မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၁။ စျေးဝယ်တဲ့အခါ ဂရုစိုက်ပါ

၁။ စျေးဝယ်တဲ့အခါ ဂရုစိုက်ပါ

၁။ စျေးဝယ်တဲ့အခါ ဂရုစိုက်ပါ

အစားအစာတွေကို သင်ကိုယ်တိုင်စိုက်ပျိုးတာ မဟုတ်ဘူးဆိုရင် သင်စားသောက်တဲ့ အစားအစာတွေကို ဈေးကနေ၀ယ်ရမှာဖြစ်တယ်။ ဒါကြောင့် သင်ဈေး၀ယ်တဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်တဲ့အရာကို ဘယ်လိုရွေးချယ်ဝယ်ယူနိုင်မလဲ။

ဘာကိုအရင်ဝယ်မယ်ဆိုတာ ကြိုတင်စီစဉ်ထားပါ။

ဩစတြေးလျနိုင်ငံက အစားအစာနဲ့ပတ်သက်ပြီး အချက်အလက်တွေ ဖော်ပြပေးတဲ့အဖွဲ့တစ်ဖွဲ့က ဒီလိုအကြံပြုတယ်– “ကုန်ခြောက်တွေကို ဦးဆုံးဝယ်ပါ။ ရေခဲရိုက်ထားတဲ့၊ ရေခဲသေတ္တာမှာထည့်ထားတဲ့ အစားအစာတွေကို နောက်ဆုံးမှဝယ်ပါ။” ပူတဲ့အစားအစာကို ဝယ်မယ်ဆိုရင်လည်း သင် အိမ်ပြန်ခါနီးမှ၀ယ်ပါ။

လတ်လတ်ဆတ်ဆတ် အစားအစာကိုဝယ်ပါ။

ဖြစ်နိုင်မယ်ဆိုရင် လတ်လတ်ဆတ်ဆတ်အစားအစာကို ဝယ်ယူဖို့ကြိုးစားပါ။ * နိုင်ဂျီးရီးယားက ကလေးနှစ်ယောက်မိခင်ဖြစ်သူ ရုသ် ဒီလိုပြောတယ်– “အစားအစာတွေ လတ်လတ်ဆတ်ဆတ်ရှိတဲ့ မနက်စောစောအချိန်မှာပဲ ကျွန်မ ဈေးသွားတယ်။” မက္ကဆီကိုက အဲလစ်ဇဘက်က ကုန်တိုက်မှာမဟုတ်ဘဲ ရိုးရိုးဈေးမှာပဲ ဈေးဝယ်တယ်။ “ဒီဈေးတွေမှာ အသီးအရွက် လတ်လတ်ဆတ်ဆတ်တွေရနိုင်တယ်၊ ကိုယ်တိုင်လည်း ရွေးနိုင်တယ်။ ဒီနေ့မှပေါ်တဲ့ လတ်ဆတ်တဲ့အသားကိုပဲ ဝယ်တယ်။ အသားအားလုံးမချက်ဖြစ်ဘူးဆိုရင် ကျန်တဲ့အသားကို ရေခဲသေတ္တာထဲ သိမ်းလိုက်တယ်” လို့သူပြောတယ်။

အစားအစာတွေကို စစ်ဆေးပါ။

မိမိကိုယ်ကို ဒီလိုမေးပါ– ‘ကိုယ်ဝယ်မယ့်အစားအစာရဲ့ အပေါ်ယံမျက်နှာပြင်မှာ အနာအဆာရှိသလား။ အသား အနံ့ကောင်းရဲ့လား။ ထုပ်ပိုးထားတယ်ဆိုရင် အထုပ်ကိုစစ်ဆေးပါ။ အထုပ်မှာအပေါက်ရှိမယ်ဆိုရင် အဆိပ်ရှိတဲ့ ဗက်တီးရီးယားပိုးတွေ အစားအစာထဲ ဝင်နိုင်တယ်။

ဟောင်ကောင်က စူပါမားကတ်တစ်ခုမှာ ဈေးဝယ်တဲ့ ချန်ဖီ ဒီလိုပြောတယ်– “အစားအစာကိုထုပ်ပိုးထားတယ်ဆိုရင် ကုန်ဆုံးရက်ကို စစ်ဆေးဖို့လည်းလိုတယ်။” အကြောင်းကတော့ “ရက်လွန်” နေတဲ့ အစားအစာက အမြင်မှာ ကောင်းနေဦးမယ်၊ အနံ့လည်းမထွက်ဘူး၊ အရသာလည်း မပြောင်းသေးဘူးဆိုပေမဲ့ သင့်ကို ဖျားနာစေနိုင်တယ်ဆိုပြီး ပညာရှင်တွေ သတိပေးတယ်။

ထုပ်ပိုးသယ်ယူပုံကို ဂရုစိုက်ပါ။

ပြန်သုံးလို့ရတဲ့အိတ်တွေ၊ ပလတ်စတစ်ခြင်းတွေနဲ့ ဈေးဝယ်တယ်ဆိုရင် ဆပ်ပြာရေပူပူနဲ့ မကြာမကြာ ဆေးကြောပါ။ အသားနဲ့ငါးတွေကြောင့် တခြားအစားအစာတွေ ညစ်ပတ်မသွားစေဖို့ သပ်သပ်စီထုပ်ပါ။

အီတလီနိုင်ငံက အယ်ရီကိုနဲ့ လိုရန်ဒါနာ ဇနီးမောင်နှံဟာ သူတို့ရပ်ကွက်ထဲမှာပဲ ဈေး၀ယ်ကြတယ်။ “အစားအစာကို အဝေးကြီးသယ်စရာမလိုတော့ အန္တရာယ်မဖြစ်တော့ဘူး” လို့ သူတို့ရှင်းပြတယ်။ အိမ်ပြန်ရောက်ဖို့ မိနစ် ၃၀ ထက်ပိုကြာမယ်ဆိုရင် ရေခဲနေတဲ့အစားအစာတွေကို အပူ/အအေးခံတဲ့အိတ်ထဲထည့်ပါ၊ ဒါမှမဟုတ် တစ်နည်းနည်းနဲ့ ဆက်အေးနေအောင်လုပ်ပါ။

အစားအစာတွေ သင့်အိမ်ထဲရောက်လာတဲ့အခါ အန္တရာယ်ကင်းတဲ့ အစားအစာဖြစ်အောင် လုပ်ဆောင်နိုင်ပုံကို နောက်ဆောင်းပါးမှာလေ့လာပါ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 မတ် ၂၀၁၁ နိုးလော့! မှာပါတဲ့ “သော့ချက် ၁—ချင့်ချင့်ချိန်ချိန်စားပါ” ဆောင်းပါးကို ကြည့်ပါ။

[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]

သင့်ကလေးတွေကို လေ့ကျင့်ပေးပါ– “မုန့်ထုပ်တွေလိုမျိုး ထုပ်ပိုးထားတဲ့အစားအစာတွေကို မဝယ်ခင် ကုန်ဆုံးရက်ကို စစ်ဆေးကြဖို့ ကလေးတွေကို သင်ထားပေးတယ်။”—နိုင်ဂျီးရီးယားမှ ရုသ်