုတ်ကွေးတွေဖြစ်ပေမဲ့ သူခမျာမှာတော့ ဓာတုကုထုံးအပါအဝင် ပြင်းထန်တဲ့ဆေးဝါးကုသမှုတွေကို နှစ်ချီခံယူနေရရှာတယ်။ “သွေးကင်ဆာက တကယ့်ကိုကြောက်စရာကောင်းတယ်” လို့ သူပြောတယ်။

အမ်မလီအတွက် ဘဝအသက်တာဟာ ခက်ခဲပေမဲ့ သူ လက်မလျှော့ခဲ့ပါဘူး။ ဘုရားသခင့်နိုင်ငံတော်အောက်မှာ “ဘယ်ပြည်သူပြည်သားကမှ ‘ငါ နေမကောင်းဘူး’ လို့ပြောမှာ မဟုတ်” တဲ့အချိန်ကို သူ စောင့်မျှော်နေပါတယ်။ (ဟေရှာယ ၃၃:၂၄ကဘ) “ကျွန်မအကြိုက်ဆုံးကျမ်းချက်က ‘သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် တစ်သက်တာလုံး ချစ်လော့’ လို့ဆိုထားတဲ့ မာကု ၁၂:၃၀ ပါပဲ။ ကျွန်မ ယေဟောဝါဘုရားသခင်ကို ဆုတောင်းတဲ့အခါ ကိုယ်တော် ကျွန်မကို ခွန်အားပေးတယ်။ ကျွန်မအတွက် မိသားစုပေးထားလို့၊ အသင်းတော်ပေးထားလို့၊ ကမ္ဘာသစ်ပရဒိသုမှာ ထာဝစဉ်အသက်ရှင်နိုင်မယ့် မျှော်လင့်ချက်ပေးထားလို့ ယေဟောဝါကို ကျေးဇူးတင်ပါတယ်။ အဲဒီမျှော်လင့်ချက်က ကျွန်မကို အရမ်းအားရှိစေတယ်။”

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံများ]

ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်မှာ လူသားအားလုံးအတွက် အစားအသောက် ပေါကြွယ်ဝမယ်၊ တရားမျှတမှု ရှိပြီး ဘက်လိုက်မှု မရှိတော့