မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်များအမေး

သူငယ်ချင်းလား၊ သူငယ်ချင်းထက် ပိုနေလား အပိုင်း ၂

သူငယ်ချင်းလား၊ သူငယ်ချင်းထက် ပိုနေလား အပိုင်း ၂

ပြီးခဲ့တဲ့လကဆောင်းပါးမှာ သင် သိထားသင့်တဲ့ ဒီအချက်နှစ်ချက်ကို သုံးသပ်ခဲ့ပြီးဖြစ်တယ်။

● သူငယ်ချင်းထက်ပိုတဲ့ ဆက်ဆံရေးမျိုးအတွက် အဆင်သင့်မဖြစ်ခင်မှာ အဲဒီစိတ်ခံစားချက်နဲ့ခင်မင်ရင် သင် စိတ်ထိခိုက်မှာဖြစ်တယ်။—သု. ၆:၂၇

● သူငယ်ချင်းထက်ပိုတဲ့ ဆက်ဆံရေးမျိုးအတွက် အဆင်သင့်မဖြစ်ခင်မှာ အဲဒီစိတ်ခံစားချက်နဲ့ခင်မင်ရင် သင်တို့မိတ်ပျက်သွားနိုင်တယ်။ *သု. ၁၈:၂၄

ဒီဆောင်းပါးမှာ ဆွေးနွေးမယ့်အကြောင်းအရာက

● သူငယ်ချင်းထက် ပိုတဲ့ဆက်ဆံရေးနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ တတိယအချက်

● လိင်ခြားသူတစ်ယောက်အပေါ် သူငယ်ချင်းဆိုတဲ့ခံစားချက်ထက် ပိုနေပြီဆိုတာကိုသိနိုင်ပုံ

သိထားသင့်ရာ– သူငယ်ချင်းထက်ပိုတဲ့ ဆက်ဆံရေးမျိုးအတွက် အဆင်သင့်မဖြစ်ခင်မှာ အဲဒီစိတ်ခံစားချက်နဲ့ခင်မင်ရင် သင့်နာမည်ဂုဏ်သတင်း ထိခိုက်နိုင်တယ်။ မီယာ * ခုလိုပြောတယ်– “မိန်းကလေးသူငယ်ချင်းတွေအများကြီးရှိတဲ့ ကောင်လေးတချို့ကို ကျွန်မတွေ့ဖူးတယ်။ အများစုကတော့ မျက်နှာများသူတွေပဲ။ ကောင်မလေးတွေဘက်ကတော့ ကောင်လေးက သူတို့ကို စိတ်ဝင်စားနေပြီလို့ ထင်တာပေါ့။ ဒါပေမဲ့ ကောင်လေးကတော့ မိန်းကလေးတွေရဲ့ အာရုံစိုက်မှုခံရတာကို ပျော်နေတာ။”

စဉ်းစားစရာ အချက်ကတော့–

● သင်ဟာ ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် လိင်ခြားသူတစ်ဦးနဲ့ ရင်းနှီးလွန်းနေမယ်ဆိုရင် သင့်ဂုဏ်သတင်း ဘယ်လိုထိခိုက်နိုင်မလဲ။

“လိင်ခြားသူတစ်ဦးနဲ့ ဖုန်းနဲ့စာအပြန်အလှန်ပို့တာက အန္တရာယ်များတဲ့ထောင်ချောက်တစ်ခုပဲ။ လူတစ်ယောက်ကို စာတိုပို့တာကနေ မကြာခင်မှာပဲ လူအများကြီးဆီ စာအများကြီးပို့လာပါလိမ့်မယ်။ သင့်ကိုယ်သင် သတိမထားမိခင် သင်က ကောင်လေးသုံးယောက်လောက်နဲ့ ဆက်သွယ်နေပြီးဖြစ်လိမ့်မယ်။ သူတို့တွေကတော့ ‘ငါက သူ့အတွက် တစ်ယောက်တည်းသောသူ’ ဆိုပြီးတော့ ထင်မှာပေါ့။ ဒါပေမဲ့ အဖြစ်မှန်ကို သိသွားတဲ့အခါ သူတို့ စိတ်နာသွားမှာဖြစ်ပြီး သင်လည်း မျက်နှာများသူဆိုတဲ့နာမည် ရသွားလိမ့်မယ်။”—လာရာ။

