မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်များအမေး

သူငယ်ချင်းလား၊ သူငယ်ချင်းထက် ပိုနေလား အပိုင်း ၁

သူငယ်ချင်းလား၊ သူငယ်ချင်းထက် ပိုနေလား အပိုင်း ၁

ဒီခေါင်းစဉ်ကိုဖတ်လိုက်တာနဲ့ သင့်စိတ်ထဲ တစ်ယောက်တည်းပေါ်လာသလား။

ပေါ်လာတယ် → ဒါဆိုရင် ဒီဆောင်းပါးကို ချက်ချင်းဖတ်ပါ။ သင်သိထားတာထက် ပိုသိဖို့ လိုနေနိုင်တယ်။

မပေါ်လာဘူး → ဘာပဲဖြစ်ဖြစ် ဒီဆောင်းပါးကို ဖတ်ပါ။ လိင်ခြားသူတွေနဲ့ အဆင်ပြေပြေ၊ ပြဿနာကင်းကင်းနဲ့ သူငယ်ချင်းအဖြစ် ပေါင်းနိုင်အောင် ဒီဆောင်းပါးက ကူညီပေးပါလိမ့်မယ်။

အောက်မှာဖော်ပြထားတဲ့အချက် မှန်သလား၊ မှားသလားဆိုတာ မှတ်သားပြပါ–

အိမ်ထောင်ပြုဖို့ဦးတည်တဲ့ သူငယ်ချင်းထက်ပိုတဲ့ဆက်ဆံရေးရှိနိုင်တဲ့အရွယ် မရောက်မချင်း လိင်ခြားသူတွေနဲ့ သူငယ်ချင်းမဖွဲ့သင့်ဘူး။

․․․․․ မှန် ․․․․․ မှား

စဉ်းစားကြည့်ပါ– ယေရှုမှာ အိမ်ထောင်ပြုဖို့ရည်ရွယ်ချက်မရှိပေမဲ့ ကိုယ်တော့်ရဲ့မိတ်ဆွေတွေထဲမှာ အမျိုးသမီးတွေပါတယ်။ (မဿဲ ၁၂:၄၆-၅၀; လုကာ ၈:၁-၃) တမန်တော်ပေါလုက တစ်ကိုယ်ရေသမားဖြစ်တဲ့ တိမောသေကို ‘ငယ်ရွယ်သောအမျိုးသမီးတို့ကို နှမများကဲ့သို့ ရိုးသားဖြူစင်စွာ ဆက်ဆံလော့’ လို့ပြောတာကိုကြည့်ရင် တိမောသေမှာလည်း အမျိုးသမီးမိတ်ဆွေတွေရှိခဲ့တာ ထင်ရှားတယ်။—၁ တိမောသေ ၅:၁၊ ၂

တိမောသေဟာ အသင်းတော်အသီးသီးမှာ အမှုဆောင်တဲ့အခါ အမျိုးသမီးငယ်များစွာနဲ့ တွေ့ဆုံရမယ်ဆိုတာကို ပေါလုသိတယ်။ (မာကု ၁၀:၂၉၊ ၃၀) တိမောသေ သူတို့နဲ့ပေါင်းတာ မှားသလား။ မမှားပါဘူး။ ဒါပေမဲ့ တိမောသေမှာ လက်ထပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိသေးတဲ့အတွက် အမျိုးသမီးငယ်တွေကို စိတ်ဝင်စားသယောင် ပြောဆိုပေါင်းသင်းတာမျိုးမဖြစ်အောင် စည်းသတ်မှတ်ထားဖို့ လိုမှာဖြစ်တယ်။ ဒီလိုမှမဟုတ်ရင် မိန်းကလေးတွေရဲ့စိတ်ခံစားချက်ကို ကစားရာရောက်သွားနိုင်တယ်။—လုကာ ၆:၃၁

သင်ကော ဘယ်လိုလဲ။ အိမ်ထောင်ပြုဖို့ တကယ်အသင့်ဖြစ်ပြီလား။

ဖြစ်ပြီ ဆိုရင် လိင်ခြားသူတွေနဲ့ ခင်မင်တာက ထာဝရအဖော်အဖက်ရွေးချယ်ရာမှာ အထောက်အကူပြုနိုင်တယ်။—သု. ၁၈:၂၂; ၃၁:၁၀

