မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာ ရှုထောင့်

“အမှန်တရားသည်လည်း သင်တို့ကို လွှတ်လိမ့်မည်” ဆိုတာ ဘယ်လိုနည်းနဲ့လဲ

“အမှန်တရားသည်လည်း သင်တို့ကို လွှတ်လိမ့်မည်” ဆိုတာ ဘယ်လိုနည်းနဲ့လဲ

လူသန်းပေါင်းများစွာက သူတို့ကိုယ်သူတို့ လွတ်လပ်မှုရှိသူတွေလို့ ထင်နေပေမဲ့ တကယ်တမ်းကျတော့ မလွတ်လပ်ကြပါဘူး။ ဥပမာ၊ လူအများက အယူသီးမှုတွေရဲ့ ကျေးကျွန်ဖြစ်နေကြတယ်။ တချို့ကျတော့ သေလွန်သူတွေကို ကြောက်ရွံ့ပြီး သူတို့စိတ်ကျေနပ်ဖို့ ငွေကုန်ကြေးကျခံပြီး ပူဇော်ပသကြတယ်။ တခြားသူတွေကျပြန်တော့ လူသေရင် ဘာဖြစ်မလဲဆိုတာ သေချာမသိတဲ့အတွက် သေရမှာကို အလွန်အမင်း ကြောက်နေရှာတယ်။ အဲဒီလိုလူတွေဟာ ကြောက်ရွံ့မှုနဲ့ ငွေကြေးအခက်အခဲတွေကနေ လွတ်မြောက်နိုင်ပါ့မလား။ လွတ်မြောက်နိုင်ပါတယ်။ ခေါင်းစဉ်မှာဖော်ပြထားတဲ့ ယေရှုခရစ်ရဲ့စကားအရ အမှန်တရားက လွတ်မြောက်စေနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်း ဖြစ်တယ်။ ဒါပေမဲ့ ဘယ်အမှန်တရားလဲ။ ယေဘုယျ အမှန်တရားလား ဒါမှမဟုတ် သတ်သတ်မှတ်မှတ် ရှိသလား။

ယေရှုရှင်းရှင်းလင်းလင်း ဒီလိုပြောခဲ့ပါတယ်– “သင်တို့သည် ငါ၏တရား၌ တည်နေလျှင် . . . အမှန်တရားကို သင်တို့သိကြလိမ့်မည်။ ထိုအမှန်တရားသည်လည်း သင်တို့ကိုလွှတ်လိမ့်မည်။” (ယောဟန် ၈:၃၁၊ ၃၂) ယေရှုရဲ့ “တရား” က ယေရှုရဲ့သွန်သင်ချက်တွေဖြစ်ပြီး သမ္မာကျမ်းစာမှာ တွေ့နိုင်ပါတယ်။

“အမှန်တရားသည်လည်း သင်တို့ကို လွှတ်လိမ့်မည်” လို့ယေရှုပြောတဲ့အခါ အဓိကအနေနဲ့ ပြောချင်တာက အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်နိုင်တယ်ဆိုတဲ့အချက် ဖြစ်တယ်။ ဒါ့အပြင် သမ္မာကျမ်းစာ အမှန်တရားကို သိရှိခြင်းက အယူသီးတာ၊ သေလွန်သူတွေကို ကြောက်ရွံ့တာနဲ့ သေရမှာကို အလွန်အမင်း စိုးရိမ်တာတွေကနေလည်း လွတ်မြောက်စေတယ်။ ဘယ်လိုနည်းနဲ့လဲ။

၁။ အယူသီးမှုတွေကနေ လွတ်မြောက်။ အရာဝတ္ထုတချို့၊ နံပါတ်တချို့က ကံဆိုးစေတယ်လို့ လူအများ ယုံကြည်ထားကြတယ်။ တချို့ကျပြန်တော့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ မချခင် အရင်ဆုံး အတိတ်နိမိတ် ကောင်းမကောင်း ကြည့်ကြတယ်၊ ဇာတာခွင်ကြည့်ကြတယ်၊ နတ်ဝင်သည်တွေကို မေးမြန်းကြတယ်။

