မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၃။ ချက်ပြုတ်သိမ်းဆည်းတဲ့အခါ ဂရုစိုက်ပါ

၃။ ချက်ပြုတ်သိမ်းဆည်းတဲ့အခါ ဂရုစိုက်ပါ

၃။ ချက်ပြုတ်သိမ်းဆည်းတဲ့အခါ ဂရုစိုက်ပါ

ရှေး ခေတ်အစ္စရေးအချိန်က ပေါ့ဆသူတစ်ယောက်က ‘သူမသိတဲ့’ တောဘူးသီးတွေကို ခူးတယ်။ ပြီးတော့ ဟင်းအိုးထဲကို အဲဒီမစားဖူးတဲ့အရာကို ထည့်ချက်ပြုတ်ခဲ့တယ်။ စားတဲ့သူတွေက ဒါဟာ အဆိပ်ရှိနိုင်တယ်ဆိုတာသိတော့ “အိုးထဲ၌သေဘေးရှိပါသည်” ဆိုပြီးအလန့်တကြားထအော်ကြတယ်။—၄ ရာ. ၄:၃၈-၄၁

ဒီဥပမာမှာဖော်ပြတဲ့အတိုင်း အစားအစာကို ပေါ့ပေါ့ဆဆချက်ပြုတ်ရင် အန္တရာယ်ရှိနိုင်သလို သေတောင်သေစေနိုင်တယ်။ အစာအဆိပ်သင့်မှုမဖြစ်အောင် ကာကွယ်ဖို့ အစားအစာကို ဂရုတစိုက်ချက်ပြုတ်သိမ်းဆည်းတတ်ရမယ်။ အောက်မှာဖော်ပြထားတဲ့ အကြံပြုချက်လေးချက်ကို သုံးသပ်ကြည့်ကြရအောင်–

ရေခဲနေတဲ့အသားကို အခန်းအပူချိန်မှာ ဒီအတိုင်းအရည်ပျော်အောင် မထားပါနဲ့။

“ရေခဲနေတဲ့အသားကို အပြင်မှာ ဒီအတိုင်း အရည်ပျော်အောင်ထားတဲ့အခါ အလယ်ကအသားက ခဲနေသေးပေမဲ့ အပြင်ဘက်ကအသားက အပူချိန် ၄ နဲ့ ၆၀ ဒီဂရီစင်တီဂရိတ်ကြားရှိနေတတ်တဲ့အတွက် အန္တရာယ်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအပူချိန်မှာဆိုရင် ပိုးတွေက အလျင်အမြန်ပေါက်ပွားတတ်လို့ဖြစ်တယ်” လို့ အမေရိကန်နိုင်ငံက စိုက်ပျိုးမွေးမြူရေးဌာနကပြောတယ်။ အဲဒါကြောင့် ခဲနေတဲ့အသားကို ဒီအတိုင်းပျော်အောင်လုပ်မယ့်အစား ရေခဲသေတ္တာထဲမှာပဲ ပျော်အောင်လုပ်ပါ၊ မိုက်ခရိုဝေ့ဖ်ထဲထည့်ပြီး ပျော်အောင်လုပ်ပါ၊ ဒါမှမဟုတ် ရေစိမ့်မဝင်နိုင်တဲ့အိတ်ထဲထည့်ပြီး ရေထဲမှာစိမ်ပြီး ပျော်အောင်လုပ်ပါ။

ကောင်းကောင်းကျက်အောင်ချက်ပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဒီလိုပြောတယ်– “အန္တရာယ်ရှိပြီး မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးအားလုံးနီးပါးဟာ ကောင်းကောင်းချက်ပြုတ်လိုက်ရင်သေသွားတယ်။” ဒါကြောင့် အစားအစာချက်ပြုတ်တဲ့အခါ အထူးသဖြင့် စွပ်ပြုတ် ဒါမှမဟုတ် ပြုတ်ချက်,ချက်တဲ့အခါ နူးနေစေပါ။ *

ချက်ပြုတ်ပြီးတာနဲ့စားပါ။

အစားအစာချက်ပြုတ်ပြီးပြီဆိုရင် ဒီအတိုင်း အကြာကြီးမထားသင့်ဘူး။ မြန်မြန်စားဖို့ ပြင်ဆင်ပါ။ ဒါက အစားအစာ မပျက်အောင်ကာကွယ်တာဖြစ်တယ်။ အေးအေးလေးစားရတဲ့ အစားအစာကို အေးနေအောင်ထားပါ၊ ပူပူလေးစားရတဲ့ အစားအစာကို ပူနေအောင် ထားပါ။ သင်ဟာ အပူချိန် ချိန်ညှိလို့ရတဲ့ မီးဖိုကို သုံးမယ်ဆိုရင် အပူချိန်ကို ၂၀၀ ဒီဂရီဖာရင်ဟိုက် (၉၃˚C) လောက်မှာ ချိန်ထားပြီး ချက်ပြီးသားအစားအစာကို မီးဖိုပေါ် တင်ထားနိုင်တယ်။ ဒါမှမဟုတ်ရင်လည်း မီးအေးအေးလေးပေါ်မှာ တင်ထားနိုင်တယ်။

ပိုနေတဲ့အစားအစာကို သေချာသိမ်းဆည်းပါ။

ပိုလန်နိုင်ငံက မိခင်တစ်ယောက်ဖြစ်တဲ့ အယ်နီတာက အစားအစာချက်ပြုတ်ပြီးတာနဲ့ တစ်ခါတည်းကျွေးလိုက်တယ်။ ဒါပေမဲ့ “ပိုတဲ့အစားအစာတွေကို နည်းနည်းစီခွဲထည့်ပြီး ခဲနေအောင် လုပ်လိုက်တယ်။ အဲဒီလိုလုပ်ထားတော့ ပြန်စားချင်တဲ့အခါ အရည်ပျော်အောင် လုပ်ရတာလွယ်တယ်” လို့ပြောတယ်။ အစားအစာကျန်နေလို့ ရေခဲသေတ္တာထဲထည့်ရတယ်ဆိုရင် သုံးလေးရက်အတွင်း စားပါ။

စားသောက်ဆိုင်မှာဆိုရင်တော့ သင်စားမယ့် အစားအစာတွေကို စားသောက်ဆိုင်က တစ်ယောက်ယောက်က ပြင်ဆင်ပေးတယ်။ အဲဒီအခါမှာ သင့်မိသားစုကို ဘယ်လိုကာကွယ်ပေးမလဲ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 တချို့အသားတွေကိုချက်ရင် ပိုကြာကြာချက်ဖို့ လိုအပ်တယ်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

သင့်ကလေးတွေကို လေ့ကျင့်ပေးပါ– “ကလေးတွေ အစားအစာချက်ပြုတ်တော့မယ်ဆိုရင် အစားအစာထည့်ထားတဲ့ အထုပ်မှာပါတဲ့ ညွှန်ကြားချက်ကိုဖတ်ပြီး အဲဒီအတိုင်းလုပ်ဖို့ ကျွန်မသူတို့ကို သတိပေးတယ်။”—ဟောင်ကောင်မှ ယွတ်လင်း