မဖြစ်သေးဘူး ဆိုရင် သင် စည်းသတ်မှတ်ထားဖို့လိုတယ်။ (ယေရမိ ၁၇:၉) အပြောလွယ်သလောက် လုပ်ဖို့ခက်တယ်မဟုတ်လား။ တကယ်ကိုခက်ပါတယ်။ အသက် ၁၈ နှစ်ရှိတဲ့ နီနာ *က ခုလိုပြောတယ်– “သူငယ်ချင်းလိုပဲ ဆက်ခင်မင်ဖို့ဆိုတာ မလွယ်ဘူး။ ဘယ်နေရာမှာ စည်းခြားထားရမယ်ဆိုတာကို သိဖို့ခက်တယ်။”

ဘာကြောင့် စည်းသတ်မှတ်ထားဖို့ လိုအပ်ရတာလဲ။ စည်းသတ်မှတ်မထားရင် သင်ရော၊ တခြားသူတွေပါ စိတ်ထိခိုက်သွားနိုင်တယ်။ အကြောင်းရင်းကို သုံးသပ်ကြည့်ပါ။

သိထားသင့်ရာ– သူငယ်ချင်းထက်ပိုတဲ့ ဆက်ဆံရေးမျိုးအတွက် သင် အဆင်သင့်မရှိသေးခင်မှာ အဲဒီစိတ်ခံစားချက်နဲ့ခင်မင်ရင် တစ်ယောက်ယောက်တော့ စိတ်ထိခိုက်မှာဖြစ်တယ်။ အသက် ၁၉ နှစ်ရှိသူ ကယ်လီ ဒီလိုပြောပြတယ်– “ကျွန်မ နှစ်ခါကြုံခဲ့ဖူးတယ်။ ပထမတစ်ခါက ကျွန်မက ကောင်လေးတစ်ယောက်ကို စိတ်ဝင်စားသွားတာ၊ နောက်တစ်ခါကတော့ တခြားကောင်လေးတစ်ယောက်က ကျွန်မကို စိတ်ဝင်စားလာတာဖြစ်တယ်။ အဲဒီနှစ်ခါစလုံးမှာ တစ်ယောက်ယောက်ကတော့ စိတ်ထိခိုက်ခဲ့ရတယ်။ ဒီနေ့အထိ စိတ်ဒဏ်ရာကျန်နေတုန်းပဲ။”

စဉ်းစားစရာအချက်တွေကတော့–

လိင်ခြားသူတွေနဲ့ ဘယ်လိုအခြေအနေတွေမှာ ပေါင်းသင့်သလဲ။ ဘယ်လိုအခြေအနေတွေမှာ မပေါင်းသင့်ဘူးလဲ။

တစ်ယောက်တည်းကိုပဲ အချိန်ပေးပေါင်းတာက ဘာကြောင့် ပညာရှိရာမကျသလဲ။ တစ်ဖက်သားက ကိုယ့်ကို ဘယ်လိုမြင်သွားနိုင်သလဲ။ သင့်ကိုယ်သင်ကော ဘယ်လိုမြင်သလဲ။

“‘ငါတို့က သူငယ်ချင်းတွေပါ။ သူက ငါ့အစ်ကိုတစ်ယောက်လိုပဲ’ လို့ဆင်ခြေတွေပေးပြီး ကိုယ့်ကိုယ်ကိုယ်လိမ်ညာမိတဲ့အခါတွေရှိတယ်။ ဒါပေမဲ့ သူက တခြားမိန်းကလေးကို စိတ်ဝင်စားတဲ့ပုံပြတဲ့အခါ ကျွန်မစိတ်ထိခိုက်ရတယ်။ ကျွန်မကိုပဲ အာရုံစိုက်စေချင်ခဲ့တာ။”—ဒနီးဇာ။

သမ္မာကျမ်းစာပြောဆိုရာ– “စဉ်းစားဉာဏ်ရှိသူတို့သည် မိမိတို့ကြုံတွေ့ရမည့်ဒုက္ခကို ကြိုတင်တွေ့မြင်၍ ရှောင်ရှားတတ်ကြ၏။ စဉ်းစားဉာဏ်မဲ့သူတို့မူကား ဒုက္ခနှင့်ထိပ်တိုက်ဝင်၍ တိုးပြီးကာမှ နောင်တရတတ်ကြလေသည်။”—သု. ၂၂:၃ခမ။