သမ္မာကျမ်းစာအမှန်တရားက လွတ်မြောက်စေပုံ– ကျမ်းစာခေတ်တုန်းက ဘုရားသခင့်လူမျိုးတချို့ဟာ အယူသီးသူတွေဖြစ်လာပြီးနောက် ကံကောင်းခြင်းဘုရား(သခင်)နဲ့ ကံကြမ္မာဘုရား(သခင်)တွေကိုတောင် ဝတ်ပြုကိုးကွယ်လာကြတယ်။ သူတို့ကို ယေဟောဝါ ဘယ်လို ရှုမြင်ခဲ့သလဲ။ “ငါ့မျက်မှောက်၌ မကောင်းသောအကျင့်ကို ကျင့်ကြ၏” လို့ ကိုယ်တော် ပြောခဲ့တယ်။ (ဟေရှာ. ၆၅:၁၁၊ ၁၂) ဘဝရှေ့ရေးအတွက် လမ်းညွှန်ပေးဖို့ နတ်ဝင်သည်တွေကို မေးမြန်းတဲ့သူတွေကိုလည်း ဘုရားသခင် ထပ်တူရှုမြင်တယ်ဆိုတာ ဒီစကားတွေက ဖော်ပြတယ်– ‘နတ်ကတော်ကို တိုင်ပင်မေးမြန်းသူတိုင်းက ယေဟောဝါအတွက် ရွံရှာဖွယ်ရာ ဖြစ်တယ်။’—တရားဟောရာ ၁၈:၁၁၊ ၁၂ကဘ။

အယူသီးခြင်းနဲ့ နတ်ဝင်သည်တွေကို မေးမြန်းတာက အန္တရာယ်ရှိတယ်။ ဘာကြောင့်လဲဆိုရင် အဲဒါတွေဟာ “မုသာရဲ့အဖ” လို့ ယေရှုခေါ်ခဲ့တဲ့ “မာရ်နတ်ရဲ့ နည်းပရိယာယ်” တွေဖြစ်လို့ပါပဲ။ (ဧဖက် ၆:၁၁။ ယောဟန် ၈:၄၄) တကယ်လို့ အရေးကြီးတဲ့ကိစ္စတစ်ခုအတွက် လမ်းညွှန်မှု လိုအပ်တယ်ဆိုရင် သင်ဟာ လူလိမ်လူညာတစ်ယောက်နဲ့ တိုင်ပင်မလား။ တိုင်ပင်မှာ မဟုတ်ပါဘူး။ အလားတူပါပဲ၊ သင်ဟာ “မုသာရဲ့အဖ” နဲ့ ပတ်သက်ဆက်နွှယ်လောက်အောင် ပညာမဲ့မှာမဟုတ်ပါဘူး။

ဘဝမှာ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ဆိုရင် ကျမ်းစာမူတွေအပြင် လူသားတွေနဲ့ပတ်သက်တဲ့ ဘုရားသခင့် ရည်ရွယ်ချက်ကို တိတိကျကျသိခြင်းအပေါ်အခြေပြုထားတဲ့ ဉာဏ်ပညာ လိုအပ်တယ်။ ဘာကြောင့်လဲဆိုတော့ “ယေဟောဝါကိုယ်တိုင် ဉာဏ်ပညာကို ပေးပြီး အသိပညာနဲ့ ပိုင်းခြားသိမြင်မှုက ကိုယ်တော့်နှုတ်ကနေ ထွက်လာလို့ပဲ။”—သု. ၂:၆

၂။ သေလွန်သူတွေကို ကြောက်ရွံ့တာကနေ လွတ်မြောက်။ သေသွားတဲ့ ဘိုးဘေးတွေရဲ့ ဝိညာဉ်တွေက အသက်ရှင်နေတဲ့သူတွေအပေါ် ဩဇာလွှမ်းမိုးနိုင်တယ်ဆိုပြီး လူများစွာက ယုံကြည်ကြတယ်။ အဲဒီဝိညာဉ်တွေ စိတ်ကျေနပ်အောင် အမျိုးမျိုးပူဇော်ပသရမယ်လို့ ယူဆကြတယ်။ ဒါကြောင့် တချို့သူတွေက ပူဇော်ပသဖို့နဲ့ ရက်ရက်ရောရော လှူဖို့အတွက် ငွေအများကြီးချေးယူကြတယ်။