သမ္မာကျမ်းစာပြောဆိုရာ– “ကလေးတစ်ယောက်တောင် သူ့လုပ်ရပ်က သန့်ရှင်းတယ်မသန့်ရှင်းဘူး၊ ဖြောင့်မှန်တယ်မဖြောင့်မှန်ဘူးဆိုတာ သူ့ရဲ့အမူအကျင့်တွေနဲ့ ဖော်ပြတယ်။”—သု. ၂၀:၁၁ကဘ။

အဓိကအချက်– လိင်ခြားသူနဲ့ ပေါင်းတာက မမှားပါဘူး။ ဒါပေမဲ့ စည်းမသတ်မှတ်ထားဘူးဆိုရင် သင် စိတ်ထိခိုက်နိုင်တယ်၊ မိတ်ဆွေကောင်း ဆုံးရှုံးနိုင်တယ်၊ သင့်နာမည်ဂုဏ်သတင်း ထိခိုက်နိုင်တယ်။

လိင်ခြားသူတစ်ယောက်အပေါ် သူငယ်ချင်းဆိုတဲ့ခံစားချက်ထက် ပိုနေပြီလားဆိုတာ ဘယ်လိုလုပ် သိနိုင်မလဲ။ တစ်နည်းကတော့ ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းမေးခြင်းအားဖြင့်ဖြစ်တယ်– ‘ဘယ်သူ့ကိုမှ မပြောပြတဲ့အကြောင်းအရာတွေကို သူ့ တစ်ယောက်တည်းကိုပဲ ငါ ပြောပြသလား။’ အီရင်ဆိုတဲ့ မိန်းမကလေးက ခုလိုပြောတယ်– “ကောင်လေးတစ်ယောက်က သင့်ရဲ့ သာမန်သူငယ်ချင်းဆိုရင် သူဟာ နေ့တိုင်း သင် ဦးဆုံးစကားပြောလိုတဲ့သူ၊ သတင်းထူးသတင်းဦးတွေကို သင် အရင်ဆုံးပြောပြချင်တဲ့သူ၊ အထူးသဖြင့် ခံစားချက်တွေ သက်သာစေဖို့ သင် အကူအညီတောင်းတဲ့သူ မဖြစ်သင့်ဘူး။”

စဉ်းစားစရာ အချက်ကတော့–

● ဘယ်သူ့ကိုမှ မပြောပြတဲ့အကြောင်းအရာတွေကို လိင်ခြားသူတစ်ယောက်တည်းကိုပဲ ပြောပြခြင်းက ဘာကြောင့် နှစ်သက်စရာကောင်းပုံ ပေါက်နေနိုင်သလဲ။ ဘာအန္တရာယ်တွေ ရှိသလဲ။

“ကျွန်မခင်တဲ့ ကောင်လေးတွေက ကျွန်မရဲ့ အရင်းနှီးဆုံးသူငယ်ချင်းမဟုတ်ဘူး။ သူတို့ရဲ့ရည်းစားတစ်ယောက်လို ဖုန်းနဲ့ နာရီနဲ့ချီစကားပြောတာမျိုး မလုပ်ဘူး။ တချို့အကြောင်းအရာတွေကို သူတို့နဲ့ လုံးဝမပြောဘူး။”—ရီအန်း။

သမ္မာကျမ်းစာပြောဆိုရာ– “ကိုယ့်နှုတ်ကိုစောင့်စည်း[ပါ။] . . . အာချောင်သူကတော့ ပျက်စီးရလိမ့်မယ်။”—သု. ၁၃:၃ကဘ။