သိထားသင့်ရာ– သူငယ်ချင်းထက်ပိုတဲ့ ဆက်ဆံရေးမျိုးအတွက် သင်အဆင်သင့်မရှိသေးခင်မှာ အဲဒီစိတ်ခံစားချက်နဲ့ခင်မင်ရင် သင်တို့မိတ်ပျက်သွားနိုင်တယ်။ ၁၆ နှစ်ရှိသူကေသီ ဒီလိုပြောပြတယ်– “သူနဲ့ကျွန်မ ဖုန်းနဲ့ စာအပြန်အလှန်ပို့ကြတယ်။ ဒါပေမဲ့ သိပ်မကြာခင် သူက ကျွန်မကို စိတ်ဝင်စားသယောင်ပြောလာပေမဲ့လည်း နေ့တိုင်းလိုလို အပြန်အလှန်စာပို့ဆက်သွယ်နေခဲ့မိတယ်။ တစ်နေ့မှာတော့ သူက ကျွန်မကို သဘောကျတဲ့အကြောင်း၊ သူငယ်ချင်းထက်ပိုနေပြီဖြစ်ကြောင်း ပြောလာတယ်။ ခက်တာက ကျွန်မဘက်က သူ့အပေါ် ဘာခံစားချက်မှမရှိဘူး။ အဲဒီလိုပြောလိုက်ပြီးတဲ့နောက်မှာတော့ ကျွန်မတို့ ဆက်ဆံရေးကျဲသွားပြီး နောက်ဆုံး အဆက်အသွယ်ပြတ်သွားတော့တယ်။”

စဉ်းစားစရာအချက်တွေကတော့-

ကေသီရဲ့အဖြစ်မှာ ဘယ်သူက စိတ်ထိခိုက်ခဲ့ရသလဲ၊ ဘာကြောင့်လဲ။ ကေသီ ဒါမှမဟုတ် တစ်ဖက်သူက ဒီလိုစိတ်ထိခိုက်စရာအခြေအနေကို တားနိုင်မလား။ တားနိုင်မယ်ဆိုရင် ဘယ်လိုတားနိုင်မလဲ။

အပြန်အလှန်စာပို့တဲ့အခါ ဘယ်လိုနည်းတွေအားဖြင့် သူငယ်ချင်းထက်ပိုတယ်ဆိုတဲ့ စာသားတွေကို မရည်ရွယ်ဘဲ ဖော်ပြမိသွားနိုင်သလဲ။

“တစ်ခါတလေ ကောင်းလေးတစ်ယောက်ယောက်နဲ့ အချိန်မဖြုန်းဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ခဲ့ရတယ်။ ယောက်ျားလေးတွေက တကယ်အားကိုးရတဲ့သူငယ်ချင်းတွေဖြစ်နိုင်တယ်။ ဒါပေမဲ့ သူငယ်ချင်းထက်ပိုသွားမိလို့ သူငယ်ချင်းအဖြစ်ကနေ ဆုံးရှုံးသွားမှာကို မလိုလားဘူး။”—လော်ရယ်။

သမ္မာကျမ်းစာပြောဆိုရာ– “ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏။”—သု. ၁၄:၁၅

အဓိကအချက်– လိင်ခြားသူတွေနဲ့ ခင်မင်ပေါင်းသင်းတာက မမှားပါဘူး။ ဒါပေမဲ့ သင်ဟာ အိမ်ထောင်ပြုသင့်တဲ့အရွယ်မရောက်သေးဘူး၊ သူငယ်ချင်းထက်ပိုတဲ့ဆက်ဆံရေးမျိုးအတွက် အသင့်မဖြစ်သေးဘူးဆိုရင်တော့ စည်းသတ်မှတ်ထားဖို့လိုတယ်။

နောက်လထုတ် “လူငယ်များအမေး” မှာ

သူငယ်ချင်းထက်ပိုတဲ့ ဆက်ဆံရေးမျိုးအတွက် သင်အဆင်သင့်မရှိသေးခင် အဲဒီစိတ်ခံစားချက်နဲ့ခင်မင်ရင် သင့်ရဲ့နာမည်ပျက်နိုင်တယ်၊ ဘယ်လိုကြောင့်လဲဆိုတာ ဖတ်ကြည့်ပါ။

“လူငယ်များအမေး” အခန်းဆက်ဆောင်းပါးထဲက တခြားဆောင်းပါးတွေကို www.watchtower.org/ype မှာ တွေ့နိုင်ပါတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 13 ဒီဆောင်းပါးမှာ နာမည်တချို့ကို ပြောင်းထားပါတယ်။

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်]