သမ္မာကျမ်းစာအမှန်တရားက လွတ်မြောက်စေပုံ– သေလွန်သူတွေရဲ့ အခြေအနေမှန်ကို သမ္မာကျမ်းစာထဲမှာ ပြောထားတယ်။ ဥပမာ၊ ယေရှုက လူသေတာကို အိပ်ပျော်နေတယ်လို့ ပြောခဲ့တယ်။ (ယောဟန် ၁၁:၁၁၊ ၁၄) ကိုယ်တော် ဘာကိုဆိုလိုတာလဲ။ အဖြေကို ဒီကျမ်းစကားမှာ တွေ့နိုင်တယ်– “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။” (ဒေ. ၉:၅) ဟုတ်ပါတယ်၊ သေလွန်သူတွေဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသလိုမျိုး ဘာအသိစိတ်မှမရှိပါဘူး။ သူတို့ဟာ မတည်ရှိတော့ဘူး၊ ကျွန်ုပ်တို့အတွက် ကောင်းတာရော၊ ဆိုးတာရော မလုပ်ပေးနိုင်တော့ဘူး။

ဒါပေမဲ့ လူတချို့က လူသေတွေနဲ့ သူတို့ အဆက်အသွယ်ရှိတယ်လို့ အခိုင်အမာဆိုကြတယ်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါကိုလည်း သမ္မာကျမ်းစာက အဖြေပေးတယ်။ လူ့သမိုင်းအစမှာ ကောင်းကင်တမန်တချို့က ဘုရားသခင်ကို ပုန်ကန်ခဲ့ကြတယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။ (၂ ပေတရု ၂:၄) နတ်ဆိုးလို့ခေါ်တဲ့ အဲဒီဝိညာဉ်သတ္တဝါဆိုးတွေက လူသားတွေကို လှည့်စားဖို့ ကြိုးပမ်းနေကြတယ်။ (၁ တိမောသေ ၄:၁) သူတို့ လှည့်စားတဲ့နည်းတစ်နည်းကတော့ သေသွားတဲ့သူအယောင်ဆောင်ပြီး သေလွန်သူတွေဟာ တခြားပုံစံနဲ့အသက်ရှင်နေသေးတယ် ဒါမှမဟုတ် ဝိညာဉ်နယ်ပယ်မှာ အသက်ရှင်နေသေးတယ်ဆိုတဲ့ လိမ်ညာမှုကို အားပေးအားမြှောက်ပြုခြင်းအားဖြင့်ဖြစ်တယ်။

၃။ သေရမှာ အလွန်အမင်းကြောက်ရွံ့ခြင်းကနေ လွတ်မြောက်။ ကျမ်းစာမှာပြောထားတဲ့အတိုင်း သေခြင်းက တကယ့်ရန်သူပါပဲ။ (၁ ကောရိန္သု ၁၅:၂၆) ဒါကြောင့် ကျွန်ုပ်တို့ သေမှာကို စိုးရိမ်ကြတယ်။ မသေချင်ကြဘူး။ ဒါပေမဲ့ သေခြင်းကို အလွန်အမင်း ကြောက်ရွံ့နေစရာမလိုပါဘူး။

သမ္မာကျမ်းစာအမှန်တရားက လွတ်မြောက်စေပုံ– ကျမ်းစာမှာ လူသေတွေရဲ့အခြေအနေမှန်ကို ဖော်ပြထားတဲ့အပြင် သေလွန်သူတွေကို ရှင်ပြန်ထမြောက်ခြင်းအားဖြင့် အသက်ပြန်ရှင်စေမယ်ဆိုတဲ့ ဘုရားသခင့်ရည်ရွယ်ချက်ကိုလည်း ဖော်ပြထားတယ်။ ယေရှု ခုလိုပြောခဲ့တယ်– “သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် သားတော်[ခရစ်တော်]၏ စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လိမ့်မည်။”—ယောဟန် ၅:၂၈၊ ၂၉။ တမန်တော် ၂၄:၁၅