သုံးသပ်ကြည့်ပါ– လိင်ခြားသူတစ်ယောက်ကို ကိုယ့်အကြောင်း လိုတာထက်ပိုပြီးပြောတာက ဆိုးကျိုးရှိနိုင်မလား။ တကယ်လို့ သင်တို့ရဲ့ခင်မင်ရင်းနှီးမှု ပျက်သွားရင်ကော။ သူ့ကို ကိုယ့်အကြောင်း အသေးစိတ်ပြောပြထားတဲ့အတွက် သင် နောင်တရမိမလား။

ဆယ်ကျော်သက်တစ်ဦးဖြစ်တဲ့ အဲလစ်ရဲ့ဒီစကားမှာ အဓိကအချက် ပေါ်လွင်နေတယ်– “တစ်ယောက်ယောက်က လိင်ခြားသူဖြစ်တာနဲ့ပဲ သူ့ကို မရှောင်ပါနဲ့။ သူငယ်ချင်းထက် ပိုနေတာကို သူငယ်ချင်းပါပဲဆိုပြီးတော့လည်း ကိုယ့်ကိုယ်ကိုယ် မညာပါနဲ့။ သင့်ခံစားချက်ကို ထိန်းချုပ်ပါ။ ဒါဆိုရင် စိတ်နာကျင်စရာများစွာကို သင် ရှောင်လွှဲနိုင်ပါလိမ့်မယ်။”

“လူငယ်များအမေး” အခန်းဆက်ဆောင်းပါးထဲက တခြားဆောင်းပါးတွေကို www.pr418.com မှာ တွေ့နိုင်ပါတယ်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 5 ထပ်ဆင့်အချက်အလက်တွေအတွက် ၂၀၁၂ ဇွန်လထုတ် နိုးလော့! စာမျက်နှာ ၁၁ ကိုကြည့်ပါ။

^ အပိုဒ်၊ 9 ဒီဆောင်းပါးပါ နာမည်တချို့ကို ပြောင်းထားပါတယ်။

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]