သင်သာဆိုရင် ဘာလုပ်မလဲ

ဖြစ်ရပ်မှန်– “မိုင်တစ်ထောင်လောက်အကွာမှာနေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ကျွန်မ ဖုန်းနဲ့စာအပြန်အလှန်ပို့တယ်။ တစ်ပတ်တစ်ခါလောက် အဲဒီလိုအပြန်အလှန်စာပို့ခဲ့ကြတယ်။ သူ့ကို သူငယ်ချင်းလိုပဲ ခင်မင်ခဲ့သလို သူကလည်း ကျွန်မအပေါ် သူငယ်ချင်းထက် မပိုနိုင်ဘူးလို့ပဲ ထင်ခဲ့တယ်။ နောက်တော့ တစ်နေ့မှာ သူ့က ‘မိန်းမလှလေး၊ မင်းကိုငါလွမ်းလိုက်တာ။ မင်း ဘာတွေများလုပ်နေလဲ’ ဆိုပြီး စာပို့လာတယ်။ ကျွန်မ ကြောင်သွားတာပဲ။ ကျွန်မက သူ့အပေါ် သူငယ်ချင်းလိုပဲသဘောထားတာ။ အဲဒီထက်ပိုမှာမဟုတ်ဘူးလို့ သူ့ကိုပြောပြလိုက်တယ်။ ‘ကောင်းပါပြီ’ ဆိုပြီး သူ စာပြန်တယ်။ အဲဒီနောက်ပိုင်း ကျွန်မဆီ စာမပို့တော့ဘူး။”—ဂျဲနက်။

● သူငယ်ချင်းထက်ပိုတဲ့ ဆက်ဆံရေးမျိုးအတွက် သင် အဆင်သင့်မရှိသေးဘူး ဒါမှမဟုတ် အဲဒီအခြေအနေမျိုးလည်း မဖြစ်ချင်သေးဘူးဆိုရင် ဂျဲနက်လက်ခံရရှိတဲ့ စာလိုမျိုး သင်ရရှိတယ်ဆိုရင် သင်ဘယ်လိုတုံ့ပြန်မလဲ။

● သင်ဟာ ယောက်ျားလေးတစ်ဦးဖြစ်မယ်ဆိုရင် ဂျဲနက်ဆီပို့တဲ့စာကို သင့်တော်တယ်လို့ ထင်သလား။ ဘာကြောင့်လဲ။

● သင့်အနေနဲ့ဆိုရင် စာပို့တာက မျက်နှာချင်းဆိုင်စကားပြောတာထက် သူငယ်ချင်းထက်ပိုတဲ့စိတ်ခံစားချက် ပိုပေါ်လွယ်သလား။ ဘာကြောင့်လဲ။

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]

သင့်မိဘကိုမေးကြည့်နိုင်တယ်

ဒီဆောင်းပါးမှာ အမည်းရောင်အဝိုင်းနဲ့ပြထားတဲ့ မေးခွန်းတွေအပေါ် မိဘတွေရဲ့သဘောထားကို မေးကြည့်ပါ။ မိဘတွေရဲ့သဘောထားနဲ့ သင့်သဘောထား ကွဲနေသလား။ ကွဲနေတယ်ဆိုရင် ဘာကြောင့်လဲ။ မိဘတွေရဲ့အမြင်ကနေ သင် ဘာအကျိုးကျေးဇူးရနိုင်သလဲ။—သု. ၁၁:၁၄

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သင့်ရွယ်တူတွေပြောဆိုရာ

ဂျော်ရှဝါ—တစ်ယောက်ကိုပဲ အချိန်ပေးပေါင်းလေ သူ့အပေါ် ပိုပြီးတွယ်တာလာလေပဲ။

နာတီရှာ—ကိုယ်က သူငယ်ချင်းလိုပဲခင်မယ်လို့ ရည်ရွယ်ထားရင်တောင် အဲဒီသူကိုပဲ အချိန်ပေးပေါင်းမယ်ဆိုရင် တစ်ယောက်ယောက်မှာ ဒါမှမဟုတ် နှစ်ယောက်စလုံးမှာ သူငယ်ချင်းထက်ပိုတဲ့ခံစားချက်တွေ ပေါ်လာမှာပဲ။

ကယ်လ်စီ—သူငယ်ချင်းအနေနဲ့ပဲခင်မင်ဖို့ အစပြုခဲ့ရင်တောင် နှစ်ယောက်သား အချိန်အများကြီးပေးပေါင်းတဲ့အခါ ခံစားချက်တွေပြောင်းလာဖို့ အရမ်းလွယ်တယ်။ သူငယ်ချင်းအနေနဲ့ခင်မင်ဖို့ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ရင့်ကျက်ဖို့နဲ့ ပိုင်းခြားသိမြင်မှုရှိဖို့ လိုအပ်တယ်။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

သူငယ်ချင်းထက်ပိုတဲ့ ဆက်ဆံရေးမျိုးအတွက် သင် အဆင်သင့်မရှိသေးခင်မှာ အဲဒီစိတ်ခံစားချက်နဲ့ခင်မင်ရင် ဆိုးကျိုးပဲဖြစ်နိုင်