မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဥရောပအရှေ့တောင်ပိုင်းမှာရှိတဲ့ ဂျော်ဂျီယာသမ္မတနိုင်ငံမှာ “လွန်ခဲ့တဲ့ဆယ်နှစ်အတွင်း ကွာရှင်းမှုနှုန်းက နှစ်ဆနီးပါးတက်လာတယ်။” ကွာရှင်းသူအများစုဟာ အသက် ၂၀ အောက်တွေ ဖြစ်ကြတယ်။—FINANCIAL, GEORGIA.

အိုင်ယာလန်နိုင်ငံမှာ အသက် ၁၁ ကနေ ၁၆ နှစ်ကြားလူငယ်တွေထဲက ၁၇ ရာခိုင်နှုန်းဟာ “အပြင်မှာ တစ်ခါမှမတွေ့ဖူးတဲ့ အွန်လိုင်းပေါ်ကလူကို ကိုယ့်ရဲ့နာမည်အပြည့်အစုံပေးကြတယ်။” ဆယ်ရာခိုင်နှုန်းက သူတို့ရဲ့ “အီးမေးလ်လိပ်စာ၊ မိုလ်ဘိုင်းဖုန်းနံပါတ် ဒါမှမဟုတ် ဓာတ်ပုံကို” ပေးကြတယ်။—THE IRISH SOCIETY FOR THE PREVENTION OF CRUELTY TO CHILDREN.

ကမ္ဘာတစ်ဝန်းမှာလောင်ကျွမ်းတဲ့ တောမီးတွေရဲ့ ၄ ရာခိုင်နှုန်းကသာ သဘာဝအလျောက် လောင်ကျွမ်းတာဖြစ်တယ်။ တခြားတောမီးတွေကတော့ လူတွေကြောင့်ဖြစ်ပြီး မတော်တဆရှို့မိတာရှိသလို တမင်သက်သက်ရှို့တာလည်းရှိတယ်။—PRESSEPORTAL, GERMANY.

“[အသက် ၁၂ နဲ့ အထက်] အမေရိကန်နိုင်ငံသား ၁၀ ယောက်မှာ တစ်ယောက်လောက်ဟာ တရားမဝင်ဆေးဝါးတွေကို ပုံမှန်သုံးစွဲနေကြတယ်။ အဲဒီထဲမှာ ဆေးခြောက်၊ ကိုကင်း၊ ဘိန်း၊ စိတ်ကယောင်ချောက်ချားဆေး သုံးတာ၊ အနံ့ပြင်းတဲ့အရာတွေကိုရှူတာ ဒါမှမဟုတ် အပျော်သက်သက်အတွက် ဆေးစာပါမှဝယ်လို့ရတဲ့ဆေးတွေကို သောက်သုံးတာတွေပါဝင်တယ်။”—USA TODAY, U.S.A.

စိတ်ချုပ်တည်းခြင်းက တည်ငြိမ်တဲ့ဘဝကိုဖြစ်စေ

“ငယ်စဉ်အချိန်မှာ ကိုယ့်စိတ်ကို ချုပ်တည်းနိုင်ခြင်းမရှိတဲ့ကလေးတွေဟာ လူကြီးဘဝမှာ ကျန်းမာရေးပြဿနာ၊ ငွေကြေးပြဿနာနဲ့ ရာဇဝတ်မှုတွေ ဖြစ်နိုင်တယ်ဆိုပြီး သုတေသီတွေ ဆိုတယ်” လို့ တိုင်းမ်မဂ္ဂဇင်းမှာ ဖော်ပြထားတယ်။ လူပေါင်း ၁,၀၀၀ ကျော်ကို မွေးစကနေ ၃၂ နှစ်အထိ လေ့လာမှုလုပ်ခဲ့ကြတယ်။ “[ငယ်စဉ်က] စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့သူ၊ အလွယ်တကူ စိတ်ရှုပ်တတ်သူ၊ ကိုယ့်အလိုပြည့်ဖို့ ဒါမှမဟုတ် ကိုယ့်အလှည့်ရောက်ဖို့ စောင့်ရတာကို စိတ်နှောင့်အယှက်ဖြစ်တဲ့သူ” က လူကြီးဖြစ်လာတဲ့အခါ ကျန်းမာရေးပြဿနာကြုံရဖို့၊ ဝင်ငွေနည်းဖို့၊ ကြင်ဖော်မဲ့မိဘဖြစ်ဖို့၊ ရာဇဝတ်မှုကျူးလွန်ဖို့အကြောင်း သုံးဆလောက်ပိုများတယ်။ ဒါပေမဲ့ “စိတ်ချုပ်တည်းဖို့ဆိုတာ သင်ယူနိုင်တယ်” လို့ အဲဒီမဂ္ဂဇင်းက ဖော်ပြပြီးနောက် အခုလို ဆက်ပြောတယ်– “ကျောင်းမှာ၊ မိသားစုမှာ ငယ်ငယ်ကတည်းက ကိုယ့်စိတ်ကိုယ်ချုပ်တည်းတတ်အောင် သင်ပေးထားခံရတဲ့ ကလေးတွေဟာ ပိုကျန်းမာတဲ့၊ ပိုတည်ငြိမ်တဲ့ လူကြီးတွေဖြစ်လာကြလိမ့်မယ်။”

စည်းကမ်းပျက်တဲ့ယာဉ်မောင်းတွေကို ပညာပေးခြင်း

အိန္ဒိယအာဏာပိုင်တွေက ယာဉ်စည်းကမ်း ဆိုးဆိုးရွားရွားချိုးဖောက်သူတွေကို ယာဉ်ထိန်းရဲတွေအဖြစ် လုပ်ဆောင်စေတဲ့ နည်းလမ်းအသစ်တစ်ခုကို သုံးနေကြတယ်။ ရည်ရွယ်ချက်က သူတို့လို စည်းကမ်းချိုးဖောက်တဲ့ယာဉ်မောင်းတွေကို ဖြေရှင်းရတာ ဘယ်လိုနေသလဲဆိုတာ သိစေဖို့ဖြစ်တယ်။ အခု အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ ဂါဂေါင်းမြို့ကရဲတွေဟာ ယာဉ်ကိုရပ်ခိုင်းပြီး ဒဏ်ရိုက်ရုံလောက်သာမဟုတ်ဘဲ ယာဉ်ထိန်းရဲနဲ့အတူ နာရီဝက် ဒါမှမဟုတ် အဲဒီထက်ပိုကြာကြာ အလုပ်လုပ်စေတယ်။ အဲဒီလိုပညာပေးခြင်းက သူတို့ရဲ့စိတ်သဘောထားကို ပြောင်းလဲစေခဲ့ကြောင်း တချို့ယာဉ်မောင်းတွေ ဝန်ခံကြတယ်။ “ဂါဂေါင်းမှာ နေ့တိုင်း အမှုတစ်ထောင်လောက်ကို ဒဏ်ရိုက်နေရတယ်။” အဲဒီအတွက် “နေ့တိုင်း လုပ်အားပေးယာဉ်ထိန်းရဲပေါင်း ၁,၀၀၀ လောက်ရှိတယ်” လို့ ဒေသခံလက်ထောက်ရဲမှူးက ပြောပြတယ်။