ဖြစ်ရပ်မှန်– “ကျွန်မမှာ သူငယ်ချင်းကောင်လေးတစ်ယောက် ရှိခဲ့တယ်။ သူနဲ့ သူငယ်ချင်းဖြစ်ရတာ တကယ်ပျော်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်မတို့စကားပြောတဲ့အချိန်တွေက ပိုပိုရှည်လျားလာခဲ့ပြီး ကိုယ်ရေးကိုယ်တာကိစ္စတွေ ပိုပိုပါလာတယ်။ ကျွန်မတို့တော်တော်လေးကို ရင်းနှီးလာခဲ့ကြတယ်၊ သူက သူ့ကိစ္စအားလုံးကို ကျွန်မကိုပြောပြတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သူ ကျွန်မအပေါ် သူငယ်ချင်းထက်ပိုတဲ့အကြောင်း အီးမေးလ်ပို့လာတယ်။ ကျွန်မ ဘာပြန်ပြောရမလဲဆိုတာ မသိခဲ့ဘူး။ ကျွန်မဘက်ကလည်း ကြိုက်တဲ့ပုံစံမျိုး ပြခဲ့ပါတယ်။ တစ်ယောက်ယောက်က ကိုယ့်ကို အထူးအလေးပေးတဲ့အခါ တကယ့်ကို ပျော်စရာကောင်းတယ်။ ဒါပေမဲ့ သူငယ်ချင်းအနေနဲ့ပဲ ဆက်ခင်လို့မရမှာကို ကျွန်မ စိုးရိမ်မိတယ်။ ဖြစ်လည်းမဖြစ်နိုင်တော့ဘူး။ သူငယ်ချင်းထက်ပိုတယ်လို့ သူ ယူမှတ်နေတယ်လေ။ ချစ်ကြိုက်ဖို့အတွက် ကျွန်မတို့က အသက်ငယ်လွန်းသေးတယ်လို့ ပြောရင်လည်း သူ စိတ်ထိခိုက်မှာ သေချာတယ်။ ဒါနဲ့ ကျွန်မမိဘတွေကို အားလုံးပြောပြလိုက်တယ်။ ကျွန်မကောင်းကျိုးအတွက်နဲ့ ကောင်လေးရဲ့ကောင်းကျိုးအတွက် ကျွန်မတို့ရဲ့ပေါင်းသင်းမှုကို ကန့်သတ်ဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာ မိဘတွေက အလေးပေးပြောပြတယ်။ ဒီအတွေ့အကြုံကနေ ကျွန်မသိလိုက်ရတာကတော့ ဆက်ဆံရေးတစ်ခုဟာ လုံးလုံးရိုးသားရာကနေ အရမ်းလေးနက်တဲ့အခြေအနေကို ရုတ်တရက် ရောက်သွားနိုင်တယ်ဆိုတာပဲ။ အဲဒီအချိန်ကနေစပြီး လိင်ခြားသူတွေနဲ့ သူငယ်ချင်းဖွဲ့တာကို ကျွန်မ တော်တော်လေး ကန့်သတ်လိုက်တယ်။ အထူးသဖြင့် ဖုန်းနဲ့ စာပို့တဲ့ကိစ္စမှာဖြစ်တယ်။ နှစ်ယောက်တည်း သီးသန့်ရှိမယ့်အစား အဖွဲ့လိုက်ပေါင်းတာက ကောင်းတယ်။ အဲဒီလို အဖွဲ့လိုက်နဲ့ဆိုတော့ ပြောဆိုတဲ့စကားတွေက ကိုယ်ပိုင်အတွင်းရေးကိစ္စတွေဘက်ကို သိပ်မရောက်တော့ဘူး၊ သိပ်လည်း ရင်းရင်းနှီးနှီးဖြစ်လာမှာ မဟုတ်တော့ဘူး။”—အယ်လီနာ။

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်]

သင့်မိဘကို မေးကြည့်နိုင်တယ်

ဒီဆောင်းပါးမှာ အမည်းရောင်အဝိုင်းနဲ့ပြထားတဲ့ မေးခွန်းတွေအပေါ် မိဘတွေရဲ့သဘောထားကို မေးကြည့်ပါ။ မိဘတွေရဲ့သဘောထားနဲ့ သင့်သဘောထား ကွဲနေသလား။ ကွဲနေတယ်ဆိုရင် ဘာကြောင့်လဲ။ မိဘတွေရဲ့အမြင်ကနေ သင် ဘာအကျိုးရနိုင်သလဲ။—သု. ၁:၈

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]

သင့်ရွယ်တူတွေ ပြောဆိုရာ

အန်ဒရေ—မိန်းကလေးတစ်ယောက်နဲ့ အချိန်များများသုံးလေ၊ သူ့အပေါ် သူငယ်ချင်းထက်ပိုတဲ့ခံစားချက်ဝင်လာဖို့ ပိုလွယ်ကူလေဖြစ်ပြီး အဲဒီမိန်းကလေးကလည်း သူ့အပေါ် သင် စိတ်ဝင်စားနေပြီလို့ ခံစားရနိုင်ခြေ ပိုများလေပဲ။ သင်ပြည့်မီချင်တဲ့ ပန်းတိုင်တွေကြောင့် လောလောဆယ် အထူးဆက်ဆံရေးတစ်ခု တည်ဆောက်လို့ မရနိုင်သေးဘူးဆိုရင် သင့်ဘက်က ကြိုးစားနေတဲ့ပုံမျိုး မပြပါနဲ့။