ဘယ်လိုပုံစံနဲ့ ထွက်လာကြမလဲ။ ဒါကို လူသေတွေကို ရှင်ပြန်ထမြောက်ပေးခြင်းအားဖြင့် ယေရှု ဖော်ပြခဲ့တယ်။ ယေရှုက သေလွန်သူတွေကို ထမြောက်အောင်လုပ်တဲ့အခါတိုင်း အဲဒီလူတွေက လူသားတွေအနေနဲ့ပဲပြန်ထလာကြပြီး သူတို့ရဲ့ နဂိုပုံစံအတိုင်းပါပဲ။ (မာကု ၅:၃၅-၄၂။ လုကာ ၇:၁၁-၁၇။ ယောဟန် ၁၁:၄၃၊ ၄၄) အဲဒီအချက်က မူရင်းဂရိစကားလုံးနဲ့လည်း အဓိပ္ပာယ်ကိုက်ညီတယ်။ “ရှင်ပြန်ထမြောက်ခြင်း” ဆိုတဲ့ ဂရိစကားလုံးရဲ့အဓိပ္ပာယ်က “မတ်တပ်ရပ်ခြင်း” ဖြစ်တယ်။ အသက်ကြီးနေပြီဖြစ်တဲ့ မိမိရဲ့ကျွန် ဒံယေလကို ဘုရားသခင် ဒီလိုပြောခဲ့တယ်– “ငြိမ်ဝပ်စွာနေရ [ဒါမှမဟုတ် သေခြင်းမှာ အိပ်ပျော်ရ] လိမ့်မည်။ နေ့ရက်ကာလကုန်စင်ပြီးမှ ကိုယ်အရိပ်အရာကိုခံ၍ ပေါ်ရ [“မတ်တပ်ရပ်ရ၊” ကဘ] လိမ့်မည်။” (ဒံယေလ ၁၂:၁၃) ဒီစကားတွေက ဒံယေလကို အလွန်နှစ်သိမ့်မှုဖြစ်စေခဲ့မှာဖြစ်ပြီး သေခြင်းကို သတ္တိရှိရှိ၊ ဂုဏ်သိက္ခာရှိရှိရင်ဆိုင်နိုင်စေခဲ့မှာဖြစ်တယ်။

ယေရှု ကမ္ဘာပေါ်လာရတဲ့အကြောင်းရင်းတစ်ခုက မှားယွင်းတဲ့ဝတ်ပြုရေးမှာ ချုပ်နှောင်ခံနေရသူတွေဖြစ်တဲ့ “သုံ့ပန်းများ လွတ်မြောက်ခွင့်ရ” အောင် ဟောပြောဖို့ ဖြစ်တယ်။ (လုကာ ၄:၁၈) ယေရှုရဲ့ သွန်သင်ချက်တွေကို ကျမ်းစာမှာတွေ့ရပြီး အဲဒီသွန်သင်ချက်တွေက လူတွေကို နေ့တိုင်း လွတ်မြောက်ခွင့်ပေးနေပါတယ်။ ကျမ်းစာအမှန်တရားအားဖြင့် သင်လည်း ထာဝစဉ်လွတ်မြောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

သင်စဉ်းစားဖူးသလား

သမ္မာကျမ်းစာအမှန်တရားက ကျွန်ုပ်တို့ကို အောက်ပါအချက်တွေကနေ ဘယ်လိုလွတ်မြောက်စေသလဲ

● အယူသီးခြင်း—ဟေရှာယ ၈:၁၉၊ ၂၀။ ၆၅:၁၁၊ ၁၂

● သေလွန်သူတွေကို ကြောက်ရွံ့ခြင်း—ဒေ. ၉:၅။ ယောဟန် ၁၁:၁၁၊ ၁၄

● သေရမှာကို ကြောက်ရွံ့ခြင်း—ယောဟန် ၅:၂၈၊ ၂၉။ တမန်တော် ၂၄:၁၅

[စာမျက်နှာ ၁၁ ပါ အကျဉ်းဖော်ပြချက်]

ကျမ်းစာအမှန်တရားက အယူသီးခြင်း၊ သေလွန်သူတွေကို ကြောက်ရွံ့ခြင်းနဲ့ သေရမှာ အလွန်အမင်း ကြောက်ရွံ့ခြင်းကနေ လူတွေကို လွတ်မြောက်စေ