မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မတရားမှုကြောင့် ထိခိုက်နာကျင်ရ

မတရားမှုကြောင့် ထိခိုက်နာကျင်ရ

မတရားမှုကြောင့် ထိခိုက်နာကျင်ရ

မိုက်ကယ်ဟာ သူ မကျူးလွန်ခဲ့တဲ့မုဒိမ်းမှုတစ်ခုကြောင့် ၂၇ နှစ်ကြာ အကျဉ်းကျခံရပြီး အမေရိကန်နိုင်ငံ တက္ကဆက်အကျဉ်းထောင်ကနေ ၂၀၁၀ ပြည့်နှစ်မှာ လွတ်မြောက်လာတယ်။ နောက်ပိုင်းမှပေါ်လာတဲ့ ဒီအန်အေ စစ်ဆေးချက်ကြောင့် အဲဒီအမှုကို သူ မကျူးလွန်ခဲ့ကြောင်း ထင်ရှားလာခဲ့တာဖြစ်တယ်။ အာဏာပိုင်တွေက အဲဒီပြစ်မှုကျူးလွန်သူတွေကို တွေ့ရှိပေမဲ့ ဥပဒေအရ အမှုက သိပ်ကြာသွားပြီဖြစ်လို့ တရားစွဲလို့ မရတော့ဘူး။

ကြီးလေးတဲ့ပြစ်မှု ကျူးလွန်ခဲ့သူတွေက ပြစ်ဒဏ်မခံရအောင် ရှောင်လွှဲကြတယ်။ ဥပမာ၊ ဗြိတိန်နိုင်ငံမှာ “မဖြေရှင်းရသေးတဲ့ လူသတ်မှုတွေဟာ လွန်ခဲ့တဲ့ဆယ်နှစ်အတွင်း နှစ်ဆတိုးလာခဲ့တယ်။ ဒါကြောင့် ရဲနဲ့ တရားရုံးတွေက အကြမ်းဖက်ရာဇဝတ်မှုကို ဖြေရှင်းပေးနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ တိုးလာတယ်” ဆိုပြီး သတင်းမှတ်တမ်းတစ်ခုမှာ ဖော်ပြထားတယ်။—The Telegraph

၂၀၁၁၊ ဩဂုတ်လမှာ ဗြိတိန်ရဲတွေက နောက်ထပ် ရာဇဝတ်မှုပုံစံတစ်မျိုးကို ကြိုးစားထိန်းချုပ်ခဲ့ရတယ်။ အဲဒါက ဘာမင်ဟန်၊ လီဗာပူး၊ လန်ဒန်နဲ့ တခြားနေရာတွေမှာဖြစ်ခဲ့တဲ့ ဆူပူအုံကြွမှုတွေ ဖြစ်တယ်။ ဆူပူရမ်းကားသူတွေက မီးရှို့၊ စတိုးဆိုင်ပြတင်းပေါက်တွေကို ရိုက်ချိုးပြီး လုယက်တာကြောင့် စီးပွားရေး ထိခိုက်ရုံ၊ အိမ်တွေ၊ ကားတွေ ပျက်စီးရုံသာမက လူတွေရဲ့ အသက်မွေးဝမ်းကြောင်းပါ ပျက်စီးရတယ်။ ဘာကြောင့် အဲဒီလိုလုပ်ကြတာလဲ။ လူများစွာကတော့ လောဘသက်သက်ကြောင့်ပဲ။ ဒါပေမဲ့ တချို့သူတွေက မတရားမှုကို တုံ့ပြန်တဲ့အနေနဲ့ လုပ်တယ်လို့ ထင်ရတယ်။ တချို့သူတွေရဲ့ မှတ်ချက်အရ ဆူပူအုံကြွသူတွေဟာ ဆင်းရဲတဲ့ဝန်းကျင်မှာ ကြီးပြင်းလာရပြီး ဘဝမှာ အောင်မြင်ဖို့ အခွင့်အရေးမရှိတဲ့အပြင် အစိုးရက လျစ်လျူရှုထားတယ်လို့ ခံစားရတဲ့ လူငယ်တွေ ဖြစ်ပုံရတယ်။

“အော်ဟစ်အကူအညီ တောင်းပေမဲ့လည်း တရားမျှတစွာ စီရင်ပေးမယ့်သူ မရှိဘူး” ဆိုပြီး သမ္မာကျမ်းစာမှာပါတဲ့ ယောဘ ပြောခဲ့တယ်။ (ယောဘ ၁၉:၇ကဘ) ဒီနေ့လည်း အလားတူပါပဲ၊ လူများစွာက တရားမျှတမှုရှိဖို့ အော်ဟစ်တောင်းဆိုနေပေမဲ့ သူတို့ရဲ့တောင်းဆိုမှုတွေဟာ ဖြေကြားမခံရဘူး။ တရားမျှတအောင် လုပ်ဆောင်နိုင်သူကော ရှိရဲ့လား။ အနာဂတ်မှာ ကမ္ဘာပေါ် ပိုပြီးတရားမျှတလာမယ်လို့ ယူဆတာဟာ ယုံလွယ်လွန်းနေတာလား။ ကျေနပ်ဖွယ်အဖြေရနိုင်ဖို့ မတရားမှုတွေ ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတချို့ကို ဆန်းစစ်ကြည့်ကြရအောင်။