ကာစီဒီကျွန်မက ဖော်ဖော်ရွေရွေ နေတတ်တယ်။ ယောက်ျားလေးတွေကြားထဲမှာပဲကြီးလာခဲ့တော့ သူတို့နဲ့ပေါင်းရတာ အဆင်ပြေတယ်။ ဒါပေမဲ့ အဲဒါက အမြဲတော့ မကောင်းပါဘူး။ ကောင်လေးတစ်ယောက်ကို သူ့ကောင်မလေးပုံစံမျိုးဆက်ဆံတာ မကောင်းဘူး။ အထင်လွဲစရာတွေ ဖြစ်နိုင်တယ်။ ကောင်လေးတစ်ယောက်ကို အကို ဒါမှမဟုတ် မောင်လေးတစ်ယောက်လိုဆက်ဆံတာက အကောင်းဆုံးပဲ။

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]

မိဘများ သတိပြုစရာ

သင့်တော်တဲ့အခြေအနေမှာ လူငယ်တွေ လိင်ခြားသူတွေနဲ့ပေါင်းတာက မမှားပါဘူး။ ဒါပေမဲ့ အိမ်ထောင်ပြုဖို့ဦးတည်တဲ့ အထူးဆက်ဆံရေးမျိုး စတင်ဖို့အသင့်မဖြစ်သေးဘူးဆိုရင် စည်းသတ်မှတ်ထားဖို့ လိုပါလိမ့်မယ်။ * သူတို့အတွက် လိင်ခြားသူ သူငယ်ချင်းတစ်ယောက်က သူငယ်ချင်းသာဖြစ်သင့်ပြီး ဒီထက်မပိုသင့်ဘူး။

လူငယ်နှစ်ဦး အဆင်သင့်မဖြစ်သေးခင် သူငယ်ချင်းထက်ပိုတဲ့ခံစားချက်တွေ ဝင်လာတဲ့အခါ ဘာဖြစ်နိုင်သလဲ။ ပထမတော့ စိတ်လှုပ်ရှားမိမှာဖြစ်ပေမဲ့ သိပ်မကြာခင် စိတ်ပျက်ရပါလိမ့်မယ်။ ဒီအခြေအနေက ဘီးမရှိတဲ့ကားမှာ ထိုင်နေတာနဲ့တူတယ်။ ဒီဆက်ဆံရေးက ဘာကိုမှမဖြစ်လာစေဘူးဆိုတာ သိပ်မကြာခင် ယောက်ျားလေးရော၊ မိန်းကလေးပါ သိလာပါလိမ့်မယ်။ တချို့တွေက တိတ်တဆိတ် ချိန်းတွေ့ကြတယ်။ ဒါက စာရိတ္တပျက်တာ၊ လိမ်တာ၊ မရိုးသားတာ စတာတွေဖြစ်စေနိုင်တဲ့ ကြီးမားတဲ့ထောင်ချောက်ဖြစ်တယ်။ တချို့တွေကတော့ ပြန်ကွဲသွားကြပြီး အဲဒါက လှည့်စားခံလိုက်ရတယ်ဆိုတဲ့ခံစားချက်၊ စိတ်နာကျင်မှုအပြင် စိတ်ဓာတ်ကျတာတွေတောင် ဖြစ်စေနိုင်တယ်။ အချိန်မတန်ဘဲ အချစ်စိတ်ဝင်လာတဲ့အတွက် ဝမ်းနည်းစရာအဖြစ်မျိုးနဲ့ မကြုံရလေအောင် သင့်ဆယ်ကျော်သက်ကလေးကို သင် ဘယ်လိုကူညီပေးနိုင်ပါသလဲ။ —ဒေ. ၁၁:၁၀

အဓိကအချက်ကတော့ လိင်ခြားသူ သူငယ်ချင်းအကြောင်း လွတ်လွတ်လပ်လပ်ပြောဆိုနိုင်အောင် ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထားပေးဖို့ဖြစ်တယ်။ ဒီလိုနည်းနဲ့ သင့်ကလေးမှာ သူငယ်ချင်းထက်ပိုတဲ့ခံစားချက်မျိုး ဝင်လာတာကို သင် သိနိုင်တဲ့အပြင် အကူအညီလည်း ပေးနိုင်ပါလိမ့်မယ်။

တချို့မိဘတွေက သူတို့ကလေးကို လိင်ခြားသူ သူငယ်ချင်းတွေအကြောင်း မပြောခိုင်းသလိုမျိုးဖြစ်သွားတတ်တယ်။ လူငယ်တချို့ နိုးလော့! ကို ပြောပြတာတွေကို သုံးသပ်ကြည့်ပါ။

“ကျွန်မစိတ်ဝင်စားတဲ့သူအကြောင်း အမေ့ကို အမြဲပြောပြချင်ခဲ့ပေမဲ့ မပြောဖြစ်ခဲ့ဘူး။ ပြောသာပြောလိုက်ရင် အမေဒေါသူပုန်ထလိမ့်မယ်ထင်တယ်။”—ကာရာ။

“ကောင်လေးတစ်ယောက်ကို သဘောကျတယ်လို့ပြောတဲ့အခါ အမေက ကျွန်မ အခုပဲမင်္ဂလာဆောင်တော့မယ့်အတိုင်း ‘နင့်မင်္ဂလာပွဲကို ငါ မလာဘူး’ ဆိုပြီး ပြောတော့တာပဲ။ ‘သမီးသူငယ်ချင်းအကြောင်း ပြောပြပါဦး။ သူ့ရဲ့ ဘယ်အရည်အချင်းကို ကြိုက်တာလဲ’ လို့များမေးရင် သိပ်ကောင်းမှာပဲ။ ဒါဆိုရင် အမေပေးတဲ့အကြံဉာဏ်ကိုလက်ခံဖို့ ကျွန်မအတွက် ပိုလွယ်ကူနိုင်တယ်။”—နဒီ။

မိဘတွေဘက်က စိတ်ရှည်ရှည်နဲ့ နားထောင်ပေးပြီး လက်တွေ့ကျ အကြံဉာဏ်ကို ပေးတဲ့အခါ ဘယ်လိုထူးခြားသွားသလဲဆိုတာ သတိပြုကြည့်ပါ။

“မိဘတွေကို ကျွန်မစိတ်ဝင်စားတဲ့ကောင်လေးအကြောင်း ပြောပြတဲ့အခါ သူတို့က ဒေါသတကြီးမတုံ့ပြန်ကြဘူး။ ကျွန်မသိသင့်တဲ့အကြောင်းတွေကို သူတို့ ပြောပြကြတယ်။ ဒါပေမဲ့ ကျွန်မရဲ့ခံစားချက်ကိုလည်း သူတို့ နားလည်ပေးကြတယ်။ အဲဒီအတွက် သူတို့ပေးတဲ့အကြံဉာဏ်ကို လက်ခံရ ပိုလွယ်ကူလာတဲ့အပြင် ပိုပြီးတော့လည်း ပွင့်ပွင်းလင်းလင်း ပြောရဲလာတယ်။”—ကော်ရီနာ။

“ငယ်ငယ်တုန်းက ဘယ်သူကို သဘောကျခဲ့တယ်၊ ဘာကြောင့်အဆင်မပြေခဲ့ဘူး ဆိုတာတွေကိုတောင် မိဘတွေက ပြောပြတဲ့အခါ တစ်ယောက်ယောက်နဲ့ပတ်သက်တဲ့ ကျွန်မခံစားချက်ကိုလည်း ပြောပြဖို့ မခက်တော့ဘူး။”—လဲနက်။

အချိန်မတန်ဘဲ အချစ်စိတ်ဝင်ရတဲ့ နောက်ကွယ်မှာ ဖုံးကွယ်နေတဲ့အကြောင်းရင်းတွေ ရှိတတ်ပါတယ်။

“ကျွန်မ ကောင်လေးတစ်ယောက်နဲ့ တိတ်တဆိတ် ချိန်းတွေ့ရတဲ့အကြောင်းရင်းကတော့ သူက ကျွန်မကို ပျော်ရွှင်စေတယ်၊ ကျွန်မပြောတာကို နားထောင်ပေးတယ်။”—အန်းနက်။

“ကောင်လေးတစ်ယောက်ရှိတယ်၊ သူနဲ့ရှိနေချိန်ဆိုရင် ကျွန်မ ပျော်တယ်။ သူက ကျွန်မပြောတာတွေကို အာရုံစိုက်နားထောင်ပေးတယ်လေ။ ဒါက ကျွန်မရဲ့ ပျော့ကွက်ပါ။ ကောင်းကောင်း၊ ဆိုးဆိုး ကျွန်မပြောတာကို အာရုံစိုက်နားထောင်ပေးတာကို ကျွန်မ အရမ်းသဘောကျတယ်။”—အေမီ။

“ကျွန်မမိဘတွေက ကျွန်မက လှတယ် ဒါမှမဟုတ် ဒီဝတ်စုံလေးနဲ့ ကျွန်မ အရမ်းလိုက်တယ်လို့ တကယ့်စိတ်ရင်းနဲ့ပြောတဲ့အခါ တခြားကောင်လေးတစ်ယောက်ယောက်ဆီက ဒီလိုမှတ်ချက်မျိုးကြားဖို့ ကျွန်မအတွက် မလိုအပ်တော့ဘူး။”—ခါရန်။

သင့်ကိုယ်သင်ဒီလိုမေးကြည့်ပါ–

ကလေးတွေ ချဉ်းကပ်ရပိုလွယ်အောင် ငါဘာလုပ်နိုင်မလဲ။ —ဖိလိပ္ပိ ၄:၅

ငါဟာ ‘နားထောင်ခြင်းမှာ လျှင်မြန်ပြီး စကားပြောခြင်းမှာ နှေး’ တဲ့သူလား။—ယာကုပ် ၁:၁၉

ဆယ်ကျော်သက်ကလေးတွေ အိမ်ပြင်ပကနေ မေတ္တာနဲ့ နှစ်သက်လက်ခံမှုရလိုတဲ့ သွေးဆောင်မှုကို လျော့နည်းအောင် ငါ ဘာလုပ်ပေးနိုင်မလဲ။—ကောလောသဲ ၃:၂၁

အဓိကအချက်– လိင်ခြားသူတွေနဲ့ အဆင်ပြေပြေ၊ ပြဿနာကင်းကင်း ပေါင်းတတ်ဖို့ သင့်ကလေးတွေကို သင်ပေးပါ။ အဲဒါက လူကြီးဖြစ်လာတဲ့အခါလည်း သူတို့ကို အများကြီး ထောက်ကူပေးပါလိမ့်မယ်။—ကောလောသဲ ၃:၅; ၁ သက်သာလောနိတ် ၄:၃-၆

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 37 ဒီလထုတ်ဆောင်းပါးအပြင် နိုးလော့! ၂၀၁၂ ဇွန်လထုတ်ပါ “လူငယ်များအမေး” ဆောင်းပါးကိုလည်း ကြည့်ပါ။

[စာမျက်နှာ ၁၁ ပါ ဇယား]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

စည်းသတ်မှတ်ချက်

လုပ်မယ်

အုပ်စုလိုက် ပေါင်းခြင်း

ခင်ခင်မင်မင်နေခြင်း

စကားစမြည်ပြောဆိုခြင်း

မလုပ်ဘူး

X နှစ်ယောက်တည်းသီးသန့်ရှိနေခြင်း

X အတွင်းရေးကိစ္စ ဆွေးနွေးတိုင်ပင်ခြင်း

X အပျော်တွဲခြင်း

[စာမျက်နှာ ၁၂ ပါ ပုံကြမ်း]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

သူငယ်ချင်းအဖြစ်ပေါင်း

စိတ်ဝင်စားသယောင်ပြောဆိုပြုမူ

အတို့အထိ

လက်ကိုင်

နမ်း